News

POST TYPE

ARTICLE

ပါရီကျဆုံးခန်းနှင့် မြသန်းတင့် ( ၃ )
03-Sep-2019


ယခုကဏ္ဍသည် မြန်မာနိုင်ငံစာရေးဆရာကြီးများနှင့်ပတ်သက်၍ စာပေထုတ်ဝေရေးလောကတွင် နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းခဲ့ဖူးသူ ထုတ်ဝေသူတစ်ဦး၏ ကိုယ်တွေ့အတွေ့အကြုံများ၊ အမှတ်တရများနှင့် အတွေးအမြင်များကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးဆရာတစ်ဦးချင်းစီအတွက် ၎င်းရေးသားထားသော စာစုများကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ (အယ်ဒီတာ)

တစ်ခါမှာတော့ ဆရာ့ကို ကျွန်တော် မေးမိပါတယ်။ ဆရာ၊ အန်နာကရယ်နီနာကို ဘာလို့ ဘာသာမပြန်တာလဲ။ စာပေ အကဲဖြတ်ဆရာ တချို့က လီယိုတော်လ်စတွိုင်းရဲ့ ဝတ္ထုတွေထဲမှာ အန်နာကရယ်နီနာဝတ္ထုဟာ စစ်နှင့်ငြိမ်းချမ်းရေးထက်တောင် ပိုပြီး စာပေအရာမြောက်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အန်နာကရယ်နီနာကို ဆရာ ဘာလို့မပြန် တာလဲလို့ စိတ်ဝင်တစားမေးမိတာပါ။

ကျွန်တော့် မေးခွန်းကို ဆရာက ချက်ချင်းပြန်မဖြေပါဘူး။ ခဏစဉ်းစားနေပြီးမှ အန်နာကရယ်နီနာကို ကျွန်တော်သိပ်ကြိုက်တယ်၊ ပြန်ဖို့လည်း ခဏ ခဏ စဉ်းစားတယ်၊ ဒါပေမဲ့ သူ့ဝတ္ထုရဲ့အစ အဖွင့်စာကြောင်း ကိုပြန်ဖို့ ကြိုးစားတိုင်း ကျွန်တော် စိတ်တိုင်းမကျဘူး၊ စာရေးဆရာက သည်အဖွင့် စာကြောင်းတစ်ကြောင်းတည်းနဲ့ လောကကြီးရဲ့အကြောင်း သူ ရေးပြချင်တာကို ပေါ်လွင်အောင် ရေးထားတာဗျ၊ သည်စာကြောင်းက လွယ်လွယ်လေးပါ၊ ဒါပေမဲ့ ကျွန်တော် သည်စာကြောင်းကို မိအောင် မပြန်နိုင်ဘူးလို့ အမြဲတမ်းခံစားရတယ်၊ ဒါကြောင့် ကျွန်တော် ခုထိ သည်စာအုပ်ကို မပြန်ဖြစ်သေးတာပါ၊ တစ်နေ့နေ့တော့ ပြန်ရင်လည်း ပြန်ဖြစ်မှာပါ။

ဆရာ မြသန်းတင့်က သည်လိုမျိုး ပြောခဲ့တာပါ။ တခြားလူတွေကို သူပြောမပြော ကျွန်တော် သေချာမသိပေမယ့် ကျွန်တော့်ကိုတော့ ဆရာပြောခဲ့ပါတယ်။ ဆရာပြောပြီး နောက်မှ သည်စာကြောင်းကို ကျွန်တော်လည်း ရှာဖတ်ကြည့်ပါတယ်။ ဆရာပြောခဲ့သလိုပဲ သည်စာကြောင်းရဲ့ လေးနက်မှုကို ခံစားရပါတယ်။ သည်စကားကို ကျွန်တော် အမှတ်တရ ရှိခဲ့တဲ့အတွက် ကျွန်တော်နှင့် ရင်းနှီးတဲ့ တခြားလူတွေကိုလည်း ပြန်ပြောပြဖူးပါတယ်။ ကျွန်တော် ပြောပြမိတဲ့လူတွေထဲမှာ ဆရာမောင်ပေါ်ထွန်းလည်း ပါပါတယ်။

ဆရာက အန်နာကရယ်နီနာကို မပြန်ဖြစ်ပေမယ့် အမှီးဝတ္ထုအဖြစ်နှင့် ၁၉၆၁ ခုနှစ်ကတည်းက “မမ” ကို ရေးခဲ့ဖူးပါတယ်။ “မမ” ရဲ့ အဖွင့်ကို ဖတ်ကြည့်တော့လည်း သည်စာကြောင်းကို ချန်လှပ်ထားခဲ့တာပါ။

သည်နေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ ပြောချင်တာလေး တစ်ခုရှိပါတယ်။ Anna Karenina ကို ဆရာတင်မောင်မြင့်က အင်နာကာရနီနာဆိုတဲ့ နာမည်နှင့် ဘာသာပြန်ဆိုပြီး ၂၀၁၀ ဩဂုတ်လမှာ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ရဲ့ အမှာစာမှာ ဆရာက ခုလို ရေးခဲ့ပါတယ်။

... ဆရာပေါ်ကို ကျွန်တော် မေးရတော့၏။

“အင်နာကာရနီနာကို ဆရာမြ ဘာလို့ မပြန်တဲ့အကြောင်း ကျွန်တော့်ကို အစ်ကိုပြောဖူးတယ်နော်”

“ဟုတ်တယ်လေ၊ ပထမစာကြောင်းကို မပြန်တတ်လို့တဲ့၊ ဘဝတက္ကသိုလ် ကိုနေဝင်းက အဲဒီလို ပြောဖူးတာပဲ”

အပိုင်း ၁၊ အခန်း ၁ ပထမ စာကြောင်းမှာ 

All happy families are alike, each unhappy family is unhappy in its own way. ဟူ၍ ဖြစ်ပါသည်။ ဆရာမြ မပြန်ဖြစ်သည့် သတင်းကို ကျွန်တော် မယုံနိုင်ပါ။ အခြားအကြောင်း ရှိလိမ့်မည်ထင်သည်။

ဤသို့ဖြင့် တစ်နေ့တွင် ဆရာ နတ်နွယ်နှင့် တောအကြောင်း တောင်အကြောင်း ထိုင်ပြောရင်း ကျွန်တော် မေးကြည့်သည်။

“ဆရာ၊ အင်နာကာရနီနာကို ဆရာမြ ဘာလို့ ပြန်မသွားတာလဲ၊ ပထမစာကြောင်း မပြန်တတ်လို့လို့ ကြားဖူးတယ်၊ ဖြစ်နိုင်ပါ့မလား ဆရာ”

ဆရာက ခဏ တွေစဉ်းစားပြီး

“ကိုမြသန်း ကျွန်တော့်ကိုပြောတာ အဲဒီလို မဟုတ်ပါဘူး၊ ပြင်သစ်စကားလုံး ညှပ်ထည့်တာ သိပ်များလို့တဲ့၊ စစ်နှင့် ငြိမ်းချမ်းရေးမှာထက် များတယ်တဲ့”

သည်အမှာစာကို ကျွန်တော်ဖတ်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ပထမအချက်၊ ဆရာမြ အဖွင့်စာကြောင်း မပြန်တတ်လို့ သည်စာအုပ်ကြီး မပြန်ခဲ့တာလို့ ကျွန်တော်က ပြောခဲ့တယ်။

ဒုတိယ အချက်၊ ပြင်သစ် စကားလုံး ညှပ်ထည့်တာများလို့ မပြန်ခဲ့တာ။ ဒုတိယအချက်က ကျွန်တော်နှင့် မဆိုင်ပါ။

ဆရာနတ်နွယ်ကို ပြောခဲ့၊ မပြောခဲ့ ကျွန်တော်လည်း မသိပါ။ ပထမ အချက်ကတော့ ကျွန်တော်နှင့် တိုက်ရိုက် သက်ဆိုင်ပါတယ်။ သည်အမှာစာကို ဖတ်ရတော့ ဆရာ မောင်ပေါ်ထွန်းကို ကျွန်တော် ချက်ချင်း ဖုန်းဆက်ပြီး ပြောပြပါတယ်။

ဆရာပေါ်က သူပြောခဲ့တာ သည်လိုမဟုတ်ကြောင်း၊ ခင်ဗျား မကျေလည်ရင် ကိုတင်မောင်မြင့်ဆီ ဖုန်းဆက်ပေးမယ်၊ ခင်ဗျား ပြောမလားလို့ မေးပါတယ်။ ဆရာ သည်လိုပြောတာ မဟုတ်ရင် ပြီးတာပါပဲ၊ စာအုပ်ကလည်း ထွက်နေပါပြီ၊ ထားလိုက်ပါတော့လေ၊ ကျွန်တော့်အတွက်ထက် ဆရာမြအတွက်လည်း မကောင်းပါဘူးလို့သာ ဆရာမောင်ပေါ်ထွန်းကို ပြန်ပြောခဲ့ပါတယ်။

သည်အကြောင်းကို ပြန်ပြောင်းပြောပြချင်တဲ့ ဆန္ဒရှိခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်လို့ ကျွန်တော် မပြောဖြစ်ခဲ့ပါဘူး။ ခုမှ သည်အကြောင်းကို ပြန်ပြောပြန်ရေးမိတာပါ။ ဆရာမြအပေါ်မှာ ကျွန်တော်တင်နေတဲ့ကြွေးကို ဆပ်လိုက်ရသလို ကျွန်တော်ခံစားမိပါတယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

နေဝင်း (ဘဝတက္ကသိုလ်)