News

POST TYPE

ARTICLE

အာရုံကြော အားနည်းခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များ
08-Sep-2019


မကြာခဏကြားရတတ်တာ ရှိပါတယ်။ အာရုံကြော အားနည်းနေတယ်တို့၊ အာရုံကြော အအေးပတ်တယ်ထင်တယ်တို့ပါ။ ဒါဟာ ဖြတ်တတ်တဲ့ ဝေဒနာမို့ စာဖတ်သူများအနေနဲ့ အာရုံကြော အားနည်းခြင်းအကြောင်းကို သိထားသင့်ပြီး ဘယ်လို ဆောင်ရန်၊ ရှောင်ရန်တွေ ရှိတယ်ဆိုတာ အကြံပြုပါဦးမယ်။ အာရုံကြော အားနည်းတယ်ဆိုတာ အလွယ်ပြောရရင် အာရုံကြောတွေ ချွတ်ယွင်းအားနည်းလာတာ ဖြစ်ပါတယ်။ အာရုံကြော အားနည်းလာတဲ့အခါ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်းမလုပ်နိုင်တော့တဲ့ သဘောပါပဲ။ 

အာရုံကြောတွေရဲ့ အဓိကတာဝန်က ဘာလဲဆိုတော့ သူက ဦးနှောက်၊ အာရုံကြောမကြီးတို့က စေ့ဆော်မှုတွေကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီ သတင်းပို့ရတာ ဖြစ်ပါတယ်။ သူတို့က အားနည်းလာတဲ့အခါ ပို့သလောက် မရောက်တော့တဲ့ သဘောပါပဲ။ ဒီမှာတင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ အပြောင်းအလဲတွေ ဖြစ်လာတော့တာပေါ့။ 

ဘာတွေဟာ အာရုံကြော အားနည်းမှုရဲ့ လက္ခဏာ တွေလဲဆိုတာ ပြောပြပါဦးမယ်။ ခြေတွေ၊ လက်တွေ လှုပ်ရှားလို့ မကောင်းဘဲ လေးလံတာ၊ စူးခနဲ၊ ပူခနဲ တစ်နေရာရာကနေ ဖြစ်နေတာ၊ တစ်ခါတလေ ထုံကျဉ်ပြီး ထိတာကို မသိတော့တာတို့ ဖြစ်တတ်ပါတယ်။ အာရုံကြောအားနည်းတဲ့အခါ အထိုင်အထတွေမှာ မိုက်ခနဲ ဖြစ်တတ်ပါတယ်။ ဆီးမမှန်တာ၊ ဝမ်းမမှန်တာ၊ အစာခြေစနစ်မှာ ပြဿနာတွေ ရှိလာပါတယ်။ အမျိုးသားတွေမှာဆို အမျိုးသားကာမ ခွန်အားနည်းလာတာမျိုးတွေ ကြုံရတတ်ပါတယ်။ မျက်နှာတစ်ခြမ်း အားနည်းသွားပြီး အကြောဆွဲတာ ဖြစ်မယ်။ မျက်စိမှိတ်ခြင်း၊ ပြုံးခြင်းစတဲ့ မျက်နှာ အမူအရာတွေ လုပ်ရာမှာ အားနည်းလာမယ်။ ခေါင်းကိုက်ခြင်း၊ သွားရည်ကျခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။ 

အာရုံကြော ဘာကြောင့် အားနည်းရသလဲဆိုရင် ကိုယ်တွင်းအင်္ဂါများကြောင့်လည်း ဖြစ်တတ်သလို၊ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ ရှိသူတွေမှာ အာရုံကြော ပြဿနာရှိတတ်ပါတယ်။ ဆီးချို ရောဂါဟာ အာရုံကြော ထိခိုက်မှုနဲ့ အလွန်ဆက်စပ်ပါတယ်။ ဆီးချိုကို အားပေးတဲ့ အစားအစာတွေဟာ အာရုံကြော အားနည်းမှုကို ဖြစ်စေတာပါပဲ။ အရက် အလွန်အကျွံသောက်တာ၊ သကြားအလွန်အကျွံ စားသုံးတာ၊ ဆေးလိပ်သောက်တာတွေကြောင့် အာရုံကြော အားနည်းနိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့အခါ ဟန်ချက်မညီဘဲ ချော်လဲတာတွေ၊ ဘာတွေ ဖြစ်တတ်ပါတယ်။

အထက်တုန်းက ဖော်ပြခဲ့တဲ့ လက္ခဏာအတော်များများ ဖြစ်လာတယ်ဆိုရင်တော့ ဆေးခန်းပြပြီး ဆရာဝန်ရဲ့ အကြံဉာဏ်ကို ယူသင့်ပါတယ်။ ဆရာဝန်ညွှန်ပြတဲ့ အာရုံကြောဆေးတွေကို ညွှန်ကြားတဲ့ ပမာဏအတိုင်း သောက်သင့်ပါတယ်။ ဆရာဆေးရဲ့ ဒီဆောင်းပါးမှာတော့ ဓာတ်စာလေးတွေကို ညွှန်ပေးသွားမှာ ဖြစ်ပါတယ်။ ရဲယိုရွက်၊ ဆင်တုံးမနွယ် တို့ဟာ အာရုံကြောအတွက် ကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ်။ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်စတဲ့ အခါးဓာတ်ပါတဲ့ အာဟာရတွေဟာ အာရုံကြောကို အားကောင်းစေပါတယ်။ နှစ်တစ်ရာသီးထွက်တဲ့ပင် ကမ္ဘာဦးပင် Gingko ရွက်ဟာ အာရုံကြောမျှင်တွေ အားကောင်းစေတယ်လို့ တရုတ်ဆေးကျမ်းများမှာ ဖော်ပြထားပါတယ်။ 

ဗီတာမင် စီဟာ အာရုံကြောကို အားဖြည့် လန်းဆန်းစေပါတယ်။ ဒါကြောင့် အချဉ်ကိုလည်း သင့်တင့်လျောက်ပတ်တဲ့ ပမာဏနဲ့ စားသောက်သင့်ပါတယ်။ ရှောက်သီး၊ သံပရာ၊ မန်ကျည်း၊ ဆီးဖြူ စတဲ့ အသီးတွေကို ဟင်းလျာထဲထည့်ပြီး စားသောက်သင့်လှပါတယ်။ ငါးဟာ အာရုံကြောကို အားကောင်းစေတဲ့ အာဟာရဖြစ်ပါတယ်။ ငါးမျိုးစုံ အထူးသဖြင့် ငါးသေးငါးမွှားလေးများကို စားသင့်လှပါတယ်။ 

ဘယ်လို နေထိုင်သင့်သလဲဆိုတာ တစ်လက်စတည်း အကြံပြုပါရစေ။ အရမ်းအအေးခံနေတာဟာ အာရုံကြောတွေအတွက် မကောင်းပါဘူး။ အအေးစာ ဖြစ်တဲ့ ဘဲသားဟာ အာရုံကြောတွေကို ထိခိုက်စေတယ်လို့ တိုင်းရင်းသမားတော်တွေက ယူဆကြပါတယ်။ ဆေးလိပ်သောက်တာ၊ အဆာခံတာ၊ ကွမ်းစားတာ တို့ဟာ ရှောင်ကြဉ်ရမယ့်အရာတွေဖြစ်ပါတယ်။ အိပ်ရေးကို ဝလင်အောင် အိပ်ရပါမယ်။ ကိုယ်လက် လှုပ်ရှားမှုလုံးဝမရှိခြင်းဟာလည်း အာရုံကြောတွေကို တုံ့ဆိုင်းအားနည်းစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အချိန်မှန်စား၊ အချိန်မှန်အိပ်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

စိတ်ဖိစီးမှုဟာလည်း အာရုံကြောတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တရားထိုင်တာ၊ သန့်ရှင်းစွာနေထိုင်တာ၊ လမ်းလျှောက်ပေးတာဟာ အာရုံကြောကို လန်းဆန်းစေပါတယ်။ 

လန်းဆန်း အားပြည့် ကြည်လင် ကျန်းမာကြပါစေ။

ဆရာဆေး