News

POST TYPE

ARTICLE

မြစ်ကြီးနားက ပြန်ခဲ့တယ် . . .
05-Sep-2019


ဝိုင်းမော်မြို့လယ်၊ ကားလမ်းဘေးက လက်ဖက်ရည်ဆိုင်မှာ ခဏဝင်နားကြသည်။ ယခုတော့လည်း မြို့ကလေးက အစည်အကားမပျက်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ် မှာဖြစ်ပေါ်ခဲ့သည့် ကေအိုင်အေနှင့် အစိုးရတပ်များ၏ တိုက်ပွဲက မြောက်ပိုင်းကချင်ပြည်နယ်၏ အေးချမ်းမှုကို ဖျက်ဆီးပစ်လိုက်သလို စစ်ရှောင်ဒုက္ခသည်များစွာ ပေါ်ပေါက်ခဲ့သည်။ ပျက်စီးသွားသော မြို့၊ ရွာများ ယခုတိုင် ပြန်လည်အခြေမကျသေးပါ။ တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက် နောက်ပိုင်း အပစ်အခတ်ရပ်နားထားချိန်မှ အစပြု၍ မြောက်ပိုင်းမှာ တိုက်ပွဲတွေလျော့ သွားသည်။ သေနတ်သံများ တိတ်သွားသည်ဆိုသော်လည်း အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား နှစ်ဖက်သဘောတူအပစ်အခတ်ရပ်စဲရေး (Bilateral Ceasefire) လက်မှတ် မထိုးနိုင်သေးပါ။ ပြီးခဲ့သည့် နှစ်များအထိ ဝိုင်းမော်အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေခဲ့သေးသည်။ ယခုချိန်မှာတော့ မြို့က အေးအေးချမ်းချမ်းပင်။

ဝိုင်းမော်ဘက်ကမ်းက ပြန်လာတော့ မြစ်ကြီးနားမှာ နေ့လယ်စာစားကြသည်။ ဧရာဝတီကို မေးတင်ထားသော ကစ်မီစားသောက်ဆိုင်မှာ အင်ဖက်ထမင်း စားကြခြင်းဖြစ်သည်။ ဆိုင်ပိုင်ရှင် ကိုဇော်လင်းထွန်းက မိမိ၏ ဂျာနယ်ဖတ်ပရိသတ်ဖြစ်သည်။ မြစ်ကမ်းနဖူးပေါ် မေးတင်ထားသဖြင့် သူ၏ဆိုင်က နေရာကောင်းဖြစ်သည်။ ဆိုင်ပေါ်က လှမ်းကြည့်လိုက်လျှင် ဧရာဝတီကို လှမ်းမြင်နေရသည်။ နေ့လယ်ခင်းဖြစ်၍လား၊ စောနေသေး၍လားမသိ ဆိုင်မှာ လူရှင်းနေသည်။ ကိုဇော်လင်းထွန်းက “မြစ်ကြီးနားက အရင်မြစ်ကြီးနားလို မဟုတ်တော့ပါဘူး။ အရင်လို အရောင်းအဝယ် မကောင်းတော့ဘူး။ စီးပွားရေးက အားလုံးကျနေတယ်။ မြစ်ကြီးနား တစ်မြို့လုံး ဈေးဆိုင်တွေချည်းပဲ။ ဖားကန့်ကျောက်တွင်းတွေ ပိတ်လိုက်ကတည်းက။ အကောင်းဆုံး ကတော့ ၂၀၀၀ ပြည့်နှစ် တစ်ဝိုက်ပဲ။ ဟိုတုန်းက အခြေအနေမျိုး မရှိတော့ဘူး။” ကိုယ်က ခုမှ ရောက်လာသူဖြစ်သဖြင့် သူပြောသမျှကို အထူးအဆန်းဖြစ်ပြီး နားထောင်နေမိသည်။ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို သက်တမ်းမတိုးတော့သည့် နောက်ပိုင်း အလုပ်အကိုင်တွေ အဆင်မပြေတော့ဟု ဆိုချင်သည်။ ကချင်ပြည်နယ်က သယံဇာတကျိန်စာမိထားသော ပြည်နယ်ဖြစ်သည်။ 

မြေပေါ်မြေအောက် သယံဇာတ ကျောက်စိမ်း၊ ပယင်းနှင့် အင်ကြင်းကျောက်လို အဖိုးတန်ကျောက်တွေ ထွက်သလို ရွှေလည်းထွက်သည်။ အဖိုးတန် ကျွန်းသစ်ထွက်သည်။ ယခုတော့ ပုံစံအမျိုးမျိုးနှင့် ထုတ်ယူလိုက်ကြရာ ကုန်သလောက်ရှိသွားပြီ။ နာမည်ကျော် ဖားကန့်ကျောက်စိမ်းနယ်မြေ၊ ဥရုချောင်း ဝန်းကျင်တစ်ခုလုံးမှာ မြေကြီးဟောက်ပက်၊ လူလုပ်ကျင်းကြီး၊ ကျင်းငယ်များ၊ မြေစာပုံများ မြင်မကောင်းအောင် ဖြစ်နေခဲ့ပြီ။ လောဘနှင့် ကိုယ်ကျိုးစီးပွား၊ လက်နက်နှင့် အာဏာလွှမ်းမိုးရာဒေသမှာ တရားဥပဒေစိုးမိုးမှုလည်းကင်းမဲ့ခဲ့သည်။ နိုင်ငံတော်အတွက် မဟုတ်။ ကိုယ်ကျိုးအတွက် ရသလောက်ယူသည်။ ဒေသခံလက်နက်ကိုင်အဖွဲ့ရော၊ အာဏာပိုင်တွေ အတွက်ပါ မြောက်ဖျားဒေသမှာ ကိုယ်ကျိုးစီးပွား တွေရှိနေကြသည်။ 

ယခုနှစ်အတွင်း အစိုးရက ကျောက်စိမ်းလုပ်ကွက် သက်တမ်းတွေ ကန့်သတ်လိုက်တော့ ဖားကန့်ကို အမှီသဟဲပြုနေသည့် မြစ်ကြီးနားကလည်း ငြိမ်သက်သွားသည်။ အတားအဆီး အကန့်အသတ်မရှိ ထုတ်ယူခဲ့ကြစဉ်တုန်းကတော့ မြစ်ကြီးနားက အရောင်းအဝယ်များနှင့် သက်ဝင်လှုပ်ရှားစည်ကားခဲ့သည်။ တကယ်တော့ ကချင်ပြည်နယ်၏ သယံဇာတ(တစ်နည်း အားဖြင့်) မြန်မာ့သယံဇာတများက နိုင်ငံတော် ဘဏ္ဍာထဲ ရောက်ရမည့်အစား အာဏာပိုင်များ၊ ခရိုနီ များနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ အိတ်ထောင် များထဲသို့သာ ရောက်ခဲ့ရသည်။ အဖိုးတန်သယံဇာတ များကို ကျောခင်းထားသည့် ကချင်ပြည်နယ်က လူများစုကတော့ ဆင်းရဲတွင်းထဲမှာ ရှိနေတုန်း၊ လျှပ်စစ်မီးမရှိ၊ မော်တော်ကားလမ်း ကောင်းကောင်း မရှိ၊ ဆေးရုံ၊ စာသင်ကျောင်း မပြည့်မစုံနှင့် တိုက်ပွဲတွေကြားမှာ အသက်လု ရှောင်တိမ်းနေရတုန်းပဲ ဖြစ်သည်။ 

ကစ်မီ စားသောက်ဆိုင်က ပြန်ထွက်လာပြီးတော့ ဟိုတယ်ခဏပြန်ဝင်ကာ လေဆိပ်တန်းဆင်းခဲ့သည်။ ထိုနေ့က မိုးမရွာ။ လှပခမ်းနားသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီးတွေ၊ မနောကွင်းထဲ ရောင်စုံ ရိုးရာအကွက်များနှင့် မနောတိုင်၊ သစ်ပင်ရိပ်များနှင့် ကျယ်ပြန့်သော လမ်းမများနှင့် မြစ်ကြီးနားမြို့က သာသာယာယာပဲရှိသည်။ မြို့လယ်လမ်းဆုံတစ်နေရာတော့ ကချင်ပြည်နယ်၏ သင်္ကေတ၊ ကျောက်စိမ်းတုံး ကြီးတစ်တုံးကို အလှဆင်ပြသထားသည်။ မြစ်ကြီးနားနှင့် ကျောက်စိမ်း။ ကချင်ပြည်နယ်နှင့် ကျောက်စိမ်း အမှတ်လက္ခဏာ။ မြစ်ကြီးနားက ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သလို ကချင်လူမျိုးအများဆုံး နေထိုင်သော မြို့တစ်မြို့ ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နယ်မြေ ချင်းထိစပ်နေသဖြင့် မြစ်ကြီးနားတွင် တရုတ်လူမျိုး တွေအများကြီး ရှိသလားဟု ဦးသန်းဆွေကို မေးကြည့် မိသည်။ 

“တရုတ်နဲ့ နီးပေမယ့် မြစ်ကြီးနားက တရုတ်တွေက ဟိုအရင်ကတည်းက နေလာတဲ့ တရုတ်တွေ။ မန္တလေးလို ဟိုဘက်က ဝင်လာပြီးနေတဲ့ တရုတ်သိပ် မရှိဘူး” ဟု ဖြေသည်။

လေဆိပ်မှာ လေယာဉ်စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားလီဒိုစားသောက်ဆိုင်က အမေရိကန် နိုင်ငံသားလူငယ်နှင့် စကားစမြည်ပြောဖြစ်သည်။ မြစ်ကြီးနားက မြန်မာပြည်မြောက်ပိုင်းမှာတော့ အကြီးဆုံးမြို့ ဖြစ်သလို နေချင်စဖွယ်ပြည့်စုံသော မြို့တစ်မြို့ဖြစ်ကြောင်း၊ စားသောက်ဆိုင်ကောင်းကောင်းတွေ၊ ဟိုတယ်တွေ၊ ဘားတွေ၊ ညဈေးတွေနှင့် စည်ကားကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိလျှင် မြစ်ကြီးနားကအလားအလာကောင်းကြောင်း ပြောတော့ သူက တရုတ်က ဒီမှာ စီးပွားရေးဇုန်တစ်ခုလာတည်ဖို့ လုပ်နေကြောင်းပြောသည်။ သူ့ကိုအံ့အားသင့်ရသည်က အမေရိကန်နိုင်ငံသားတစ်ဦးအနေနှင့် မြစ်ကြီးနားကို လာပြီး စီပွားရေးလာလုပ်နေခြင်းဖြစ်သည်။ “ကချင် ပြည်နယ်မှာ နိုင်ငံခြားသား သိပ်မတွေ့ရဘူး။ ခင်ဗျားကို တွေ့ရတာ ထူးခြားနေတယ်”။ တကယ်တော့ မြစ်ကြီးနားက အမေရိကန်တွေနှင့် မစိမ်း။ ဒုတိယ ကမ္ဘာစစ်တုန်းက လီဒိုလမ်းမကြီးဖောက်ပေးသွားခဲ့သူမှာ အမေရိကန်စစ်ဗိုလ်ချုပ်စတီးဝဲလ်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ လီဒိုမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ မဟာမိတ်တို့၏ ထောက်ပံ့ရေးလမ်းကြောင်းမှာ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် အသုံးမပြုတော့ဘဲပစ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တွေက မြစ်ကြီးနားကို သံယောဇဉ်ရှိပုံရသည်။ မြစ်ကြီးနားမှာ လီဒိုဘားလာ ဖွင့်ထားသူ အမေရိကန်လူငယ်ကတော့ တရုတ်၏ ခြေလှမ်းမြင်သည်။ ကိုယ်တွေ မကြားဖူးသည့် တရုတ်တို့၏ မြစ်ကြီးနား နန်ဂျင်းစီးပွားရေးဇုန်အကြောင်းကို သူက ပိုသိနေသည်။

ချစ်ဝင်းမောင် (၄ - ၉ -၂၀၁၉)