News

POST TYPE

ARTICLE

ရာဇဝင်ထဲက ဥပဒေ
01-Sep-2019


ပြည်သူ၊ ပြည်သားတွေ စုရုံးရောက်ရှိနေကြပြီ။ အညာမြေရဲ့ဒေသ ပီပီတမာရနံ့တို့ သင်းထုံနေလေ၏။ တီးတိုးတီးတိုးနဲ့ စကားပြောနေသူတွေ ဆေးတံ ဖွာနေသူတွေနဲ့ စည်ကားနေပါပေါ့၊ ဥပုသ်သီတင်းပတ်တိုင်း ဒီလူတွေ စုရုံးနေကြစမြဲ။

ကြီးသော ငယ်သော လှသော ဆိုးသော အိုမင်းသော မခွဲခြား၊ ကလေးသူငယ်ပါမကျန် လာကြစမြဲ။ သူတို့ဘာလို့ စုရုံးရောက်ရှိနေကြပါသလဲ ။ အမေးရှိက အဖြေရှိပါတယ်။ ဟုတ်ပါတယ်။ ဒီနေ့က “အမနွန်” ကျောက်စာဖတ်ရှုကြားနာရမယ့်နေ့ပါ။ ဒီလိုဥပုသ်သီတင်းပတ်တိုင်း “အမနွန်” စာကို ဖတ်ရှုကြားနာရစမြဲပါ။

“အမနွန်” စာဆိုတာ ခေတ်စကားနဲ့ပြောရင် ရာဇဝတ်ဥပဒေ တစ်နည်းအားဖြင့် ဘုရင့်အမိန့်ပြန်တမ်းလို့ အလွယ်ပြောလို့ရတဲ့ အမိန့်စာကျောက်တိုင်ပါပဲ။

ဒီလို အမိန့်ပြန်တမ်း ပြဋ္ဌာန်းချက်တွေကို ကျောက်စာတိုင်တွေမှာ စိုက်ထူပြီး အိမ်ခြေ ၅၀နဲ့ အထက် ရှိတဲ့ ရွာကြီးတွေမှာ စိုက်ထူထားရှိကြပါတယ်။ အမနွန်စာမှာ ဘယ်လိုပြစ်မှုကိုကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ်ကိုပေးအပ်ခြင်းခံရမယ်လို့ အတိအလင်းပြဋ္ဌာန်းရေးသားထားပါတယ်တဲ့။ ရှေးခေတ် မြန်မာမင်းတွေရဲ့ အတွေးအခေါ် အမြော်အမြင်ကြီးမားပုံက ဒီအချက်တစ်ချက်တည်းနဲ့ မြင်သာစေတယ်လို့ ဆိုရမှာပါ။ နယ်မြေဒေသ အေးချမ်းသာယာရေး၊ ခိုးသားဓားပြရန် ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်စိုက်ထူထားတဲ့ အမိန့်ပြန်တမ်း တစ်နည်းအားဖြင့် “အမနွန်” လို့ခေါ်တဲ့ ရာဇဝတ်ပြဋ္ဌာန်းချက်တွေပါ။ လူမှုပတ်ဝန်းကျင်မှာနေထိုင်သရွေ့ ပြဋ္ဌာန်းဥပဒေ လူမှုကျင့်ဝတ်တွေကို လိုက်နာရမှာ လူသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အခုလည်း ကြည့်ပါဦး၊ ပုဂံခေတ် တရားဥပဒေ စိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်မှုကို ကာကွယ်ဖို့ အမိန့်ပြန်တမ်းတွေ ထုတ်ပြီး ကြပ်မတ်ကွပ်ကဲဆောင်ရွက်နေတာတွေက လေးစားဖွယ်ပါ။

ဒီ အမနွန်စာမှာ ကြောက်မက်ဖွယ်ပြစ်ဒဏ်တွေ ထည့်သွင်းရေးသားထားတယ်။ အပြစ်ဒဏ်ကို သိတဲ့ ပြည်သူတွေက ခိုးချင်ဆိုးချင်စိတ်တွေပျောက်ပြီး အသိအလိမ္မာတွေရစေတဲ့ ပြူမူဆောင်ရွက်ချက်တစ်ခုပါပဲ။ 

ဒီလို အမိန့်ပြန်တမ်းတွေနဲ့ ပုဂံခေတ်တစ်လျှောက်လုံး ကျယ်ပြန့်စွာ ကျင့်သုံးခဲ့ပါသတဲ့။ ပြည်သူတွေက လည်းလိုက်နာကျင့်သုံးကြလို့ တိုင်းပြည်လည်း သာယာဝပြောစည်ပင်တိုးတက်ခဲ့ပါသတဲ့။ 

အမနွန် ကျောက်စာတိုင် ထားရှိရာအရပ်မှာ စည်ပတ်သာဗုံမောင်းများ တီးမှုတ်လို့ ပေါက်ပေါက် ပန်းတောင်း ဆီမီးတန်ဆောင် ထန်လျက်တင်လဲတို့နဲ့ ပူဇော်ကြပါတယ်။ အဲလိုပူဇော်ပြီး “အမနွန်” ကျောက်စာဖတ်သူက ဥပုသ်သီတင်းသီလခံယူကာ အဆောင်အယောင်ဝတ်ဆင်ပြီး အမိန့်ပြန်တမ်းကျောက်စာတိုင်ကို အများသူငါရှေ့မှာ ဌာန်ကရိုဏ်းကျနပီသစွာ ဖတ်ရှုပြရပါသတဲ့။ လာရောက်ကြားနာ နားထောင်သူ ပြည်သူတွေက ပြဋ္ဌာန်းဥပဒေရဲ့ အတိမ်အနက်ကိုပြစ်မှု ပြစ်ဒဏ်တို့ကိုသိရှိနားလည်ပြီး လိုက်နာကျင့်သုံးကြတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ အတိအလင်းဖွင့် ဆိုပြသကြပါတယ်။ ဒီအချက်တွေကို လေ့လာကြည့်ခြင်းအားဖြင့် ပုဂံခေတ် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစာတွေအကြား ဆက်နွှယ်မှုအုပ်ချုပ်ရေးနဲ့ ရာဇဝတ်မှု ထိန်းချုပ်ရေးအခြေအနေကို တွေ့မြင်နိုင်မှာပါ။ 

မြန်မာ့သမိုင်းတစ်လျှောက် နောက်ဆုံးရေးသားခဲ့တဲ့ အမိန့်ပြန်တမ်း “အမနွန်” စာက မြန်မာ သက္ကရာဇ် ၆၁၁ ခုနှစ် ပုဂံထီးနန်းကို နန်းစံတော်မူတဲ့ မင်းခွေးချေးခေါ် နရသီဟပတေ့ပဲ ဖြစ်တယ်လို့ မှတ်သားရပါတယ်။ နရသီဟပတေ့ရဲ့ အမနွန်စာက လူတိုင်းသိရှိနားလည်လက်ခံယုံကြည်ပြီး တိကျတယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။ မင်းခွေးချေးရဲ့အမနွန်စာက မိမိသဘောဆန္ဒနဲ့ ပြဋ္ဌာန်းရေးသားခြင်းမဟုတ်၊ ဘုရားရှင်ရဲ့ သဗ္ဗညုတစကားကိုမှီး၍ ပြဆိုရေးသားကြောင်း “ဤသို့ ငါပြုသော ကောင်းမှု၏အကျိုးကား နိဗ္ဗာန်သို့လားရာ အထောက်အပံ့ ဖြစ်စေသတည်း။ သတ္တဝါတကာလည်း ချမ်းသာစေသတည်း မိုးလေကောင်းစေသတည်း၊ ပြည်ထဲလည်း ချမ်းသာစေသတည်း” ဟု ဖော်ပြပါရှိတယ်လို့ မှတ်သားရပါတယ်။

ဒီနေ့ခေတ်မှာ ရာဇဝတ်တွေ ထူပြောနေတာ မငြင်းနိုင်ကြပါဘူး။ ဥပဒေရဲ့ အတိမ်အနက်ကို မသိလို့ ကျူးလွန်ကြလေသလား။ သိရက်နဲ့ကျူးလွန်ကြလေသလားဆိုတာ ပြစ်မှုကျူးလွန်သူ ကာယကံရှင်များသာ သိနိုင်မှာပါ။ ဒါပေမဲ့ ပြဋ္ဌာန်းဥပဒေတွေကို ပြည်သူဆီ ပျံ့နှံ့အောင် လုပ်ဆောင်နိုင်မှုနည်းပါးတဲ့အတွက် ပြစ်မှုပြစ်ဒဏ်တွေရဲ့အတိမ်အနက်ကို မသိရှိဘဲ ပြစ်မှုတွေကျူးလွန်လာတယ်လို့ မှတ်ချက်ချရမလိုဖြစ်နေပါတယ်။ ဒီနေ့ခေတ်မှာလည်း ပုဂံခေတ်ကလို အမိန့်ပြန်တမ်းတွေကို ပြည်သူလူထုအကြား ကျယ်ပြန့်နားလည်သိရှိအောင် ဆောင်ရွက်မယ်ဆိုရင် ရာဇဝတ်မှုမပပျောက်တောင် လျော့နည်းသွားမယ်လို့ တွေးထင်မိပါတယ်။ 

သမိုင်းဆိုတာ ဖြစ်စဉ်နမူနာတွေပြပြီး သင်ကြားပေးတဲ့ ဒဿနိကဖြစ်တယ်လို့ ဂရိသမိုင်းပညာရှင် Thueydides ဆိုပါတယ်။ အတိတ်သမိုင်းများသည် အနာဂတ်လိုက်နာကျင့်သုံးဖွယ် ကြေးမုံပြင်များသာဖြစ်ပါတယ်။

ပဒေသရာဇ်စနစ်ကို မျော်မှန်းတမ်းတနေခြင်း မဟုတ်ပေမယ့် သူတို့အမူအကျင့်ကို လေးစားမိလို့ ကဗျာမမည် စာမပီပေမယ့် ဒီလိုလေးရေးမိလိုက်တယ်။ 

အတိတ်ခြေရာရဲ့ 
သမိုင်းသင်ခန်းစာကို 
ဖောက်ဖွင့်မိ လိုက်တယ်။ 
တိုင်းပြည်အေးချမ်း
ဘေးမသန်းရည်လျက် 
ကျောက်ထက်အက္ခရာ 
ကမ္ပည်းစာနဲ့ 
ဤပုံ ဤနေ ဤသို့ ဤစား 
ဤကျင့် ဤကြံစေတနာမှန်နဲ့ 
သမိုင်းအနှစ် ဂုဏ်ဝင့်ခဲ့တယ်လေ။
အမနွန် 
တကယ်စွန်တဲ့ လုပ်ရပ်မို့
အိုကွယ် လွမ်းမိပါရဲ့။
 
တိုက်ကြည် (စဉ့်ကိုင်)