News

POST TYPE

ARTICLE

ပြည်သူအထိနာသော ရှမ်းမြောက်တိုက်ပွဲ
06-Sep-2019


ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိလာသည့်အပြင် ကုန်သွယ်ရေးပြုလုပ်သည့် ကားလမ်းမပေါ်တွင် သွားလာနေသောကားများကို မီးရှို့ဖျက်ဆီးသည်အထိ ရှိလာပြီဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် လက်နက်ကိုင်ဆောင်ထားသော တပ်ဖွဲ့နှစ်ခုအကြား အပြိုင်အဆိုင် တိုက်ခိုက်ခြင်းထက် ပြည်သူကို တိုက်ခိုက်သော တိုက်ပွဲလောဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး-ကွတ်ခိုင်-နောင်ချို အစရှိသည့် မြို့များကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းတစ်လျှောက်နှင့် အနီးတစ်ဝိုက် တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“တိုက်ပွဲတွေ ရပ်သင့်ပါပြီ။ အရပ်သားတွေပဲ ဒုက္ခရောက်နေကြတာ။ ကျွန်မတို့ ငြိမ်းချမ်းရေးရချင်ပြီ”ဟု ဆိုခဲ့သူမှာ နောင်ချိုမြို့တွင် နေထိုင်သည့် ဒေါ်စိုးစိုးမာဖြစ်သည်။

တိုက်ပွဲကြောင့် ကားလမ်းမကြီးများ၌သွား လာ၍မရတော့ခြင်း၊ မြို့ပေါ်တွင် ဈေးများပိတ်ထားသည့်အတွက် ဒေသခံများအနေနှင့် အခက်အခဲတွေ့နေကာ စီးပွားရေးထိခိုက်နေရပြီး ကျေးရွာများတွင် စားဝတ်နေရေး ခက်ခဲလာကြပြီဟုလည်း သူက ပြောပြသည်။



လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများသည် ဩဂုတ်လ ၁၅ ရက်နေ့က AA၊ TNLA၊ MNDAA  ပူးပေါင်းအဖွဲ့များ ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်ကို စတင်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရှမ်းမြောက်တစ်ခွင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသများသည် တပ်မတော်က အပစ်အခတ်ရပ်စဲရေး ကြေညာပေးထားသည့်ဒေသတွင် ပါဝင်သော်လည်း ရုတ်တရုတ် ပြင်ဦးလွင်၊ နောင်ချို၊ ကွတ်ခိုင် စသည့် ဒေသများသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းသုံးဖွဲ့က အဆိုပါတိုက်ခိုက်မှုများကို တပ်မတော်၏ ထိုးစစ်ကို တုံ့ပြန်သည့်အနေနှင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့ပြီး တပ်မတော်ဘက်ကလည်း မြောက်ပိုင်းလက်နက်ကိုင်များ၏ ဘီလီယံချီတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးခဲ့ခြင်းကြောင့် ၎င်းတို့က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။

လက်ရှိရှမ်းမြောက်တစ်ခွင် တိုက်ပွဲများသည် မြောက်ပိုင်း သုံးအဖွဲ့အနေနှင့် လားရှိုး-ကွတ်ခိုင် ပြည်ထောင်စု လမ်းမတစ်လျှောက်ကို ပိတ်ဆို့ကာ နယ်မြေစိုးမိုးရန် ကြိုးစားခဲ့သလို တပ်မတော်ကလည်း ယင်းလမ်းပိုင်းကို ပြန်လည်နယ်မြေစိုးမိုးရန် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။

အစိုးရအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တို့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၌ ဩဂုတ်လ ၃၁ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံဆွေးနွေးသည့်နေ့မှာပင် ကွတ်ခိုင်မြို့နယ်၊ မော်ဟစ်ကျေးရွာရှိ အရပ်သားနေအိမ် တစ်ခုပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ လူမမယ်သေးသည့် လသားအရွယ် ကလေးငယ်တစ်ဦး ပါဝင်ခဲ့ကာ ကလေး၏မိခင်နှင့် အခြား ၈ နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ၁၄ နှစ်အရွယ် ကျောင်းသူ တစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ရသည်။

ယင်းလက်နက်ကြီး ကျရောက်မှုကိုလည်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ နှစ်ဖက်စလုံးက အပြန်အလှန် ငြင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

ကျိုင်းတုံဆွေးနွေးပွဲသည် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးသည့်နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းသွားရန်လည်း သဘောတူညီခဲ့ကြသည်။

လက်ရှိ ပြည်သူများ ဒုက္ခရောက်နေသည့် အခြေအနေတွင် ခိုင်မာသည့် သဘောတူညီချက် Bilateral Ceasefire Agreement ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး မူအားဖြင့် သဘောတူညီချက်ရရန် ရေရှည်တိုက်ပွဲများ ပြန်လည်မဖြစ်ပွားစေရေးကို တပ်မတော်နှင့် ဆက်လက်ညှိနှိုင်းရမည့် အခြေအနေဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲအပြီး နှစ်ဖက်ပြောကြားချက်များ၊ ထုတ်ပြန်ချက်များအရ စစ်ပွဲအရှိန်လျှော့ချရေးအတွက် တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့တို့ ဆွေးနွေးမှု ရလဒ်အပေါ် မူတည်နေသည်။

တပ်မတော်ကလည်း စစ်တိုင်းဌာနချုပ် ၅ ခုတွင် အပစ်ရပ်ကြေညာထားမှုကို လာမည့် စက်တင်ဘာ လ ၂၁ရက်နေ့ထိ ထပ်မံတိုးမြှင့်ခဲ့ပြီး ထိုစစ်တိုင်းတွင် ရှမ်းမြောက်ဒေသလည်း ပါဝင်နေသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးနေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ဆောင်ရွက်နေမှုများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အပစ်ရပ်ကာလကို သက်တမ်းတိုးပေးလိုက်ခြင်းဖြစ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

အပစ်ရပ် ကြေညာထားသည့် ကာလအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ရှိ၊ မရှိမှာမူ ယင်း မြောက်ပိုင်း ၃ ဖွဲ့အပေါ်တွင် မူတည်နေကာ ယင်းအဖွဲ့များအနေနှင့် ဒေသခံပြည်သူလူထုကို အကာအကွယ်ပြု တိုက်ခိုက်ခြင်းများ မပြုလုပ်ကြရန်နှင့် အရပ်သား ပစ်မှတ်များကို တိုက်ခိုက်ခြင်းတို့ မပြုလုပ်ရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အရင် ဒီဇင်ဘာလတည်းက စတင်ခဲ့တာ အပစ်ရပ် ၉ လရှိပြီပေါ့။ ကျွန်တော်တို့ အဲဒီရက်မတိုင်မီမှာ ဆွေးနွေးကြဖို့ ခုလို သက်တမ်းတိုးပေးတာဖြစ်တယ်။ NRPC နဲ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ ဆက်လက်ပြီး ဆောင်ရွက်လို့ရအောင် သက်တမ်းတိုးပေးလိုက်တာဖြစ်တယ်။ သူတို့နဲ့ ဆွေးနွေးဖို့က ဘာတွေပြောမယ်ဆိုတာ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

အလားတူ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် အဖွဲ့ကလည်း တိုက်ပွဲလျှော့ချရေးမှာ တစ်ဖက်တည်းအပေါ် မူမတည်ဘဲ တပ်မတော်ဘက်ကလည်း လျှော့ချရန်လည်း လိုအပ်ကြောင်း AA လက်နက်ကိုင်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မီဒီယာများကို ပြောကြားခဲ့သည်။

“တိုက်ပွဲလျှော့ချမယ်ဆိုတာက နှစ်ဦး၊ နှစ်ဖက်လုံးအပေါ်မှာ မူတည်တယ်။ ကျွန်တော့်ဘက်ကပဲ သပ်သပ်ကြီး လျှော့လို့မရဘူး။ မြန်မာ့တပ်မတော်ဘက်ကလည်း မြေပြင်မှာရောက်နေတဲ့ တပ်တွေအပေါ်မှာလည်း မူတည်တယ်။ သူတို့အမိန့်ပေးတဲ့ ခေါင်းဆောင်တွေအပေါ်မှာလည်း အများကြီး မူတည်ပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။

ယင်းနောက်တွင် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့က ထိုးစစ်များကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ပူးပေါင်းထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင်တို့၏ စစ်ရေးအရှိန်လျှော့ချရေး၊ တပ်ပုံမှန်နေရာများသို့ ပြန်လည်ရောက်ရှိရေးမှာ တရုတ်နိုင်ငံ၏ နောက်ကွယ်မှ ဖိအားပေးရန် လိုအပ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းကလည်း မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များအနေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး တရုတ်-မြန်မာ ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့သည့် အခြေအနေ ကြုံတွေ့ခဲ့ရသည်။

ပြီးခဲ့သည့်ရက်က ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲအချို့ ဖြစ်ပွားနေပြီး တပ်မတော်ဘက်က လေကြောင်း တိုက်ခိုက်မှုအချို့လည်း ရှိခဲ့သည်။

အလားတူ စက်တင်ဘာလ ၄ ရက်နေ့အထိ ၅ ရက်အတွင်းတွင် ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်များက မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အစီးရေ ၃၀ ခန့် ပျက်စီးခဲ့ရသည်။

ယင်းသို့ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ဖြစ်ပွားနေခြင်းမှာ ကျိုင်းတုံဆွေးနွေးပွဲသည် ရလဒ်ကောင်း မရရှိခြင်းကြောင့်လားဟု မေးခွန်းထုတ်စရာဖြစ်နေသည်။

အများပြည်သူများ နေထိုင်သည့် နေရာများတွင် မည်သည့်လက်နက်ကိုင်အဖွဲ့မဆို တိုက်ပွဲများ မစတင်ရန်နှင့် တိုက်ပွဲများ လုံးဝရပ်တန့်သွားရန် လိုအပ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုဟောင်းဒေါင်းကလည်း ပြောကြားသည်။

“ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေသကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ လူသေမှ အာရုံစူးစိုက်မှု ခံရတယ်ဆိုပေမယ့် မသေဘဲနဲ့ ဘာမှ လုပ်လို့မရတဲ့ ဘဝတွေ အများကြီးရှိတယ်။ သွားလာလို့ မလုံခြုံတာ၊ စားဝတ်နေရေး ခက်ခဲတာ အများကြီးရှိတယ်။ လောလောဆယ်မှာတော့ တိုက်ဆိုင်လို့လား မသိဘူးပေါ့။ တွေ့ဆုံဆွေးနွေးပွဲ နောက်ရက်မှာ ရလဒ်ကောင်းလို့လားတော့ မသိဘူးပေါ့။ ရှမ်းမြောက်မှာ စစ်အရှိန် နည်းနည်းလေးတော့ လျော့လာတယ်၊ ပစ်ခတ်မှုတွေ လျော့လာတာကိုတော့ တွေ့ရတယ်ပေါ့”ဟု ၎င်းက ဆိုသည်။

ကွတ်ခိုင်တွင် လက်နက်ကြီးကျခြင်းကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး ခဲ့သည့် သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတကာမှပင် အာရုံစိုက်မှုရှိခဲ့ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့က ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များအနေနှင့် အရပ်သားများကို ဦးတည် တိုက်ခိုက်မှုနှင့် အရပ်သားမခွဲခြားဘဲ တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ အရပ်သားများကို အကာအကွယ်ပေးရေး ကတိကဝတ်ပြုရန်၊ တိုက်ပွဲရှောင် ပြည်သူများကို လုံခြုံစွာ ဖြတ်သန်းခွင့်ပြုရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုံခြုံမှုရှိရှိ အကန့်အသတ်မဲ့ သွားလာလုပ်ဆောင်ခွင့်ပြုရန် ထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီး စီးပွားရေးချွတ်ခြုံကျရတော့မည့် အနေအထားတို့ ရောက်ရှိလာပြီဖြစ်သည်။ စာသင်ကျောင်းများ ပိတ်ထားရသည်။ တိုက်ပွဲရှောင်လူအရေအတွက် တိုးလာသည်။ စားရေးသောက်ရေး ခက်ခဲလာသည်။

ထို့ကြောင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး တိုက်ပွဲများ လျှော့ချရေး၊ အပစ်အခတ်ရပ်စဲရေးတို့ကို တစ်ဆင့်ပြီးတစ်ဆင့် အမြန်လုပ်ကြရန် လိုအပ်သည်။ ထို့သို့မဟုတ်ဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေလျှင် ပြည်သူများ ပိုအထိနာနေဦးမည်ဖြစ်သည်။  

 ပွင့်ဇင်မော်ဟိန်း


  • VIA