News

POST TYPE

ARTICLE

ရှဲသရဲတွေထက် ဆိုးတဲ့ အွန်လိုင်းစာသူခိုး
29-Aug-2019


ရှဲဒိုးဆိုတာ စာမရေးတဲ့သူက ငွေကြေးအင်အား တတ်နိုင်လို့သော်လည်းကောင်း၊ နာမည်ကြီးချင်လို့သော်လည်းကောင်း တကယ့်စာရေးသူဆီက စာမူကို သူ့နာမည်နဲ့ ထုတ်၊ စာရေးဆရာကတော့ မဖြစ်စလောက် ဉာဏ်ပူဇော်ခလေးပဲ ရတာပါ။ တချို့ ကိုယ်တိုင်ရေး စာရေးဆရာတွေဟာ စာအုပ်တိုက်တစ်ခုနဲ့ စာချုပ်ချုပ်တော့မယ်ဆို တချို့ထုတ်ဝေသူတွေက သူတို့ကို ဘယ်နှအုပ် အလကားရေးပေးရမယ်ဆိုတာမျိုး ချုပ်ကိုင်ထားတာလည်း ကျွန်မ ကြားဖူးပါတယ်။

စာပေလောကမှာ အဲ့ဒီလို ပြဿနာတွေ ခဏခဏတက်ခဲ့ပါတယ်။ မူရင်းစာရေးသူဟာ သူ့ရေးတဲ့စာအုပ်တွေနဲ့ အခြားနာမည်ခံထားသူ အောင်မြင်နေတဲ့အခါ မခံစားနိုင်လို့ Suicide လုပ်သွားတဲ့အဖြစ်လည်း ကြုံဖူးပါတယ်။ နာမည်ဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြောတော့ပါဘူး။ သူ့ခမျာ သူ့ကတော့ ကိုယ် စိတ်နှလုံး သုံးပါးစလုံးနဲ့ ခံစားပြီး ရေးဖွဲ့ထားရတာ။ တကယ့် တကယ် စာအုပ်က အောင်မြင်၊ ရေးသူက နာမည်ကြီးတော့ သူမဟုတ်ဘဲ အခြားတစ်ယောက်ဆိုတော့ သူဘယ်ခံစားနိုင်မလဲ ဟုတ်တာပေါ့။ နောက်ဖြစ်ရပ်တစ်ခုက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ခဲ့တာ။ ထုတ်ဝေသူတစ်ယောက်ဟာ သူ့နာမည်ခံပြီး စာရေးဆရာတစ်ယောက်ရဲ့ စာအုပ်တွေထုတ် နောက်အဲ့ဒီဆရာမရဲ့ စာအုပ်တွေက အောင်မြင်လွန်းမက အောင်မြင်လာ။ စောင်ရေ တက်ပေမယ့် ထုတ်ဝေသူက ပိုက်ဆံတိုးမပေးသလို သူ့နာမည်နဲ့ ထုတ်လည်းမပေး အခြားသောတိုက်တွေနဲ့လည်း စာချုပ်ချုပ်ခွင့်မပြု၊ ရေးပေးခွင့်မပြု နောက်တော့ အဲ့ဒီစာရေးသူနဲ့ ထုတ်ဝေသူ တိုင်းသိ ပြည်သိ အကြီးအကျယ်ပြဿနာ တက်တော့တာပဲ။ ဒီတော့မှ ပရိသတ်တွေကလည်း အဲ့ဒီစာအုပ်တွေကို ရေးနေသူအစစ်အမှန်ကို သိတဲ့နောက် မရေးဘဲ နာမည်ခံသူကို အပြင်းအထန် ရှုတ်ချကြတယ်။ သူ့စာတွေဆို အားမပေးတော့ဘူး။ မူရင်းစာရေးသူရဲ့ အလားအလာကို သိတဲ့ တခြားသော ထုတ်ဝေသူက စာမူခ ထိုက်ထိုက်တန်တန်ပေးတော့ အဲ့ဒီဆရာမက အဲ့ဒီတိုက်မှာ ရေးပြီလေ။ ဟိုနာမည်ခံထားတဲ့သူကတော့ သူကိုယ်တိုင်ပဲ ရေးသလား၊ အရင်လို စာရေးသူတစ်ဦးပဲ မွေးသလားမသိဘူး။ သူ့နာမည်နဲ့ ဆက်ထွက်တာပဲ။ အရေးအသားတွေကတော့ အရင်အရေးအသားနဲ့ ဘယ်တူပါ့မလဲ အသိသာကြီးပေါ့။ ကျွန်မတို့ လုံးချင်းလောကမှာ အဲဒီလို ရှဲသူရဲတွေ ကြီးစိုးခဲ့ကြပါတယ်။

ပြောရရင် လုပ်အားခေါင်းပုံဖြတ်ခြင်း၊ သို့မဟုတ် သူတစ်ပါးရဲ့ပညာကို တန်ဖိုးမထားခြင်းလို့ ယူဆရပါတယ်။

ရှဲဒိုး အမည်ခံထားတဲ့ စာရေးဆရာတွေကို သိတဲ့စာရေးဆရာတွေ ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။ အဲ့ဒီလိုလူကို စာရေးဆရာလို့တောင် သတ်မှတ်လို့မှ မရတာ။ စာပေလောကမှာ ရှဲသူရဲတွေကတော့ ခေတ်အဆက်ဆက်ရှိခဲ့တာပဲ။ ပိုများတာတော့ ကျွန်မတို့ လုံးချင်းဝတ္ထုအသိုင်းအဝိုင်းမှာ ပိုများပါတယ်။

ယခင်လေးငါးနှစ်က ယိုင်ရုံယိုင်ခဲ့တဲ့ စာပေလောကကြီးဟာ ဖုန်းကို လူတွေက တွင်တွင်ကျယ်ကျယ်သုံးလာနိုင်တဲ့အချိန်မှာ တအိအိနဲ့ ပြိုကျခဲ့ပါတယ်။ စာပေလောကနဲ့ စာအုပ်ထုတ်ဝေရေးလောကရဲ့ စစ်တမ်းအရ စာအုပ်အငှားဆိုင်တွေဆိုဟာ လူတွေ စာအုပ်ငှားမဖတ်ကြလို့ မရှိတော့ဘူး၊ မြို့တိုင်း မြို့တိုင်းမှာတောင် စာအုပ်အရောင်းဆိုင်ဆိုတာ လက်ချိုးရေလို့တောင် လက်တစ်ဖက်မပြည့်တော့ဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာ ကျွန်မတို့ လုံးချင်းဝတ္ထုလောကကြီးက လုံးဝကို ယိုင်နဲ့ ပြိုကျလာပါတယ်။

လူတော်တော်များများဟာ ဖုန်းပေါ်မှာ အချိန်ကုန်လာခဲ့ကြတယ်။ စာဖတ်သူတွေကလည်း ဖုန်းနဲ့ စာအုပ်လင့်ခ်တွေကို ဒေါင်းလုတ်လုပ်ပြီး ဖတ်ရတာ ပိုလွယ်ကူတယ်လို့ ယူဆလာကြတယ်။ စာအုပ်ကို လက်နဲ့ ကိုင်ဖတ်ရတဲ့ အရသာကို ကြိုက်နှစ်သက်သူတွေကလွဲလို့ လူတွေက ဖုန်းပေါ်ပဲ ဖတ်ကြပါတော့တယ်။ တချို့ Ethics နားမလည်သူတွေဆို စာအုပ်ထုတ်တာက တစ်လ နှစ်လ မရှိသေးဘူး။ ဈေးကွက်မှာ စာအုပ်ဖြန့်တာတောင် ပူပူနွေးနွေးရှိနေချိန်မှာ အဲဒီစာအုပ်ကို ဒေါင်းလုတ်လင့်ခ်လုပ်လိုက်တဲ့အခါ လူတွေက သုံးလေးထောင်ပေးဝယ်ရမယ့်စာအုပ် အင်တာနက်လေးဖွင့်ပြီး ဒေါင်းလိုက်ရင် တန်းဖတ်ကြတော့တာပေါ့။ စာအုပ်သွားဝယ်ရတဲ့ ဒုက္ခ၊ ပိုက်ဆံကုန်မယ့်ဒုက္ခတွေ သူတို့မှာ မရှိပေမယ့် အဲ့ဆိုးကျိုးဟာ စာရေးသူနဲ့ ထုတ်ဝေသူအပေါ် အများကြီး သက်ရောက်သွားတယ်။ ထုတ်ဝေသူက အရှုံးပေါ်သလို စာရေးသူကလည်း မျက်နှာပန်းမလှရပါဘူး။ လစဉ်လစဉ် စာအုပ်တွေရဲ့ ရောင်းအား စောင်ရေတွေ ကျလို့ဆိုတဲ့ ထုတ်ဝေသူရဲ့ ညည်းညူသံ ကြားတိုင်း နှလုံးရောဂါရမတတ် ကျွန်မ ခံစားခဲ့ရဖူးပါတယ်။

ကျွန်မ လုံးချင်းထွက်တဲ့ကာလက ၂၀၁၅ ခုနှစ်အစောပိုင်းကာလပါ။ စာအုပ်လောကကြီး တအိအိ ပြိုကျနေတဲ့ ကျွန်မက ဆိုက်ကပ်မှာ စာရေးသူဖြစ်လာသလိုပဲ။ ကျွန်မက ရွှေပဒေသာနဲ့ စာချုပ်ပြီး ဝတ္ထုရေးပါ။ ခေတ်ပျက်ကြီးပေမယ့် ထုတ်ဝေသူဟာ စာချုပ်အရ စာမူခနည်းပေမယ့် ကျွန်မ နာမည်နဲ့ပဲ ကျွန်မစာအုပ်တွေထုတ်ပေးတာပါ။ ကိုယ်တွေက ရှဲသရဲဆိုတဲ့ ထိတ်လန့်စရာကာလကို ကြားသိထားဖူးတော့ စာမူခနည်းတာထက် ကိုယ့်နာမည်နဲ့ ထုတ်ပေးတာကိုပဲ ကျေးဇူးတင်ရတာပါ။

စာအုပ်ထုတ်ဝေရေး၊ ဖြန့်ချိရေး၊ ရောင်းဝယ်ရေးဆိုတာ တစ်စထက်တစ်စ ယိုးယွင်ပျက်စီးနေတော့ ၂၀၁၈ ခုနှစ်မှာ စာအုပ်ထုတ်ဝေရေးတွေ တစ်ခုပြီး တစ်ခုရပ်နားလာပါတယ်။ ဝတ္ထုလောကတင်မဟုတ်ပါဘူး။ မဂ္ဂဇင်းလောက၊ ဂျာနယ်လောကတွေလည်း ထိုနည်း၎င်းပါပဲ။ ဥပမာပေးရရင် ဂျာမန်အကျဉ်းထောင်က ဂျူးတွေကို အောစဝစ် အကျဉ်းထောင်ထဲက ထုတ်ပြီး အသေသတ်သလို ဘယ်ချိန်မှာ ဘယ်မဂ္ဂဇင်းတော့ ရပ်နားပြီ၊ ဘယ်ဂျာနယ်တော့ နားပြီ၊ အဲ့လိုကြော်ငြာတွေတွေ့ရရင် ကိုယ့်အသည်း နှလုံးကို ဆွဲနုတ်ခံရသလိုပဲ။ စိတ်မချမ်းသာရပါဘူး။ ကျွန်မက လုံးချင်းရေးတယ်ဆိုပေမယ့် မဂ္ဂဇင်းမှာ ကဗျာတွေ၊ ဝတ္ထုတိုတွေရေးပြီး စာပေလောကထဲ ရောက်ခဲ့တော့ မဂ္ဂဇင်းလောကက အမေဆို လုံးချင်းလောကက အဖေပါပဲ။

တစ်နေ့ ...

လွန်ခဲ့တဲ့ လေးရက်က ကဗျာဆရာအစ်ကို တစ်ယောက်က ကျွန်မကို ဖုန်းဆက်လာပါတယ်။ နင့်ကို လိုင်းပေါ်မတွေ့လို့ လိုင်းပေါ်မှာ စာပို့ထားတယ်... အရေးကြီးတယ် တက်ကြည့်ဦးဆိုတော့ ကျွန်မလည်း တက်ကြည့်ပါတယ်။ အဲ့ဒီတော့မှာ စာရေးဆရာမ ကြည်နုခေတ်နဲ့ ကဗျာဆရာ လင်းသျှီလတို့က ကျွန်မကို လင့်ခ်တစ်ခု ပို့ထားတာတွေ့ရတယ်။ ကျွန်မ အဲ့ဒီလင့်ခ်ကို ဝင်ဖတ်တော့မှာ Harry Shane ဆိုတဲ့ အကောင့်ပိုင်ရှင်က ထွက်ရှိပြီးခဲ့တဲ့ ကျွန်မရဲ့ “ချစ်ခြင်းရယ် ကိုယ်ရယ်မင်းရယ်” လုံးချင်းဝတ္ထုရယ် “အမုန်း သင့်ကျိန်စာ” ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်စလုံးကို ဖြတ်ညှပ်ကပ် လုပ်တာမဟုတ်ဘဲ “၏သည်” မရွေး အစအဆုံးကူးပြီး သူ့နာမည်နဲ့ လိုင်းပေါ် အခန်းဆက်ဝတ္ထုတင်နေတာပါ။ တစ်လုံးမှကို အလွဲမရှိပါဘူး။ ဇာတ်လိုက်နာမည်၊ ဝတ္ထုနာမည်ကအစ တူနေတာပါ။

ဒါနဲ့ ကျွန်မအဲ့ဒီအကောင့်ထဲ ဝင်ကြည့်လိုက်တော့ Harry Shane (ရင်စူးမြှား) ဆိုတဲ့ နာမည်နဲ့ အခန်းဆက်ဝတ္ထုတွေ အများကြီးတင်ထားတာကို တွေ့ရပါတယ်။ အွန်လိုင်းပေါ်က ကျွန်မပရိသတ်တွေ ပို့ပေးလာတဲ့ အချက်အလက်တွေအရ ဒီကောင်လေးဟာ ထုတ်ဝေပြီးတဲ့ စာရေးဆရာမတွေရဲ့ ဝတ္ထုတော်တော်များများကို လိုင်းပေါ်တင်နေတာ ပရိသတ်တောင် တော်တော်ရနေပါပြီ။ ကျွန်မတို့ စာအုပ်ဖတ်ဖူးသူတွေက အဲ့အခန်းဆက်ဝတ္ထုတင်တဲ့ Page အောက်မှာ အဲ့စာအုပ်က ဆရာမ ဘယ်သူရဲ့ ဝတ္ထုပါပြောရင် သူ့ကို အားပေးတဲ့သူတွေက ဝိုင်းဆဲတယ်။ အကောင့်ကို ရီပိုစ့်ထုတယ်တဲ့။

လတ်တလောအတွင်းမှာ ဖြစ်သွားတာတော့ ဆရာမ သျှင်မပါ။ ဆရာမသျှင်မရဲ့ ဝတ္ထုတွေကိုလည်း အဲ့လို တိုက်ရိုက်ကူးပြီး နာမည်ကျမှ သူတို့နာမည်ပြောင်းတင်နေတာ တစ်အုပ်လည်းမဟုတ် နှစ်အုပ်လည်းမဟုတ်တော့ ဆရာမက အဲ့လို မလုပ်ကြဖို့၊ မခိုးကြဖို့ မေတ္တာရပ်ခံတော့ ဆရာမအကောင့်ထဲ ဝင်ပြီး ဘာသက်သေရှိလို့လဲဆိုပြီး ဆဲကြဆိုကြပါတယ်။ အဲ့ကလေးတွေဟာ နှစ်ဆယ်ပတ်လည် အသက်အစိတ်မကျော်သေးတဲ့ ကလေးတွေမှန်ပေမယ့် အသက်ငါးဆယ်ကျော်အရွယ် ဆရာမကို နင်ပဲငဆ ဆဲဆိုပြီး အကောင့်ကို ဝိုင်းရီပိုစ့်ထုတော့ ဆရာမ အကောင့်ဟာ ပျက်သွားပါတယ်။

ကျွန်မဝတ္ထုကို ကော်ပီကူးထားတဲ့ လင့်ခ်ကို လိုင်းပေါ်တင်ပြီး ကျွန်မစာအုပ် ခိုးကူးတဲ့ကလေးကို လာတောင်းပန်ပေးပါ၊ ကူးထားတဲ့ဝတ္ထုတွေအားလုံး ဖြုတ်ချပေးပါဆိုပြီး ကြေညာလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ Harry Shane အကောင့်ပိုင်ရှင်ဟာ ကျွန်မတို့ အကောင့်တွေကို ဝင်ဘလော့ပြီး ကိုယ်ယောင်ဖျောက် နေခဲ့ပါတယ်။ တောင်းလည်း မတောင်းပန်သလို ကူးထားတဲ့ ဝတ္ထုတွေကိုလည်း ဖြုတ်မချခဲ့ပါဘူး။ သူ ခိုးကူးတဲ့ဝတ္ထုရဲ့ စာရင်းကို ကျွန်မပြုစုလိုက်တဲ့အခါမှာ စာရေးဆရာမ ဆုအဉ္ဇလီရဲ့ ဝတ္ထုက ငါးအုပ်၊ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ စာအုပ်က နှစ်အုပ်၊ ကျွန်မ စာအုပ်က နှစ်အုပ်၊ စုစုပေါင်း ကိုးအုပ်ဆိုတာ ကျွန်မ စာရင်းရခဲ့ပါတယ်။ ကျန်တဲ့ဟာတွေတော့ ကျွန်မ မဖတ်နိုင်လို့ ဘယ်စာအုပ်တွေ ထပ်ကူးသေးသလဲ၊ ကိုယ်တိုင်ရေးပါသေးလားဆိုတာ မဆန်းစစ်နိုင်ပါဘူး။

ကျွန်မက မတောင်းပန်ရင် တရားစွဲမယ်လို့၊ အရေးယူမယ်လို့ အဲဒီ Page ကို သွားပြောတော့မှ အဲဒီ Page က ကလေးတွေက သူ့ကို ဆက်သွယ်ပြီး တောင်းပန်ခိုင်းပုံရတယ်။ Chat Box ကနေ ကျွန်မကို စာပို့လာတာက ဒီလို-

“မင်္ဂလာပါ ဆရာမ... ကျွန်တော်က ဆရာမပြောနေတဲ့ Harry Shane ဆိုတဲ့ အကောင့်ပိုင်ရှင်ပါ။ ဆရာတို့ပြောနေတဲ့ Copy ယူတဲ့တရားခံက ကျွန်တော်ပဲ ထားပါတော့၊ အဲဒါကြောင့် ကျွန်တော်လာပြီး တောင်းပန်တာပါ။ ဥပဒေအရ အရေးယူတာ မယူတာ ဆရာမတို့အပိုင်းပါ။ အမှန်အတိုင်း ပြောရင် ဆရာမရဲ့ ကလောင်နာမည် လှိုင်းကြာဖြူဆိုတာ သိလည်းမသိ ကြားလည်း မကြားဖူးပါဘူး။ ဆရာမက တရား ဥပဒေနဲ့ အရေးယူမယ်လို့ ပြောထားတာ တွေ့ပါတယ်။ လိုင်းပေါ်က လူတစ်ယောက်ကို ဆရာမဘယ်လိုရှာမလဲ ... ကျွန်တော့်ပုံကော ဆရာမမြင်ဖူးလို့လား၊ ဘယ်မှာနေတာကော သိလို့လား၊ ရှိန်းဝဏ္ဏဆိုတဲ့ နာမည်ကကော အမှန်လို့ ထင်နေလား”

တောင်းပန်တာနဲ့ မတူဘဲ ခြိမ်းခြောက်တာနဲ့ တူနေရော။ အခု နောက်ပိုင်းမှာ တချို့ Online Writer တွေဟာ အဲ့လိုပဲ ကူးနေကြတယ်တဲ့။ သူတို့ဘက်က. Like တွေ အများကြီးရထားတဲ့ ဆယ်လီတွေဆိုတော့ အင်အားတောင့်တယ်ဆိုရမယ်။ မကျေမနပ်ပြောမိတဲ့ ကိုယ်မန့်အောက်မှာ ဝိုင်းဆဲကြတဲ့ ကလေး တချို့တွေ၊ ကွယ်ရာမှာ ဂရုဖွဲ့ပြီး အတင်းတုတ်တဲ့ ကလေးတွေကြောင့် သူတို့ အနာဂတ်ကို တွေးကြည့်ပြီး ရင်မောမိတယ်။

သူတို့ပြောသလို ကျွန်မဝတ္ထုက ယုတ်လျော့ သွားစရာမရှိပေမယ့် အဲ့ကောင်လေးတွေက စာပေကို တကယ်ချစ်မြတ်နိုးကြတာ မဟုတ်ဘူးလေ။ လိုင်းပေါ်မှာ နာမည်ကြီးချင်ရုံကလွဲရင် စာပေအသိမရှိတဲ့သူတွေပေါ့။ လိုင်းပေါ်မှာ ကိုယ့်ဘာသာ ရိုးရိုးသားသားရေးနေတဲ့ကလေးတွေနဲ့လည်း တွေ့ဖူးပါတယ်။ ကျွန်မတို့တောင် စောင့်ဖတ်ရလောက်တဲ့အထိ ကောင်းပါတယ်။ ဒါပေမဲ့ အစောကလို အွန်လိုင်းသူခိုးတွေကြောင့် သူတို့ခမျာ ရောအပြောခံနေရတာ စိတ်မကောင်းပါဘူး။ နောက်ပိုင်းမှာ နာမည်ကြီး ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ စာတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး နာမည်ကြီး လာတဲ့ကလေးတွေက မနည်းပါဘူး။

စာရေးဆရာအသင်းဆီ ဘယ်လိုလုပ်ရင် ကောင်းမလဲ ကျွန်မအကြံတောင်းတော့ နာမည်၊ နေရပ်လိပ်စာ မသိဘဲနဲ့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ သတင်းစာထဲမှာ ရှေ့နေနဲ့ ကြေညာချက်ထုတ်ပါတဲ့။ ရှေ့နေနဲ့ ကြေညာချက်ထုတ်ရင် အချိန်ကုန် ပိုက်ဆံကုန်တာက ကျွန်မတို့ပါ။ တစ်ရာဖိုး သုံးကောင့်တန်တွေနဲ့ အကောင့်တစ်ကောင့်ပျက်ရင် နောက်တစ်ကောင့်နဲ့ ရေးနေတဲ့ ကလေးတွေအတွက် ကျွန်မတို့က ဟားစရာဖြစ်နေပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိ လိုက်ရှာရမယ့် ကျွန်မတို့လို စာရေးသူတွေအတွက် အခက်အခဲရှိပါတယ်။ စာရေးဆရာနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တစ်ခုခုက ကျွန်မတို့စာရေးသူတွေဘက်က ကာကွယ်ပေးနိုင်မယ့် စီမံချက်တစ်ခုခုမျိုးလုပ်ပေးရင် ကောင်းမှာပဲလို့ ကျွန်မယူဆပါတယ်။

ခုတော့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့စာပေတွေဟာ သောင်ပြင်မှာ လွှတ်ထားခံရတဲ့ ခွေးတွေလို အကာအကွယ်မဲ့နေတယ်လို့ ကျွန်မခံစားရပါတယ်။ အင်တာနက်ပေါ်တက်လိုက်တာနဲ့ နေ့စဉ်နဲ့အမျှ ဘယ်ကဗျာဆရာရဲ့ ကဗျာကို ဘယ်သူက ခိုးသွားတာ။ ဘယ်စာရေးသူရဲ့ဝတ္ထုကို လိုင်းပေါ်ခပ်တည်တည်တင်ပြီး ကောက်တပ်တယ်ဆိုတဲ့ ပြဿနာကို ကျွန်မတို့ မကြာခဏကြုံနေရပါတယ်။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းမယ်ဆိုတော့လည်း Facebook မှာ အချက်အလက်အမှန်က မဖြည့်၊ Profile ပုံအစစ်အမှန်က မတင်၊ ကျွန်မတို့က ဘယ်လို စုံစမ်းစစ်ဆေးရမလဲ။ စာပေနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေက ဒီအတွက် ထိရောက်စွာ အရေးယူဖို့ စီမံချက်တွေ၊ နည်းလမ်းတွေ ချမှတ်ပေးရင် သိပ်ကောင်းမှာပဲလို့ ကျွန်မ ဆန္ဒပြုမိပါတယ်။

လှိုင်းကြာဖြူ (လားရှိုး)