News

POST TYPE

ARTICLE

ပလတ်စတစ်က သင့်ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်နေစေသလဲ
01-Sep-2019


တစ်ပတ်တော့ The Voice Daily ပရိသတ်ကို ဖောက်သည်ချချင်တာကတော့ ကိုယ့်နားက အသံတိတ်ရန်သူတွေဖြစ်တဲ့ ပလတ်စတစ်တွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ပလတ်စတစ်ဟာ ဘယ်ရှုထောင့်က ကြည့်ကြည့် လျှော့သုံးတာဖြစ်စေ၊ လုံးဝမသုံးတာဖြစ်စေ လုပ်သင့်တဲ့အရာပါ။ ပလတ်စတစ် ဆိုတာ ရာသက်ပန်နီးပါးခံနေတဲ့ အရာတွေနဲ့ လုပ်ထားတာပါ။ ဆွေးမြည့်ပျောက်သွားတာမျိုးမဖြစ်ပါဘူး။ ပလတ်စတစ်ထုတ်ကုန်အားလုံးရဲ့ ၃၃ ရာခိုင်နူန်း ဖြစ်တဲ့ ရေဘူးတွေ ၊ ပိုက်တွေဟာ တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်တာနဲ့ ကြုံနေရပါတယ်။ သူတို့ဟာ ထာဝရ အမှိုက်တွေ ဖြစ်သွားတာပါ။ အမှုန်လေးတွေ ဖြစ်သွားတဲ့ အဆင့်အထိ သူတို့ရှိနေပြီး ပတ်ဝန်းကျင်ကို သက် ရောက်မှုတွေ ပေးနေမှာပါ။ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာတင် ထောင်ပေါင်းများစွာသော ဧရာမ အမှိုက်ပုံကြီးတွေ ရှိနေပါတယ်။ အဲဒီအမှိုက်ပုံကြီးတွေ အောက်ကနေ အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ စိမ့်ထွက်သွားပြီးတော့ မြေအောက်ရေကို အဆိပ်သင့်စေပါတယ်။ အဲဒီမြေအောက်ရေတွေကနေ ရေကန်တွေ၊ မြစ်တွေကို အဆိပ်သင့်စေပါတယ်။ 

ပြီးတော့ အမှိုက်ပလတ်စတစ်တွေဟာ တခြား ညစ်ညမ်းပစ္စည်းတွေ လာရောက်စုပုံဖို့ကိုလည်း နေရာ ဖြစ်စေပါတယ်။ သားရိုင်းလောကကို ဒုက္ခအပေးဆုံး တွေထဲမှာ ပလတ်စတစ်တွေ ပါပါတယ်။ တွေ့ပြန်ပြီ ဘီယာဘူးခွံထဲ ခေါင်းဝင်နေတဲ့ ငှက်။ ဗိုက်ထဲမှာ ပလတ်စတစ်တွေ ပြည့်နေတဲ့ ဝေလငါး စသဖြင့်ပေါ့။ အမေရိကန်တစ်နိုင်ငံတည်းကတင် တစ်နှစ်ကို ပလတ်စတစ်အမှိုက် တန်ချိန် သန်း၃၀ စွန့်ပစ်နေပါတယ်။ အဲဒီထဲကမှ ၈ ရာခိုင်နူန်းကိုပဲ ပြန်သုံးနေကြတာ ဖြစ်ပါ တယ်။ တော်တော်များများဟာ မီးရှို့ခံရ၊ အမှိုက်ပုံထဲ ရောက်ဖြစ်သွားကြပါတယ်။ 

အဆိုးဆုံး အချက်ကတော့ ပလတ်စတစ်ဟာ ဆရာဆေးတို့ လူသားတွေရဲ့ အစားအစာ ကွင်းဆက်တွေကို အဆိပ်သင့်စေတာပဲ ဖြစ်ပါတယ်။ အသေးဆုံး ပလက်တွန်တွေဟာ ပလတ်စတစ်အမှုန်တွေကို စားမိပြီး အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ အထဲကို ဝင်သွားပါတယ်။ ဒါကြောင့် သမုဒ္ဒရာအစာ ကွင်းဆက်ရဲ့ အခြေခံအကျဆုံး ရေညှိတွေထဲမှာ ပလတ်စတစ် အဆိပ်တွေ ပါနေပြီး အဆင့်ဆင့် ရေနေသတ္တဝါ များဟာ အဆိပ်ဓာတ်တွေ ပါနေပါတော့တယ်။ ယခု ဖော်ပြမယ့် ပလတ်စတစ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေက အထင်အမြင်တွေမဟုတ်ပါဘူး။ တွေ့ရှိချက်တွေပါ။ ဖတ်ကြည့်ဆင်ခြင်ပြီးတော့ ပလတ်စတစ်ကို ဆက်သုံးနေသင့်၊ မသင့် စဉ်းစားတော်မူကြပါ။

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကလုပ်တဲ့ အမျိုးသားကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ တိုင်းတာ စစ်ဆေးချက်မှာ ပလတ်စတစ်ဓာတ် BPA ကို အသက် ၆ နှစ်အထက် ပြည်သူများရဲ့ ဆီးထဲမှာ တွေ့ရတယ်လို့ သိရှိရပါတယ်။ ဆိုလိုတာက အရွယ်ရောက်ပြီးသား အမေရိကန်တိုင်းရဲ့ ဆီးထဲမှာ ပလတ်စတစ်တွေ ပါနေတယ်လို့ ဆိုတာပါ။ မြန်မာပြည်မှာရော ဘယ်လိုနေမလဲ။ သုတေသနမရှိတော့ အတိအကျမသိနိုင်ပေမယ့် တို့တစ်တွေလည်း ပလတ်စတစ် သုံးများကြပါတယ်။ ရှိပြီးသား သက်သေ အထောက်အထားတွေအရ ဆီးထဲမှာ BPA ပလတ် စတစ်ဓာတ်တွေ ပါနေခြင်းဟာ လူသားတွေအတွက် ပရောစတိတ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါသတဲ့။ တိရစ္ဆာန်တွေမှာ စစ်ဆေးလို့ ထွက်လာတဲ့ရလဒ်တွေအရ BPA ဟာ မျိုးဆက်သစ်မွေးဖွားခြင်းနဲ့ သန္ဓေသားလောင်း အပေါ်ကို ကြီးစွာသော အနုတ် လက္ခဏာ သက်ရောက်မှုတွေ ရှိပါတယ်။ 

ဖွံ့ဖြိုးပြီးနိုင်ငံတွေက အမျိုးသမီးအများစုရဲ့ မိခင်နို့ထဲမှာ BPA ကို တွေ့ရသတဲ့။ ဒါတွေဟာလည်း နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးရှိစေပါတယ်လို့ Scientific American မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ 

ပလတ်စတစ်ထဲမှာ ပျော့ပျောင်းအောင်၊ မကျိုးမကွဲနိုင်အောင် ထည့်ရတဲ့ ဓာတုဓာတ်ပေါင်းတွေ ရှိပါတယ်။ Phthalates တွေလို့ ခေါ်ပါတယ်။ သူတို့ဟာ အစားအသောက်ထဲ ရောက်တဲ့အခါ ကိုယ်အလေးချိန်ကို မြင့်တက်စေခြင်း၊ အင်ဆူလင်ယဉ် ပါးခြင်း၊ ဆီးချိုတက်ခြင်းစတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ လိင်ဆန္ဒ အားကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေပြီး လူသားရဲ့ ကျားမ မျိုးပွားစနစ်ကို ထိခိုက်စေနိုင်ပါသတဲ့။ ဒီအကြောင်းကို အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက သေချာလေ့လာပြီး သူတို့အင်တာနက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အစားအသောက်ကို BPA ပလတ်စတစ်ဓာတ်ပါတဲ့ ထုပ်ပိုးပစ္စည်းထဲ ထည့်မယ်ဆိုရင် အစားအစာထဲကို Phthalates တွေ စိမ့်ဝင်သွားနိုင်ပါတယ်။ အသားများ၊ ဒိန်ခဲများ စတဲ့ အဆီများတဲ့ အရာတွေထဲကို အဆိုပါ ပလတ်စတစ်ဓာတ်များ ဝင်နိုင်ခြေက ပိုများပါတယ်လို့ အမေရိကန်အမျိုးသားကျန်းမာရေး အင်စတီကျူရဲ့ လေ့လာချက် ဆောင်းပါးတစ်ခုက ဖော်ပြထားပါတယ်။ 

ဒါကြောင့် ပလတ်စတစ် ထုပ်ပိုးစရာတွေထဲ အစားအသောက်ထည့်ပြီး အပူပေးတာမျိုး မလုပ်ဖို့ အမေရိကန် အစားအသောက် ဘေးရန်ကင်းရှင်းရေးနဲ့ စစ်ဆေးရေးဌာနက ထုတ်ပြန်ထားပါတယ်။ ပလတ် စတစ်ပစ္စည်းတွေဟာ အရည်ပျော်လွယ်ပြီး အစား အသောက်ထဲကို ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ စိမ့်ဝင် သွားဖို့ ပိုဖြစ်နိုင်ပါတယ်။ မုန့်ဟင်းခါးဟင်းရည်ပူပူကို ကြွပ်ကြွပ်အိတ်နဲ့ ဝယ်နေတုန်းပဲလား။ မလုပ်သင့်ပါ ဘူးနော်။ BPA မပါဘူးလို့ ရေးသားကြော်ငြာနေကြ တဲ့ ပလတ်စတစ် ပစ္စည်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့က BPA နဲ့ နာမည်သာမတူတဲ့ အခြားဆိုးကျိုး ပေး ဓာတ်ပေါင်းတွေ ပါနေတဲ့ ဓာတုပစ္စည်းတွေ ပါ,ပါ တယ်။ ဒါတွေအကုန်လုံးဟာ သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ ရလဒ်တွေပါ။ ဒါဆို ပလတ်စတစ်ကို ဘယ်လို ရှောင်ရမလဲ။ မရပါဘူး။ ကမ္ဘာပေါ်မှာ နောက်ထပ် များမလာအောင်သာ ပလတ်စတစ်ကို လျှော့သုံး၊ ပြန်သုံး၊ လုံးဝ ငြင်းပယ်သင့်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥပဒေတွေပြုပြီး တားနေပါပြီ။ လတ်တလော ဂျာမနီမှာဆို တစ်နိုင်ငံလုံး ပလတ်စတစ်အိတ် အသုံးပြုမှုပိတ်ပင်တဲ့ ဥပဒေ လာပါတော့မယ်။ ဆရာဆေးတို့ ဆီမှာလည်း ဥပဒေမလာသေးရင်တောင် အသိ စိတ်ဓာတ်အပြည့်နဲ့ လူသားမျိုးနွယ်ရဲ့ ကျန်းမာရေးနဲ့ နေစရာအိမ်ကမ္ဘာကြီးကို ကာကွယ်ကြပါစို့လို့။ 

ကျန်းမာချမ်းသာ ဘေးဘယာကင်းဝေးကြပါစေ။ 

ဆရာဆေး