News

POST TYPE

ARTICLE

မြန်မာပြည် ဆိုရှယ်မီဒီယာ အဓွန့်ရှည်ပါစေ
08-Sep-2019


ဆိုရှယ်မီဒီယာထဲမှာတစ်ခု အပါအဝင်ဖြစ်တဲ့ ဖေ့စ်ဘွတ်ကို မောင်ဂျေစွဲစွဲမြဲမြဲ သုံးလာခဲ့တာ အခုဆိုရင် ရှစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ 

ဒီတော့ ဘာဖြစ်သလဲလို့ မေးစရာရှိမယ်။ ပြောရရင် ဒီရှစ်နှစ်သက်တမ်းဆိုတာ ဆိုရှယ်မီဒီယာကို ဘိန်းစွဲသလိုစွဲသွားဖို့ လုံလောက်တဲ့ကာလအပိုင်း အခြားတစ်ခုဖြစ်တယ်ဆိုတာပဲ။ “မင်းတို့ပဲ စွဲတာ။ ငါနေ့တိုင်း ဒီအရက်သောက်နေတာမစွဲဘူး”ဆိုတဲ့ ဟာသလို ပြောမယ်ဆိုရင်တော့ ရတာပေါ့လေ။ 

သူများတွေတော့မပြောတတ်ဘူး။ ဆိုရှယ်မီဒီယာကို မောင်ဂျေ စွဲစွဲလမ်းလမ်းအသုံးပြုတာမှာ အဓိက အချက်တစ်ချက်ပဲရှိတယ်။ အဲဒါက မော်ဒယ်လ် မိန်းကလေးကြီးငယ်တို့ရဲ့ အလှပုံတွေကြောင့်ပဲလို့ မရှက်တမ်းဝန်ခံရမှာပဲ။ အဲဒီမှာ တစ်နေ့ထက်တစ်နေ့ ကြည့်လို့မကုန်နိုင်တဲ့ အလှပုံတွေ၊ Sexy ပုံတွေနည်းမှ မနည်း။ တစ်နေ့ထက်တစ်နေ့ ပြိုင်ပွဲ ကျင်းပနေ သလားထင်မှတ်ရလောက်အောင် သူ့ထက်ငါ အပြိုင်အဆိုင်တင်နေကြတာ နည်းမှမနည်း။ ပုရိသတို့ မျက်လုံးအစာကျွေးရာ ဧရာမစားကျက်မြေကြီးပေါ့။

အခုလောလောဆယ် ဟော့ဖြစ်နေတာကတော့ ဟိုသူငယ်မ သင်ဇာဝင့်ကျော်ပဲ။ တစ်လောတုန်းက အတွင်းမခံတဲ့ပုံတွေထွက်လာပြီးနောက် ဝိုင်းဝေဖန်လိုက်ကြတာများ ပျစ်ပျစ်နှစ်နှစ်။ အဲဒီဝေဖန်တဲ့ လူတွေမေးကြည့် သူတို့လည်း ကြည့်ပြီးမှ ဝေဖန်ကြတာ။ မယုံမရှိနဲ့။ အဲဒီကနေ ရုပ်ရှင်အစည်းအရုံးတစ် ကျော့ပြန်ဥက္ကဋ္ဌကြီးကတောင် ခေါ်ပြီး သတိပေးတယ်လို့ သတင်းတွေကြားလိုက်သေး။ ဟော ... ပြီးခဲ့တဲ့ ရက်ကပဲ ကြည့်ကောင်းမယ့်ပုံ။ ပုရိသအများကို ဆွဲဆောင်နိုင်မယ့်ပုံတွေ သူလေးဆီကနေ ဆိုရှယ်မီဒီယာပေါ်ကို ထပ်တက်လာပြန်ပါရောလား။ 

ဒီတစ်ခါတော့ အတွင်းမခံရုံတင်မက အပြင်ပါ မခံတော့တာ။ ရေချိုးခန်းထဲမှာ အဝတ်အစားအတွင်း၊ အပြင် ဗလာကျင်းလို့ဗျာ။ ဗလာကျင်းရမှာပေါ့။ ထုတ်ကုန်က ဆပ်ပြာကြော်ငြာဆိုသကိုး။ အဲဒီတော့ လည်း မောင်ဂျေတို့ အကြိုက်ပေါ့။ အခုခေတ်စားနေတဲ့ Top Fan စစ်တမ်းသာ ကောက်ကြည့်မယ်ဆို မောင်ဂျေက သင်ဇာလေးရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ ထိပ်ဆုံးက Top Fan ဖြစ်နေမှာအသေအချာပဲ။ 

အဲသလိုတွေကနေ မောင်ဂျေရဲ့ အွန်လိုင်းသုံးတဲ့အချိန်တွေလည်း တစ်စတစ်စ တိုးတိုးလာခဲ့တယ်။ နေ့စဉ်နဲ့အမျှ ကွန်ပျူတာစခရင်နဲ့မျက်နှာ၊ ဖုန်းစခရင်နဲ့ မျက်နှာကွယ်တဲ့အချိန်၊ လစ်ဟာတဲ့အချိန်ဟာ ညအိပ်ချိန်လောက်ပဲ။ ဒါတောင် လွန်ရော၊ ကျွံရော လေးနာရီ၊ ငါးနာရီ လောက်ပဲ။ မော်ဒယ်လ်ကြီးငယ်တို့ရဲ့ အလှပုံလေးတွေ ထိုင်ကြည့်လိုက်၊ နိုတီလေး စစ်လိုက်၊ မက်ဆေ့လေးစစ်လိုက်နဲ့ တစ်နေ့တစ်နေ့ အားတယ်ရယ်လို့တောင် မရှိဘူး။ ဒီလိုနဲ့ကုန်ဆုံးသွားတဲ့နေ့ပေါင်းမနည်းဘူး။

တစ်လောတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းမီဒီယာကောင်စီဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ဆိုရှယ်မီဒီယာနဲ့ သတင်းမီဒီယာတို့အားပြိုင်နေပြီး ဘယ်သူနိုင်မလဲဆိုတာ စိတ်ဝင်စားတယ်ဆိုတဲ့ပြောဆိုချက်ကြောင့် ဒီဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီး တော်တော်လေး ပွဲဆူသွားခဲ့သေးတယ်မဟုတ်လား။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးပြောပြီး နောက်ပိုင်း မောင်ဂျေလည်း ဆိုရှယ်မီဒီယာကို အရင်ကထက်ပိုပြီး စိတ်ဝင်စားလာတယ်။ ပိုသုံးလာမိတယ်။ အရင်လို မော်ဒယ်လ်အလှပုံတွေ ကြည့်ရုံတင်မဟုတ်တော့ဘူး။ ဆိုရှယ်မီဒီယာအပေါ် စောင့်ကြည့်လေ့လာမှုတွေပါ ပါလာခဲ့ပြီ။ အရင်တုန်းက ညပိုင်း အိပ်ချိန်လေး ငါးနာရီလောက် အွန်လိုင်းမသုံးဘဲနေရာကနေ အခုဆို တစ်ရေးနိုးလည်း ထပွတ်လိုက်၊ မနက်မိုးလင်း မျက်လုံးနှစ်လုံး ပွင့်ပြီဆိုတာနဲ့ တခြားနေရာကို မကြည့်သေးဘူး။ မျက်လုံးက ဖုန်းစခရင်ပေါ်ကို တန်းရောက်တာ။ အော်တို ဆင်ဆာတပ်ထားသလားတောင် ထင်ရတယ်။ သတင်းမီဒီယာနဲ့အားပြိုင်နေတဲ့ ဆိုရှယ်မီဒီယာဟာ ဘယ်လို အခန်းကဏ္ဍတွေကနေများ သတင်းမီဒီယာ အပေါ် လွှမ်းမိုးသွားမလဲ။ အနိုင်ယူသွားမလဲဆိုတာ စောင့်ကြည့်တာ။ 

အရင်လို အလှပုံလောက်နဲ့တင် မောင်ဂျေရပ်မနေတော့ဘူး။ မောင်ဂျေဟာ အဓိပ္ပာယ်ရှိတဲ့လူတစ်ယောက် ဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ်တောင် အထင်တွေကြီးလို့။ ဟုတ်တယ်လေ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးတောင် စိတ်ဝင်စားရတဲ့ဆိုရှယ်မီဒီယာ။ အဲဒါကို စောင့်ကြည့်ရသူတစ်ဦးအဖြစ် ဘဝင်မြင့်ပြီလေ။

အဲ…အခုလို နေ့မနား၊ ညမအိပ် စောင့်ကြည့် လေ့လာလိုက်တော့ သတင်းမီဒီယာကို ကျော်လွှားသွားနိုင်မယ့်အရာ ဘာတွေတွေ့သလဲမေးစရာရှိမယ်။ တွေ့တာပေါ့။ တွေ့တာမှ မနည်းမနောဆိုသလိုပဲ။ ပထမဆုံး လေ့လာ တွေ့ရှိချက်က ကိုယ်နဲ့ လူချင်းသိ၊ ရင်းနှီးတဲ့သူတွေ၊ အပြင်မှာတွေ့ကြဆုံကြဖို့ ချိန်းတိုင်း မအားမလပ်ဖြစ်နေသူတွေ ဒီဆိုရှယ်မီဒီယာပေါ်မှာ အချိန်နဲ့ တစ်ပြေးညီတွေ့ရတယ်။ 

သူတို့ဘာလုပ်နေသလဲဆိုတာ ဖုန်းဆက်မေးစရာ မလိုဘူး။ လူသွားတွေ့ သတင်းမေးနေစရာ၊ စေ့ငု နေစရာ မလိုဘူး။ သူတို့ ဒီနေ့ဘာဟင်းနဲ့ထမင်းစားလဲ။ သူတို့တစ်နေ့ကို အိမ်သာဘယ်နှကြိမ်တက်သလဲ။ သူတို့ ရေချိုးရင် ဘာဆပ်ပြာသုံးသလဲ။ သူတို့တစ်နေ့ ဘယ်နှကြိမ်လေလည်သလဲကအစ သူတို့ကိုယ်ပွား တစ်ယောက်လို ကိုယ်တွေပါ သိစေနိုင်တာ။ ဘယ်လောက်စွမ်းလှတဲ့ ဆိုရှယ်မီဒီယာလဲ။ သတင်းမီဒီယာက ဒါမျိုးတွေ ဘယ်ဖော်ပြနိုင်မလဲ။ အဲတော့ ဒီနေရာမှာ သတင်းမီဒီယာရှုံးတယ်။ 

နောက်တွေ့ရှိချက်ကဘာလဲဆိုတော့ ဆဲနည်းပေါင်းချုပ်ပဲ။ ၃၇ မင်းထဲက နှုတ်ကြမ်း၊ အာကြမ်း၊ အဆဲကြမ်း၊ အဆဲစုံလှတဲ့ အမေကြမ်းတောင် သင်တန်း ပြန်တက်ယူရမယ်။ အမေကြမ်းလက်ဖျားခါ သွားစေမယ်။ နာရီပိုင်းလေးပဲ လေ့လာကြည့်မျက်စေ့ရှေ့မှာ မရေတွက်နိုင်တဲ့ ဆဲနည်းပေါင်းတစ်သိန်းခြောက် သောင်းလောက်ကို တစ်ထိုင်တည်းတွေ့သွားစေရမယ်။ ဒီနေရာမှာလည်း ဆိုရှယ်မီဒီယာကို သတင်း မီဒီယာကလိုက်မမီဘူး သေချာတယ်။

ဘာသာရေးနဲ့နွှယ်တဲ့ အမုန်းစကားတွေလား။ ဟောဒီ ဆိုရှယ်မီဒီယာပေါ်မှာ ရှိတယ်။ လူမျိုးရေး သွေးထိုး လှုံ့ဆော်မှုတွေလား။ ရှိတယ်။ ရှိတယ်။ ဟောဒီဆိုရှယ်မီဒီယာပေါ်မှာ တင်းပြည့်ကျပ်ပြည့်ကိုရှိတာ။ ခင်ဗျား ဘယ်အချိန်လိုချင်လဲ ထုပ်ပိုးထားပြီးသား အဆင်သင့်ပဲ။ လိုချင်တဲ့အချိန်ရအောင် ပြင်ဆင်ထားပြီးသား။ ဆီဝနေတဲ့ မီးစာလို့တောင် တင်စားခေါ်ကြတယ်။ ထုပ်ပိုးထားပြီးသား။ ၂၄ နာရီကြိုက်တဲ့အချိန် ပြောလိုက်။ မီးရှို့လိုက်ရုံပဲ။ အဲဒီလိုနည်းလမ်းတွေ သတင်းမီဒီယာမှာ ဘယ်ရှိမလဲ။ 

နောက်ထပ်ရော ဘာတွေရှိသေးသလဲ ဟုတ်လား။ ရှိသေးတာပေါ့။ လူထုကြားထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းတု၊ သတင်းယောင်တွေကို တကူးတက၊ တမင်တကာတင်ဆက်ပေးနေသူတွေ ဟောဒီဆိုရှယ် မီဒီယာပေါ်မှာ မရေမတွက်နိုင်အောင်ရှိတယ်။ လူမျိုး ရေးနဲ့ဖြစ်ဖြစ်၊ ဘာသာရေးနဲ့ဖြစ်ဖြစ် ထင်ယောင် ထင်မှားဖြစ်စေမယ့် သတင်းတုတွေ၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် သတင်းတုတွေ ဟောဒီဆိုရှယ်မီဒီယာပေါ်မှာ ထုထည်ကြီးကြီးမားမားနဲ့ကို ရှိနေတယ်။ ဒီနေရာမှာလည်း သတင်းမီဒီယာတွေက ဆိုရှယ်မီဒီယာကို လိုက်မမီပြန်ဘူး။ 

ဆိုရှယ်မီဒီယာကနောက်ထပ် လက်သံပြောင် ပြောင်ဖော်ဆောင်နိုင်တာတစ်ခုရှိသေးတယ်။ အဲဒါက Cyber Bullying လို့ခေါ်တဲ့ အွန်လိုင်းအနိုင်ကျင့်မှုပဲ။ အဲဒီဒဏ်ကို ထင်ရှားကျော်ကြားသူတွေ၊ အနုပညာရှင်တွေ ပိုခံရတယ်။ တစ်လောကပဲ သရုပ်ဆောင် ခိုင်သင်းကြည် ရဲ့ သမီးလေးအပေါ် ပျစ်ပျစ်နှစ်နှစ် ဝေဖန်တိုက်ခိုက်မှုတွေ ပြုခဲ့တယ်။ အဲဒီရှေ့နားလေးမှာက အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ်တစ်ဦး ဖြစ်သူအပေါ် ကျူးလွန်တာပဲ။ ဒီလိုအနိုင်ကျင့်မှုကြောင့် အဲဒီတစ်ယောက်ဟာ အိပ်ဆေးတွေသောက်မိတဲ့အထိဖြစ်ရတယ်။ ဆိုရှယ်မီဒီယာရဲ့ စွမ်းဆောင်ချက်တွေ ပြောပါတယ်။ 

မြန်မာအိုင်ဒေါက မောင်ဂျေ့အသည်းစွဲ ချမ်းမြေ့မောင်ချိုလေးအပေါ်လည်း Cyber Bullying ဆိုတဲ့လက်နက်ကြီးနဲ့ ဝိုင်းဝန်းပြီးတိုက်ခိုက်ခဲ့ကြသေးတယ်မဟုတ်လား။ အဲဒီရှေ့မှာဆိုရင်လည်း ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေအပေါ် ကျူးလွန်မှုများစွာ ရှိခဲ့တယ်။ ကလေးသူငယ်တွေပေါ်ကအစ ကျူးလွန်တယ်။ ဒီလိုအရေးမှာလည်း သတင်းမီဒီယာဟာ မျက်နှာလေးငယ်ပြီးနေရရှာတယ်။ ဒီအလုပ်တွေကို သူမှမလုပ်နိုင်တာ။ အဲဒီတော့ ဘာပြောပြော သတင်းမီဒီယာရှုံးတယ်။ ရှုံးတာမှ ပိုးစိုးပက်စက်ကိုရှုံးတာ။

မြန်မာပြည်ဆိုရှယ်မီဒီယာက ကောင်းကျိုးထက် ဆိုးပြစ်က ပိုများတယ်လို့ တချို့ဆိုကြတယ်။ မောင်ဂျေကတော့ အဲဒီအဆိုအပေါ် အပြင်းအထန် ကန့်ကွက်တယ်။ အခုပဲကြည့်လေ။ မောင်ဂျေလေ့လာ တွေ့ရှိသလောက် ကောင်းကွက်တွေချည်းပဲ။ စိတ်လို လက်ရကောက်ကျစ်မယ်၊ ယုတ်မာမယ်၊ မိုက်ရိုင်းမယ်၊ ခြေထိုးခံမယ်ဆိုတဲ့ မောင်ဂျေတို့လိုလူမျိုးတွေအတွက်ကတော့ မြန်မာပြည်ဆိုရှယ်မီဒီယာဆိုတာ သုံးတတ်လျှင်ဆေးဆိုတဲ့ စကားအတိုင်းပဲ။ တကယ့်ပရဆေး ဥယျာဉ်ကြီး။ သတင်းမီဒီယာတွေလိုက်မမီနိုင်တဲ့ အားသာချက်တွေသူ့မှာ တပုံတပင်ရှိတယ်။ စောင့်ကြည့်လေ့လာမိခဲ့ရာကနေ မောင်ဂျေ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေတောင် တွေ့လာသေးတယ်။ 

လူမျိုးရေး၊ ဘာသာရေး သွေးထိုး၊ လှုံ့ဆော်ပေးရမလား ငွေဘယ်လောက်ပေး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ခြေထိုးခံပေးရမလား ငွေဘယ်လောက်ပေး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် မကျေနပ်ဘူးလား။ Cyber Bullying လိုက်မယ် ငွေဘယ်လောက်ပေး။ မကျေနပ်တဲ့အဖွဲ့အစည်း ဆိုရှယ်မီဒီယာပေါ်မှာ လူတွင်ကျယ်လုပ်နေသလား။ အုပ်စုလိုက်ဝိုင်းပြီး အဆဲမိုးရွာပေးလိုက်မယ် ငွေဘယ်လောက်ပေးဆိုတဲ့ စီးပွားရေးအကွက်အကွင်းတစ်ခုတောင် ဖော်ဆောင်လိုက်လို့ရသေးတယ်။ 

ကဲ…ဘယ်လောက်ကောင်းလိုက်တဲ့ ဆိုရှယ်မီဒီယာလဲ။ ဒီနေ့ကစပြီး အဲဒီလုပ်ငန်းကို ထူထောင်ဖို့ မောင်ဂျေဆုံးဖြတ်လိုက်တယ်။ ဒီလုပ်ငန်းစုကနေ သတင်းမီဒီယာတွေ မစွမ်းနိုင်တဲ့ ဝန်ဆောင်မှုတွေကို ပေးသွားမယ်။ အဲဒီဝန်ဆောင်မှုတွေထဲမှာ ဆဲနည်းမျိုးစုံနဲ့ အမုန်းစကားဖြန့်ဝေမှု၊ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခြေထိုးမှု၊ Cyber Bullying ပြုမှုတို့ကို အော်ဒါလက်ခံသွားမှာဖြစ်တယ်။

မောင်ဂျေက အခုမှ လုပ်ဖို့၊ ကိုင်ဖို့ ဆုံးဖြတ်တာ သူများတကာက လုပ်စားလို့ အိုတောင်သေကြတော့ မယ်ထင်တယ်။ ဒါပေမဲ့လည်း ကိစ္စတော့မရှိပါဘူး။ ဒီလုပ်ငန်းစုကို အောင်မြင်စေနိုင်မယ့် အဓိကအရင်း အမြစ်ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကြီးကလည်း မကြာတော့မယ့်ကာလမှာရောက်လာတော့မှာဆိုတော့ ရွေးကောက်ပွဲကြိုကာလ ခြေထိုးတာတွေ၊ အောက်လုံးထိုးတာတွေ၊ လူမျိုးရေးခုတုံးလုပ်တာတွေ၊ ဘာသာရေးမှိုင်းတိုက်တာတွေ၊ ပုဂ္ဂိုလ်ဆိုင်ရာအပုပ်ချမှုတွေ စတဲ့ အပ်ထည်တွေက လက်မလည်အောင်ရှိနေမှာ အသေအချာပဲ။ အဲဒီတော့ ဒီလုပ်ငန်းစုကို အခုနေ စလိုက်မယ်ဆိုရင် အနေတော်လောက်ပဲ။

ကဲ ... ဒီလိုဆိုတော့ ဟိုဘက်နည်းနည်းတိုး။ ဒီမှာကြော်ငြာဝင်လိုက်ဦးမယ်။ မောင်ဂျေဦးဆောင်တဲ့ တို့မီးရှို့မီး အဖွဲ့သားများ ဆိုရှယ်မီဒီယာပေါ်မှာ ကြီးစိုးလျက်ရှိပါတယ်။ ဆဲနည်းမျိုးစုံနဲ့ အမုန်းစကားဖြန့်ဝေမှု၊ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးခြေထိုးမှု၊ Cyber Bullying ပြုမှု၊ ပုဂ္ဂိုလ်ရေးထိုးနှက်မှုတို့ကို မြန်မာမှု၊ မြန်မာ့ဟန်စစ်စစ်ဖြင့် အော်ဒါလက်ခံဆောင်ရွက်ပေး လျက်ရှိပါတယ်။ အထူးလျှော့ဈေးများဖြင့်လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကြိုတင်စာရင်း သွင်းနိုင်ကြပါပြီ။ ဒီနေ့ကစ ကြိုတင်ဘွတ်ကင်များ အွန်လိုင်းမှတစ်ဆင့် မှာယူနိုင်ကြပါပြီ။

မြန်မာပြည်ဆိုရှယ်မီဒီယာ အဓွန့်ရှည်စေကြောင်း ဇူကာဘတ်ကိုဦးထိပ်ထားလို့ ငတေမောင်ဂျေ နေ့စဉ်နဲ့အမျှ တောင်းဆုခြွေနေပါတယ်။

မောင်ဂျေ