News

POST TYPE

ARTICLE

လိင်စိတ်ခံယူမှု ကွဲပြားသူများ အလုပ်အကိုင်ရှားပါးဆဲ
02-Sep-2019


“လုပ်ငန်းရှင်တွေက LGBT ဆိုတာ ပြဿနာကောင်တွေ၊ ယောကျာ်းတွေ၊ မိန်းမတွေ လုပ်ရတဲ့ အလုပ်တွေကို သူတို့မလုပ်နိုင်ဘူးလို့ မြင်ကြပြီး LGBT တွေကို နေရာမပေးတာ”

အချို့လုပ်ငန်းရှင်များသည် LGBT ခေါ် လိင်စိတ်ခံယူမှု ကွဲပြားသူများကို အလုပ်ပေးရန် ယုံကြည်မှုမရှိသဖြင့် LGBT များအတွက် လုပ်သားဈေးကွက် မရှိသေးခြင်းဖြစ်သည်ဟု LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှင်းသန့်က ပြောသည်။

LGBT ကို “လိင်စိတ်ခံယူမှု ကွဲပြားသူများ”ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး လိင်တူချစ်သူများဟုလည်း ယခုနောက်ပိုင်း သုံးနှုန်းခေါ်ဝေါ်ကာ Lesbian (မိန်းမ ချင်းစုံမက်သူများ)၊ Gay (ယောကျာ်းချင်း စုံမက်သူများ)၊ Bisexual (ကျားမနှစ်မျိုးစလုံး စုံမက်သူများ)၊ Transgender (ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်သူများ) စသည့် စကားလုံးများမှ LGBT ဟု အတို ကောက်ထုတ်ယူထားခြင်းဖြစ်သည်။

လုပ်ငန်းရှင်များသည် LGBT များကို အလုပ် မခန့်ကြခြင်းမှာ ယနေ့ကာလတွင် အလုပ်အကိုင်ခေါ် ယူပါက အမျိုးသမီးအလုပ်သမားကို ဦးစားပေးခေါ်ယူခြင်း၊ အမျိုးသမီးများထဲတွင်မှ အိမ်ထောင်မရှိသူများကို ပိုမိုဦးစားပေးခေါ်ယူခြင်း စသည့်စဉ်းစားမှုများနှင့်လည်း သက်ဆိုင်နေသည်ဟု ရှင်းသန့်က ပြောသည်။

LGBT များကို လက်ခံသော လုပ်ငန်းအချို့ရှိ သော်လည်း ရာခိုင်နှုန်းနည်းပါးပြီး ထိုသို့ဖြစ်ရခြင်းမှာ LGBT တို့၏စွမ်းဆောင်ရည်ကို မသိသေးသောကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်ရှိ နိုင်ငံတကာဆေးရုံတစ်ခုတွင် သူနာပြုအလုပ်လုပ်ကိုင်နေသည့် LGBT (ယောကျာ်း ချင်းစုံမက်သူ) တစ်ဦးဖြစ်သူ အချစ်ညွန့်က ပြောသည်။

“သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကို သိလာပြီဆိုရင် လုပ်ငန်းရှင်တွေက လက်မခံနိုင်စရာအကြောင်း မရှိဘူး။ အခု လုပ်နေတဲ့ဆေးရုံမှာတော့ LGBT တွေက ရာထူးမြင့်မြင့်မှာ ရောက်နေသူတွေရှိတယ်”

“အချစ်ညွန့်သည် နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အလုပ်အကိုင်ခက်ခဲမှုကြောင့် သူနာပြုအလုပ်ကို ဝင်လုပ်လိုက်ရသော်လည်း ဝါသနာနှင့်အလုပ်မှာ ထပ်တူမကျသဖြင့် ကျေနပ်ခြင်းမရှိဟု ဆိုသည်။

“အမှန်တကယ်က မိတ်ကပ်ကိုပဲ ဝါသနာပါတာပါ၊ အခြေအနေမပေးလို့ ဒီအလုပ်ကို လုပ်ရတာ။ ငွေကြေးအဆင်ပြေပြီဆိုရင်တော့ မိတ်ကပ်ပညာရှင်ပဲ လုပ်မှာပါ။ အခု ငွေစုနေတယ် အဆင်ပြေပြီဆိုရင် မိတ်ကပ်လိုင်းပြန်ပြောင်းမှာ”

လုပ်ငန်းခွင်များတွင် နေရာမရသောကြောင့် အများစုမှာ ရွေးချယ်စရာမရှိဘဲ တစ်ခုတည်းသော လုပ်သားဈေးကွက်ဖြစ်သည့် ဆံပင်၊ မိတ်ကပ်လောက သို့သာ တွန်းပို့ခံနေရသည်ဟု ရှင်းသန့်က ဆက်ပြောသည်။

“တကယ်တမ်း မိတ်ကပ်လောကမှာ အောင်မြင်နေတဲ့သူတွေကိုမေးကြည့်၊ ဝါသနာနဲ့ ဖြစ်ချင်တာတွေ တစ်ထပ်တည်းကျသလားဆိုတော့ တချို့က ကျပေမယ့် တချို့ကျတော့ မကျဘူး၊ ရွေးချယ်စရာမရှိလို့ လုပ်နေရတာတွေရှိတယ်”

အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်သူများ Transwomen များအတွက် မိတ်ကပ်အလှပြင်လုပ်ငန်းတွင် ဈေးကွက်ရှိသော်လည်း တကယ်တမ်း အောင်မြင်သူများမှာ ၁၀ ဦးတွင် ၂ ဦးလောက်သာရှိသည်။ အမျိုးသားကဲ့သို့ ဝတ်စားဆင်ယင်သူများ Transmen များအတွက် ပိုမို၍ အလုပ်အခွင့်အလမ်း ရှားပါးသည်ဟု ရှင်းသန့်က ဆိုသည်။

လုပ်ငန်းခွင်တစ်ခုသို့ LGBT များဝင်ရောက်လာလျှင် များသောအားဖြင့် လှောင်ပြောင်လိုသော သဘောသဘာဝများနှင့်ရင်ဆိုင်ရပြီး အလုပ်ဝင်သော အချိန်တွင်လည်း ယောကျာ်းများကို ယောကျာ်းပုံစံသာ ဝတ်စားနေထိုင်စေလိုကြပြီး ဆံပင်အရှည်ထားခြင်းမျိုးကိုလည်း သဘောမကျသလို အမျိုးသမီးများ ကိုလည်း မိန်းမပုံစံသာ ဝတ်စားနေထိုင်ရန် လိုလားကြသည်ဟု အချစ်ညွန့်က သူ၏အတွေ့အကြုံကို ပြောပြသည်။

“အလုပ်လျှောက်ရင် ပုံစံက အမျိုးသားလိုနေမှ လက်ခံမယ့်သဘောမျိုးတော့ ရှိတယ်။ အခု လက်ရှိ အလုပ်မှာ အစပိုင်းတုန်းကတော့ ကိုယ့်ဝတ်စားပုံနဲ့ အဆင်မပြေဘူး၊ နောက်ပိုင်းတော့ လက်ခံပေးလာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က အခြားသူ၊ ယောကျာ်း၊ မိန်းမတွေထက် အလုပ်ပိုပြီးကြိုးစားလုပ်တယ်။ ဖြတ်ထိုး ဉာဏ်ရှိတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ ဒါကြောင့် တခြားသူတွေထက် ပိုပြီးဦးစားပေးလာတဲ့ အခြေအနေမှာတော့ရှိတယ်”

ယောကျာ်းများကဲ့သို့ ဝတ်စားနေထိုင်သူ Transmen များနှင့်ပတ်သက်၍လည်း သူက ယခုကဲ့သို့ဆက်ပြောသည်။

“အဓိကက သူတို့တွေက အမျိုးသမီးတွေလို ဝတ်စားရင် အလုပ်ရမယ်ဆိုပေမယ့် သူတို့စိတ်နဲ့ ဖြစ်တည်မှုက အမျိုးသမီးလို မနေချင်တဲ့အတွက် သူတို့ကို အလုပ်ပေးချင်ပေမယ့် မရပြန်ဘူး။ ဒါကြောင့် သူတို့နဲ့ ကိုက်ညီတဲ့ ယောကျာ်းလေးလုပ်တဲ့အလုပ်တွေ ရွေးချယ်ကြရပြန်တယ်။ အလုပ်ကြမ်းမဟုတ်ရင်လည်း စားပွဲထိုးလို အလုပ်မျိုးတွေ...”

အလုပ်အကိုင်ရှားပါးခြင်းမှာ အဓိကအကြောင်း ရင်းနှစ်ချက်ဖြစ်သည့် လုပ်သားဈေးကွက် မရှိခြင်းနှင့် LGBT များကိုယ်တိုင် စွမ်းရည်မပြည့်ဝသေးခြင်းတို့ ကြောင့် ဖြစ်နိုင်သည်ဟု ရှင်းသန့်က ဆက်ပြောသည်။

“လုပ်ငန်းရှင်တွေက အလုပ်ပေးချင်တယ်၊ LGBT များကိုယ်တိုင် ဈေးကွက်နဲ့ကိုက်ညီတဲ့ အရည်အချင်း မရှိသေးလို့၊ သူတို့ကိုယ်တိုင် မလေ့လာ၊ မသင် ယူထားလို့ ဖြစ်ကောင်းဖြစ်မယ်။ တစ်ဖက်မှာလည်း အလုပ်ဆိုတာ ဝတ်စားဆင်ယင်မှုနဲ့ လုပ်တာမဟုတ်ဘဲ အရည်အချင်းနဲ့လုပ်ရမှာဖြစ်လို့ အလုပ်ရှင်တွေက အဝတ်အစားကိုပဲ ခွဲခြားဆုံးဖြတ်ပြီး ရွေးချယ်နေရင် မှားမယ်လို့ထင်တယ်”

လိင်စိတ်ခံယူမှု ကွဲပြားသူများသည် မိမိတာဝန် ယူလုပ်ဆောင်ရမည့် အလုပ်နှင့်ဆိုင်သော လုပ်ငန်းပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုနှင့် တာဝန်ကျေပွန်မှုရှိရန်သာ အဓိကလိုအပ်ပြီး သူတို့၏ကိုယ်ပိုင်အခွင့်အရေးဖြစ် သော လိင်စိတ်ခံယူမှုအပေါ် အခြေခံပြီး မရွေးချယ်သင့်ကြောင်း ခရီးသွားဝန်ဆောင်မှုနှင့် ကြော်ငြာလုပ်ငန်း ရှင် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝဏ္ဏဖြိုးက ပြောသည်။

“ကျွန်တော်က သူတို့ကို အလုပ်ခန့်ပြီး အလုပ် စဝင်ဝင်ချင်း အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်ဖို့ ပြောထားတယ်။ Gender နဲ့ လိင်စိတ်က အဓိက မဟုတ်ဘူး။ တချို့က သူတို့ပိုကြိုးစားတာ မြင်ရတယ်။ စိတ်ပေါ်မှာတော့ မူတည်တာပေါ့။ ကျွန်တော့်ဆီမှာ လိင်စိတ်ခံယူမှု ကွဲပြားသူနှစ်ယောက်ရှိတယ်။ တစ်ယောက်က တော်တော်ကြိုးစားတယ်၊ တစ်ယောက်ကတော့ တွန်းပေးနေရတာရှိတယ်။ ကျန်တာတွေတော့ မထိခိုက်ပါဘူး”

လုပ်ငန်းရှင်များမှ နားလည်မှုပေးခြင်းဖြင့် လုပ်ငန်းတွင်ကျယ်လာပြီး ဝန်ထမ်းများလည်း ပေါ့ပေါ့ပါးပါးနှင့် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်နိုင်သည်ဟု သူ၏ လုပ်ငန်းခွင်တိုးတက်မှုကို ပြောပြသည်။ လုပ်ငန်းခွင်၏သတ်မှတ်ချက်ဖြစ်သော ယူနီဖောင်းဝတ်စုံကို အားလုံးဝတ်ရမည်ဖြစ်ပြီး တစ်ပတ်တွင် စနေနေ့တစ်ရက်ကိုတော့ ဝန်ထမ်းများစိတ်ကြိုက် ဝတ်ဆင်ခွင့်ပေးထားသည်ဟု ဦးဝဏ္ဏဖြိုးက ပြောသည်။

“ရုံးအုပ် HR (ဝန်ထမ်းအရင်းအမြစ်ရေးရာ) ကိုတော့ နားလည်အောင် ကြိုပြောထားရတာပေါ့၊ ဥပမာ - စနေနေ့လိုမျိုးဆို ကြိုက်တဲ့ဝတ်စုံဝတ်လာပေါ့၊ ကျွန်တော့်အလုပ်ထဲမှာ Tom Boy တစ်ယောက်ဆိုရင် ယူနီဖောင်း ဝတ်ခိုင်းတယ်၊ အပေါ်က ရှပ်ထပ်ဝတ်တယ်။ စစချင်းတော့ အဆင်မပြေဘူးပြောပေမယ့် သူ့ကို နားလည်အောင် ပြောပြတော့ အဆင်ပြေသွားတာပဲ”

လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့်ပတ်သက်ပြီး လုပ်ငန်းခွင်အခြေအနေ၊ လုပ်သားလက်ခံမှုတို့တွင် နားလည်နိုင်မည့်လုပ်ငန်းရှင်များ နည်းပါးနေသေး သော်လည်း သူတို့ကို လက်ခံနားလည်ပေးမည်ဆိုပါက လုပ်ငန်းခွင်ထဲတွင် အပြန်အလှန်လေးစားမှုများကို ပိုမို တည်ဆောက်နိုင်ပြီး အောင်မြင်မှုရရှိစေနိုင်သည်ဟု ဦးဝဏ္ဏဖြိုးက ဆိုပါသည်။

ကော်ကော/ Honest Information