News

POST TYPE

ARTICLE

ဘကြီးကျိုင်းရဲ့ လွှတ်တော်မှတ်တမ်း
01-Sep-2019


ခင်ဗျားတို့ ကျုပ်ကို သိကြရဲ့လား။ သိတော့ သိမှာပါဗျာ။ နာမည်နဲ့ မတွဲမိတာပဲနေမယ်။

လွှတ်တော်ချန်နယ်တွေ ဘာတွေ ကြည့်တဲ့သူတွေကတော့ ကျုပ်သိကြမှာပါ။

ဪ...ဟုတ်ပါရဲ့။ ကျုပ် နာမည် မိတ်ဆက်ပေး ဖို့ မေ့နေတာရယ်။ တော်ကြာ တကျုပ်ကျုပ်နဲ့ ပြောနေလို့ ဖေ့စ်ဘွတ်ခ်ဆိုတာမယ် တရားတွေလိုက်စွဲပြီး နာမည်ကြီးနေတဲ့ ဟိုဆရာမလေး ထင်နေပါဦးမယ်။

ကျုပ်နာမည် ဘကြီးကျိုင်းတဲ့ဗျ။

ငါတို့များလည်း လွှတ်တော်ချန်နယ်၊ လွှတ်တော်သတင်းတွေ အမြဲကြည့်၊ အမြဲဖတ်ပါတယ်ကွယ်။ ဘကြီးကျိုင်းဆိုတဲ့နာမည်နဲ့ လွှတ်တော်အမတ်များ ကြားကြားဖူးပေါင်ဗျာ။ ဒါနဲ့ဘာလဲ...ဘောင်းဘီဝတ်အမတ်တွေ ထဲကလားလို့တော့ မမေးလိုက်ပါနဲ့။

ဘကြီးကျိုင်းက ဟီရိဩတ္တပ္ပတရားနဲ့ ပြည့်စုံပါတယ်။ လွှတ်တော်ထဲ ဘောင်းဘီမဝတ်ပါဘူး။

အိုဟဲ့... တစ်မျိုးမထင်ပါနဲ့။ ဒီအသက်အရွယ်ကြီးမှ ဘောင်းဘီကြီးတကားကားနဲ့ဆို ဘကြီးကျိုင်းက ရှက်တတ်လို့ပါကွဲ့။

ကဲ...ဟုတ်ပါပြီ။ ဘကြီးကျိုင်းဆိုတာကို လွှတ်တော်ထဲ မမြင်ဖူး၊ မသိဖူးကြသူများကို ဘကြီးကျိုင်းကပဲ မိတ်ဆက်ပေးပါ့မယ်။

ဘကြီးကျိုင်းဟာ လွှတ်တော်ထဲမှာ အကောင်ကွယ့်။ ဘကြီးကျိုင်းလာပြီဆို ရောင်စုံအမတ်တွေ အကုန်လုံး မတ်တတ်ရပ်နေကြရတာ။ ဘကြီးကျိုင်း နောက်မှာမှ လွှတ်တော်ဥက္ကဋ္ဌက လိုက်ရတာ။

အောင်မယ်...ဘကြီးကျိုင်း လွှတ်တော်ထဲဝင်ရင်လည်း သူများတကာအမတ်တွေလို လမ်းလျှောက်ဝင်ရတာမဟုတ်ဘူး။ တစ်ယောက်က ထမ်းသွားရတာမောင်။

ကိုင်း... ဒီလောက်ဆို ကျုပ်ဘကြီးကျိုင်းဟာ ဘယ်သူဆိုတာ ခင်ဗျားတို့ သိလောက်ရောပေါ့။

ဒါပေမဲ့...ဒီအချက်တွေကိုကြည့်ပြီး ဘကြီးကျိုင်းဆိုတဲ့ ခင်ဗျားကြီးက လွှတ်တော်ထဲ တယ်ဇိမ်ကျနေမယ်ဆိုပြီးတော့ မတွေးကြပါနဲ့ဗျာတို့။

ကျုပ်မယ် တစ်နေ့တစ်နေ့ လွှတ်တော်ကြီးထဲက အချွတ်အချော်တွေကို ထိုင်ကြည့်နေရတာ ဘယ်လောက်ဒုက္ခများတယ်ထင်တုံး။

သူများတွေက ဒီဒုက္ခကြီးခံရတာကို ဆယ်သိန်းစားရတယ်ဗျ။ ကျုပ်မှာတော့ ငုတ်တုတ်ကြီးမေ့နေရတာ။

အဲ...တစ်ခုတော့ရှိတယ်။

အခုအခါ မြန်မာပြည် လွှတ်တော်များထဲ ဘကြီးကျိုင်း ထိုင်နေတဲ့အခါ ဗဟုသုတမျိုးစုံ၊ စကားပြောနည်းမျိုးစုံ၊ စကားလုံး ဝေါဟာရဖွင့်ဆိုချက်မျိုးစုံတော့ ပညာရသဗျာ။

ဟိုတစ်နေ့က ကြားလိုက်ရဲ့လား။ ပင်လယ်ရေပြင်ကို ရေလုပ်သားတွေ မပိုင်... ရေငန်ပိုင် ဦးရှင်ကြီးသာ ပိုင်တယ်ဆိုတဲ့ အဆိုလေ။

ဒီကိစ္စ ဟိုးလေးတကျော်ဖြစ်တော့...ဘကြီးကျိုင်းတောင် ဒီအမတ်မင်းစကားကိုကြားတော့ ရယ်ချင်မိသွားသေး။

ရှေ့မီနောက်မီ ဘကြီးကျိုင်းဆိုတော့ ဟိုး ၁၉၂၈ ခုနှစ်က အင်္ဂလိပ်ခေတ်မှာဖြစ်ခဲ့တဲ့ အမှုတစ်ခုကို သွားသတိရမိလိုက်သေးတယ်။

အဲ့ဒီတုန်းက ရန်ကုန်ဒိစတြိတ်မှာ မောရစ် ကောလစ်ဆိုတဲ့ စာရေးဆရာကြီးက တရားသူကြီးလုပ်နေချိန်ပေါ့။

ပုလိပ်အဖွဲ့က ကိုသာစုဆိုတဲ့ လူကို ပုဒ်မ ၁၀၉၊ ၁၁၀ နဲ့ ဖမ်းပြီးရုံးတင်လာတယ်။ ၁၀၉၊ ၁၁၀ ဆိုတာ အဲ့ဒီခေတ်က အလုပ်မရှိ အကိုင်မရှိ အခြေအနေမဲ့တွေကို ခြေချုပ်ထားတဲ့ဥပဒေပေါ့။

အခုခေတ်လို ဘာဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် နေရာတကာ ဝင်လုပ်ချင်နေတဲ့သူတွေကျ ဘာပုဒ်မများ တပ်ကြမလဲ မသိဘူး။

ကဲ...ထားပါတော့။

ကိုသာစုကို မောရစ်ကောလစ်ကြီးက စစ်မေးတော့ ကိုသာစုက သူ့မှာ အလုပ်ရှိပါတယ်။ သူ့အလုပ်က ဦးရှင်ကြီး နတ်တင်ဆရာရဲ့ လက်ထောက်ပါတဲ့လေ။

မြန်မာပါးဝလှပါချည်ရဲ့ဆိုတဲ့ မောရစ်ကောလစ်ကြီးတောင် ဒီရာထူးမကြားဖူးလေတော့ သူ့စကားကို ထောက်ခံပေးမယ့် သူ့ဆရာ ဦးရှင်ကြီးတင်တဲ့သူကို သက်သေဆင့်ခေါ်ရတယ်။

ဦးရှင်ကြီးနတ်အကြောင်းမေးတော့ နတ်တင်ဆရာက ဦးရှင်ကြီးဆိုတာ ရေငန်ပိုင်နတ်ဖြစ်ကြောင်း၊ ရေငန်နဲ့ ဆက်စပ်နေတဲ့ဒေသတွေက ကိုးကွယ်ကြကြောင်း ဖြေတယ်။

ဟုတ်ပြီ။ ဒီတော့ ဒီရန်ကုန်နဲ့ ဦးရှင်ကြီးနတ်နဲ့ ဘာဆိုင်လို့ မောင်မင်းတို့က ဒီမှာ ဦးရှင်ကြီးလာတင်နေရတာတုံးဆိုတော့ နတ်တင်ဆရာက ဖြေပြန်တယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ က သူဟာ ကျွန်းညိုကြီးမှာ နေကြောင်း၊ တစ်ရက်မှာ ဦးရှင်ကြီးနတ်ကွန်းကိုသွား ပသတုန်း ဦးရှင်ကြီးက ဝင်ပူးပြီး သူရန်ကုန်ပြောင်းချင်ပြီလို့ အမိန့်ရှိသတဲ့။ ကျွန်းညိုကြီးမှာက လူနည်းပြီး ရန်ကုန်မှာက လှေသမား၊ သင်္ဘောသားတွေများလာလို့ ဦးရှင်ကြီးက သူတို့ကိုစောင့်ရှောက်ရင် သူတို့ကလည်း ဦးရှင်ကြီးကို ပိုပသကြမှာလို့ ပြောတဲ့အတွက် သူတို့ ဆရာတပည့်နှစ်ယောက်ဟာ ဦးရှင်ကြီးကိုပင့်ပြီး ရန်ကုန်မှာ နတ်ကွန်းဆောက် ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ ဦးရှင်ကြီးကလည်း သူ့မားကက်တင်းဈေးကွက်ကို ချဲ့ထွင်ပေးတဲ့ သူတို့ဆရာတပည့်ကို ရန်ကုန်ဒိစတြိတ်ရဲ့ နတ်ဆရာအဖြစ် ခန့်ခဲ့တယ်လို့ ထွက်ဆိုသတဲ့လေ။

အဲ့ဒီမှာ မောရစ်ကောလစ်လည်း ဘာမှမတတ်နိုင်တော့ဘူး။

ဦးရှင်ကြီးကိုပါခေါ်ပြီး သက်သေစစ်ရမလိုဖြစ်နေပြီလေ။ ပြီးတော့ ဒီကိုသာစုဟာ ဦးရှင်ကြီးနတ်တင်ရာကနေ ကိုယ်ပိုင်ဝင်ငွေလည်းရှိနေတော့ အမှုကနေ ကွင်းလုံးကျွတ် လွှတ်လိုက်ရသတဲ့။

ကျုပ်ကတော့ ဒီအကြောင်းကို တွေးမိပြီး ဒီအမတ်မင်းတော့ ကိုသာစုတို့ ဆရာတပည့်ကို အားကျတယ်ထင်ရဲ့လို့ တွေးပြီး ပြုံးမိတာပါ။

နောက်တော့...အဲဒီလို မဟုတ်ဘူးတဲ့ဗျာ။ အဲဒီ အမတ်မင်းပြောတဲ့ ဦးရှင်ကြီးဆိုတာ မြန်မာ့ပင်လယ်ပြင်မှာ ပင်လယ်နဲ့ဆက်စပ်လုပ်စားတဲ့လူတွေအားလုံး မဖြစ်မနေပသရတဲ့ နောက်ပေါ်နတ်ကြီးတစ်ပါးကို ပြောတာတဲ့။

မိကျောင်းစီးတဲ့ ဦးရှင်ကြီး မဟုတ်ဘူးတဲ့။ သင်္ဘောစီးတဲ့ ဦးရှင်ကြီးတဲ့။

သိမြင်သုတကြွယ်ဝတဲ့သူတွေက ဆိုကြပြောကြတော့မှ ကျုပ် ဦးကျိုင်းကြီးလည်း မျက်စိလေးမှေးပြီး စဉ်းစားကြည့်မှဪ ဦးရှင်ကြီးဆိုတာ ဦးရှင်ကြီးကို ပြောတာပါလားဆိုပြီး တရေးရေးပေါ်လာတာပေါ့။

အဲ...ဘယ်ဦးရှင်ကြီးလဲ မမေးပါနဲ့။ ရေလုပ်သားတွေ ပသရတယ်ဆိုတဲ့ ခေတ်ပေါ်ဦးရှင်ကြီးလို့ပဲ မှတ်ကြပေါ့ဗျနော့။

ဟော... အန်ကယ်ရှင် ကိစ္စဟော့နေ၊ ရှော့နေတုန်း နောက်တစ်မှု ထပ်ကြားပြန်သဗျာ။ ဒါကတော့ ဘကြီးကျိုင်းတို့ လွှတ်တော်ထဲက ညီညာထကြွ လိမ္မာလှတဲ့ အမတ်သင်းလေးတွေ ပြောတာပါ။

ဘာတဲ့... ပြည်ပနဲ့ တိုက်နေတာမဟုတ်ဘဲ ပြည်တွင်းချင်း တိုက်နေတာမို့ စစ်ပွဲလို့မခေါ်ဘဲ တိုက်ပွဲလို့ ပြောင်းခေါ်ပေးပါတဲ့လေ။

အလို...ဘကြီးကျိုင်း ခေါင်းစားပြီ။

တစ်သက်နဲ့တစ်ကိုယ် ဒီလွှတ်တော်အဆက်ဆက် ငုတ်တုတ်ကြီး ငိုက်လာတာ ဒါမျိုး အခုမှ ကြားဖူးတော့တယ်။

မှတ်သားဖွယ်ရာပါဟဲ့။

ပြည်ပနဲ့တိုက်မှ စစ်ပွဲလို့ခေါ်ရမတဲ့။ ပြည်တွင်းမှာ အချင်းချင်းချတော့ တိုက်ပွဲတဲ့။ ဘကြီးကျိုင်း အတွေးတွေ အခုမှ မီးသီးပွင့်သွားလေပြီကွယ်။

ဟုတ်တာပေါ့။ ပြည်ပနဲ့တိုက်မှ စစ်ပွဲလို့ ခေါ်ရမယ်ဆို ဘကြီးကျိုင်းတို့ ရွှေမြန်မာနိုင်ငံကြီးမှာ စစ်ပွဲဆိုတာ ဘယ်ရှိတော့မလဲ။ အချင်းချင်းဂျိန်းနေတဲ့ တိုက်ပွဲတွေပဲ ရှိတော့မပေါ့။

ဒီအကြောင်းကို ဟိုရပ်ပါအမတ်မင်းက ရေးတာလေး ဘကြီးကျိုင်း သဘောကျမိသကွယ်။

ဘာတဲ့ ပြည်တွင်းအချင်းချင်း တိုက်တဲ့ပွဲထဲ ထွက်ပြေးနေတဲ့ပြည်သူတွေကို တိုက်ဘေးရှောင် ဒုက္ခသည်ပေါ့တဲ့။

ဒါပေါ့... ဘကြီးကျိုင်းက ထပ်ဖြည့်ပေးမယ်။ ပြည်တွင်းအချင်းချင်း တိုက်တဲ့ဗျူဟာတွေကို တိုက်ဗျူဟာ၊ တိုက်ဆင်ရေး။ ပြည်တွင်းအချင်းချင်းတိုက်တဲ့ နေရာတွေကို တိုက်မြေပြင်၊ ပြည်တွင်းမှာ တိုက်တဲ့သူတွေကို တိုက်ဗိုလ်၊ တိုက်သား။ ပြည်တွင်းအချင်းချင်းတိုက်ပြီး အနားယူသွားတဲ့သူတွေကို တိုက်မှုထမ်းဟောင်း။ နောက်ထပ် တိုက်တက္ကသိုလ်၊ တိုက်သင်တန်းကျောင်း၊ တိုက်သမိုင်းပြတိုက်၊ တိုက်အင်ဂျင်နီယာ၊ တိုက်ဆရာဝန်၊ တိုက်ဆေးရုံ... အင်း...အင်း...တပုံကြီးပဲရယ်။

ဟဲ့...ဒီလိုဆို သမိုင်းထဲက အခေါ်အဝေါ်တွေပါ ဘယ့်နှယ်လုပ်ရမလဲ...ဘကြီးကျိုင်းတွေးတယ်။

အင်းဝ၊ ဟံသာဝတီ နှစ်လေးဆယ် စစ်ပွဲဟာ အချင်းချင်းချကြတာမို့ နှစ်လေးဆယ်တိုက်ပွဲလို့ ပြောင်းခေါ်ရမလား။

ဟော... ရုပ်ရှင်ကားနာမည်တစ်ခုလည်း ပြောင်း မယ်။ တိုက်ပွဲခေါ်သံဆိုတဲ့ ဇာတ်ကား။ အဲဒီဇာတ်ကားက အင်္ဂလိပ်တွေနဲ့ တို့ဗမာအစည်းအရုံးတိုက်ပွဲအကြောင်းဆိုတော့ အချင်းချင်းချတာ မဟုတ်ဘူး။ ဒီတော့ စစ်ပွဲခေါ်သံလို့ ပြောင်းခေါ်ရမလား။

ဟိုအရင် စစ်ပွဲတွေရပ်လို့ ဆန္ဒပြသူတွေကလည်း အချင်းချင်းချနေတဲ့ပွဲတွေဆိုတော့ တိုက်ပွဲတွေရပ်လို့ ဗီနိုင်းတွေ ပြောင်းရိုက်ရမလား။

အိမ်း... ဘကြီးကျိုင်း ပညာတွေလည်း ရပါတယ်ကွယ်။ တစ်ခါတစ်ခါ မမစိမ်းကလေးတွေ ထရမ့်တွေ့ရင် ဘကြီးကျိုင်းမှာ ရင်ဖိုရမလို ရင်တုန်ရမလိုလည်း ကြုံရသေး။

ဟော့ဒီ...လွှတ်တော်ကြီးထဲ...ထိုင်ငိုက်ရင်း...ဘကြီးကျိုင်းဟာ ပညာရှိ ဖြစ်လာတာလည်း မပြောနဲ့။

တော်ကြရှာတာကိုးကွဲ့။ တော်ကြရှာတာကိုး။

ဗြိတိသျှကိုကိုမောင်