News

POST TYPE

ARTICLE

ဦးရှင်ကြီးနတ်၏ ကြေညာချက်
05-Sep-2019


ရင်ဘတ်ကို စည်လိုတီး နတ်ဦးရှင်ကြီး ငိုလေပြီ ...။ 

“ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ...။ ငါ့အပိုင်စား နေရာလေးတောင်မှ ချမ်းသာမပေးကြပါလား...။

ဒင်းတို့ မမွေးခင်ကတည်းက ရေငန်တစ်ရိုး ပိုင်စံစိုးခဲ့တာ ငါဦးရှင်ကြီးပါဟဲ့ ... အဟီး ...ဟီး ...”

နတ်ဦးရှင်ကြီးက ငိုရင်း နှပ်ညစ်သည်။ သူ့ဘေးက စီးတော်ကျားနှင့် မိကျောင်းတို့ကလည်း သူ့သခင်ကို မျက်နှာငယ်လေးဖြင့် ကြည့်နေကြသည်။

နတ်ဦးရှင်ကြီးက ဦးရှင်ကြီးတင်နည်း စာအုပ်လေးကို ကြည့်ကာ အော်ငိုပြန်သည်။

“ဒင်းတို့ ပြောပြောနေတဲ့ ဥပဒေဆိုတဲ့ စာအုပ်တွေ မရှိခင်ကတည်းက ဒီစာအုပ် ရှိနေခဲ့တာပါ အရပ်ကတို့ရေ ...၊ ရေငန်ပိုင်က ငါမှ ငါ အစစ်ပါဟယ် ...”

ဟုတ်ပေသည်။ ထိုစာအုပ်နတ်ပင့်ခန်းတွင် “ရေငန်တစ်ရိုး ပိုင်စံလို့ စိုးပါတဲ့ နတ်မျိုးသခင် နတ်ဦးရှင်ကြီးခင်ဗျာ” ဟု ဖော်ပြထားလေသည်။

ခုတော့ ရေငန်ကို ဦးရှင်ကြီးပိုင်သည်ဆိုခြင်းကို ဥပဒေကြောင်းအရ အသိအမှတ်မပြုဟု ဆိုလာသည်။

သို့ဆိုလျှင် တံငါသားတို့ သူ့ကို ဘယ်မှာ ပူဇော်ပသပါတော့မည်နည်း။ ငတ်ရချေတော့မည်။

တွေးရင်းဖြင့် နတ်ဦးရှင်ကြီး မျက်ရည် တောက်တောက်ကျလာပြန်သည်။

သူက ရေငန်ပိုင်ကြီးဆိုသော်လည်း လောဘကြီးလှသူ မဟုတ်ပါ။ လောဘနည်း၍ လူတိုင်းကို စောင်မကြည့်ရှုတော်မူသော နတ်မြတ်နတ်ကောင်းဟု ခံယူထားသည့်နတ်။

သူ့ကို ကျွေးမွေးရမည်မှာ ကောက်ညှင်း၊ ငှက်ပျောသီး၊ အုန်းသီး၊ လက်ဖက်၊ ကွမ်းယာမျှသာ။

အဘယ်ကြောင့် ထိုမျှသာ ကျွေးမွေး ပူဇော်ရသည့် နတ်လိမ္မာလေး၏ ပိုင်နက်ကိုမှ ချမ်းသာမပေးကြပါသနည်း။

အော်ငိုနေ၍ မပြီး ... ။ အဖြေအတိအကျ သိရေး စနည်းနာရမည်။

သို့ဖြင့် နတ်ဦးရှင်ကြီး ကိုယ်ယောင်ဖျောက်ကာ ပင်လယ်ရွာများသို့ မျက်ရည်စမ်းစမ်း စမ်းစမ်းဖြင့် တိုင်းခန်းလှည့်တော်မူသည်။

ကြားရပါပြီ..။ တံငါရွာသားတို့အသံ။

“ပင်လယ်မှာ ဦးရှင်ကြီးက ဓားပြထက်ဆိုးတယ် ...”

အယ် ...။

“ဒီဇယ်ဆီကို ပီပါလိုက်ယူတာ၊ ငါးဆိုလည်း စားဖို့ဆိုပြီး အကောင်းဆုံးမှ လိုသလောက်ယူတာမျိုး”

ဟေ ...။

“တောင်းသလောက်မပေးရင်၊ ဟိုစစ် ဒီစစ်နဲ့ အမျိုးမျိုး ရစ်ရော ...”

အမလေးဗျာ ...။

“မထင်ရင် မထင်သလို နားရင်းရိုက်သေး။ နေပူလှန်းတာမျိုး၊ ဖားခုန် ခုန်ခိုင်းတာမျိုးကတော့ ခဏခဏလုပ်ခိုင်းလှပေါ့”

ငှယ် ...။

“တံငါလှေတွေက သူ့ပဲ ကြောက်နေရတာဗျ။ ကြောက်ဆို သူက ရေငန်တစ်ရိုး ပိုင်စိုးသူကိုး ...”

ဟယ် ...၊ လွဲနေပြီ။ တစ်ခုခုတော့ သေချာ ပေါက်ကြီးကို လွဲနေပြီ ...။

သေချာပြီ ... ။

အတု ...။ နတ်ဦးရှင်ကြီး အတုပေါ်ပြီ ...။

“အီး ...ဟီးဟီး ...၊ နတ်လေးတစ်ခါ ဖြစ်ရတာ အတုတွေပေါ်ပြီး နာမည်က ပျက်လိုက်သေး အရပ်ကတို့ရေ ...”

ငိုနေ၍ မပြီး။ ဘာလုပ်ရမည်နည်း ...။

ဟုတ်ပြီ ...။ ကြေညာချက် ထုတ်မည်။ ယခုခေတ်တွင် ထစ်ခနဲရှိ ကြေညာချက်ထုတ်သည်က ရေပန်းစားနေသည် မဟုတ်ပါလော။ ခေတ်မီသည့် နတ်ဟုပင် လူနတ်အပေါင်းက အထင်တကြီးပင် ဖြစ်ဦးမည်။ ထိုသို့ ကြေညာချက်ထုတ်ပြီးမှ သတင်းစာရှင်းလင်းပွဲပါ လုပ်မည်။
_____

“ဦးရှင်ကြီးနတ်၏ ကြေညာချက်”

၁၃၈၁ ခုနှစ် တော်သလင်းလဆန်း ၄ ရက်နေ့

၁။ ပင်လယ်ထဲ ဓားပြကဲ့သို့ လုပ်ဆောင်နေ သည်ဆိုသည်မှာ လုံးဝ အခြေအမြစ်မရှိ။ ဦးရှင်ကြီး ဓားပြတိုက်ရအောင်က ပြစရာ ဓားမှ မရှိ၊ စောင်းပဲ ရှိသည်။

၂။ ဒီဇယ်ဆီ ယူရအောင်ကလည်း ဦးရှင်ကြီး၏ စီးတော်ကျားနှင့် မိကျောင်းက ဆီထည့်မောင်းစရာ မလို။ စားဖို့ငါးယူသည်ဆိုခြင်းမှာလည်း အခြေအမြစ်မရှိ။ ကျွနု်ပ် နတ်ဖြစ်ကတည်းက သက်သတ်လွတ်စားလာသည်မှာ ယခုထိ ဖြစ်သည်။

၃။ လှေများတွင် ဟိုစစ် ဒီစစ် စစ်ဆိုသည်မှာကလည်း အခြေအမြစ်မရှိ။ ကျွနု်ပ်သည် လူ့ဘဝကတည်းက သေစာရှင်စာလောက်သာ တတ်ခဲ့သူဖြစ်ပြီး ထိုသို့ စစ်သည့်ဆေးသည့်ကိစ္စ စိတ်ဝင်စားသည့်နတ် မဟုတ်။

၄။ နှိပ်စက်ညှဉ်းပန်းဖို့ ဆိုတာကလည်း မဖြစ်နိုင်။ ယခုခေတ်တွင် ကျွနု်ပ်အား ပူဇော်ပဖို့ အရေး လူတိုင်းကို မျက်နှာချို လိုက်သွေးနေရသည့်အဖြစ်။

၅။ သို့ကြောင့် အထက်ပါကိစ္စများကို ဆောင်ရွက်နေသူများသည် ဦးရှင်ကြီးအစစ်မဟုတ်။ အတုသာ ဖြစ်သည်။

ကျွနု်ပ်သာလျှင် ရေငန်တစ်ရိုး ပိုင်စားစိုးသူ နတ်မျိုးသခင် နတ်ဦးရှင်ကြီးအစစ် ဖြစ်ပါကြောင်း။
_____
သို့သော် ကြေညာချက်ရေးပြီးနောက် သတိရ လာပြန်သည်။

သူကတော့ ရေငန်တစ်ရိုး အပိုင်စိုးပါတဲ့လို့ ပြောနေပေမယ့် သူ့ရေငန်ပိုင်ဘဝက တရားဝင်ဖြစ်၊ မဖြစ် မသေချာတော့။ လူတို့က သူ ရေငန်ပိုင်ဟု တကယ်မသတ်မှတ်တော့။

ဟို အတုများကိုသာ နတ်ဦးရှင်ကြီးဘွဲ့ အပ်နှင်းကာ ရေငန်ပိုင်အဖြစ် ဒီဇယ်၊ ငါးတို့ ပူဇော် နေကြလေပြီ။

သူတို့ကိုလည်း အပြစ်မဆိုရက်။ အတုများက တန်ခိုးထွားနေသည့်ခေတ် မဟုတ်ပေလော။

မိကျောင်းနှင့် ကျားတို့ကလည်း ရေငန်ပိုင် အရာကျ သခင့်မျက်နှာကို မော်ကြည့်ရာ နတ်ဦးရှင်ကြီး ဖြေမဆည်နိုင်။

ရင်ဘတ်ကို စည်လိုတီး နတ်ဦးရှင်ကြီး ငိုရပြန်လေပြီ ...။

“ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ ... ။ ငါ့အပိုင်စား နေရာလေးတောင်မှ ချမ်းသာ မပေး ကြပါလား ...၊ ဒင်းတို့ မမွေးခင်ကတည်းက ရေငန်တစ်ရိုး ပိုင်စံစိုးခဲ့တာ ငါဦးရှင်ကြီးပါဟဲ့ ... အဟီး...ဟီး ...”

မူးဆေးအိုး