News

POST TYPE

ARTICLE

ကောက်ရိုးမီးတိုင်းပြည်
28-Aug-2019


တိုင်းပြည်အရေးက တော်တော်လေး ရှုပ်ထွေးသည်။ ဇော်ဂျီပဲ ဆက်သုံးရမလား၊ ယူနီကုတ်ပဲ ပြောင်းရမလား ဝေခွဲမရ။ ဒီကြားထဲ ရခိုင်နဲ့ ရှမ်းမြောက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေသည်။ ရန်ကုန်နဲ့ အဝေးကြီးမို့ ကိုယ့်ကို မထိခိုက်ဘူးလို့ထင်သော်လည်း မဟုတ်ပြန်။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကားတွေပိတ်သည်။ မှာထားသည့်ကုန်ပစ္စည်းတွေ ရန်ကုန်ကိုရောက်မလာ၊ မီးပဲအရှို့ခံရမလား၊ ဖမ်းပဲသွားမလား စိုးရိမ်မိသည်။ 

ခြေဥကလည်း ပြင်မှာလား၊ မပြင်ဘူးလား မသေချာသေး။ စကားတွေတော့ အများကြီးပြောကြသည်။ လွှတ်တော်မှာတော့ ရန်တွေဖြစ်မလိုလို ဘာလိုလို။ ခြေဥပြင်ရင်ရော ဘာတွေပြောင်းလဲမလဲ။ သေချာမသိ။ အခုတော့ စီးပွားရေးတွေကမကောင်း။ ဘဏ်တွေက အကြွေးပြန်တောင်းမည်လို့ ငိုသံတွေကြားနေရသည်။ အကြွေးယူရင်တော့ ပြန်ဆပ်ရမှာပေါ့လေ။ 

အကြွေးပြန်မဆပ်နိုင်လျှင် အိမ်တွေ၊ ခြံတွေသိမ်းမည်။ ပြီးလျှင်ရောင်းမည်။ ဒါဆို အိမ်၊ ခြံ၊ မြေတွေ ဈေးကျလာနိုင်သည်။ မရောင်းဘဲ ဘဏ်တွေ ထပ်ဖွင့်ရင်တော့ မြန်မာပြည်တွင် ဘဏ်တွေ ပေါလာဦးမည်။ ဒါဆိုလည်း မဆိုး ဘဏ်ဝန်ထမ်းချောချောလေးတွေ ပိုမြင်ရတာပေါ့လေ။ 

လူတွေကလည်း ဘာကိစ္စပဲဖြစ်ဖြစ် ခဏပဲ စိတ်ဝင်စားကြသည်။ ဗစ်တိုးရီးယားဆိုတော့လည်း ဗစ်တိုးရီးယားလိုက်ကြသည်။ ကျော်ဇင်းဝင်ဆိုတော့ ကျော်ဇင်ဝင်းလိုက်ကြသည်။ ခဏနေတော့လည်း မေ့သွားကြပြန်သည်။ စိတ်မဝင်စားကြတော့။ ထုံးစံအတိုင်း နန်းမွေစံ ဘာတင်လဲ၊ သင်ဇာဝင့်ကျော် ဘာဝတ်လဲ ဆိုတာပဲ လိုက်ရှာကြတော့သည်။ ဒါကလည်း စိတ်ဝင်စားဖို့ကောင်းတာကိုး။ 

ဟိုတစ်လောက ရေတွေကြီးသည်။ မြေတွေပြိုသည်။ အဲ့တုန်းကလည်း ခဏစိတ်ဝင်စားလိုက်သေးသည်။ ရေပြန်ကျတော့ စိတ်ဝင်စားစရာမလိုတော့။ ဒါပေမဲ့ ရန်ကုန်က မီးပွိုင့်များတွင်တော့ အလှူခံတွေ မှိုလိုပေါက်လာသည်။ တကယ်အမှန်အကန် အလှူခံနေတာလား၊ ဖလားဝါးတွေလား သေချာမသိရ။ သေချာတာကတော့ နောက်တစ်ခါ ရေကြီးသည်အထိ ထိုအလှူခံတွေကို တွေ့ရလေ့ရှိသည်။ ရေကြီးတာခံရတော့ နယ်ကလူတွေ။ အလှူတွေခံပြီး ကောင်းစားသွားတော့ မြို့က လူလည်တွေ။ 

H1N1 ရောဂါကြောင့် လူတွေသေတာ တစ်ရာကျော်ပြီ။ ရန်ကုန်မှာက အများဆုံး။ ဘယ်သူမှ စိတ်မဝင်စားကြ။ ၂၀၁၇ တုန်းကဆို သေသူ ၄၀ ဝန်းကျင်ပဲရှိသည်။ အဲ့တုန်းကတော့ လူတွေ အုန်းအုန်းကျွက်ကျွက် စိတ်ဝင်စားကြသည်။ မျက်နှာဖုံးတွေ တပ်ကြသည်။ အပြင်သွားလျှင် သတိတွေထားကြသည်။ အခုတော့လည်း အေးဆေးပင်။ အစားအသောက်မပျက်။ တစ်ရာကျော်သေလည်း ဂရုမစိုက်တော့။ သိပ်မထူးဆန်းသလိုလို။ ပြည်သူက ဂရုမစိုက်တော့ အစိုးရကလည်း အေးဆေးပဲပေါ့။ 

အရင်လကတော့ ခွေးတွေ သောင်းကျန်းလိုက်သေးသည်။ ကလေးကိုက်လိုက်၊ လူကြီးကိုကိုက်လိုက်နှင့်။ စည်ပင်က ခွေးတွေကို သတ်သည်။ ခွေးချစ်သူတွေက တားကြသည်။ ခွေးကိုက်ခံရမှာ ကြောက်သူတွေနှင့် ခွေးချစ်သူတွေ ပြဿနာတက်ကြ။ ဆဲကြဆိုကြ။ နောက်တော့လည်း ခွေးအချို့ အဖမ်းခံရသည်။ ခွေးဂေဟာကို ပို့သည်ဟုဆိုသည်။ သေချာမသိ။ ခွေးချစ်သူတွေကတော့ စည်ပင်တွေ သတ်သည်ဟု ဆိုသည်။ ဘာပဲဖြစ်ဖြစ် ခွေးဂေဟာတွေကတော့ အလုပ်ဖြစ်ကုန်သည်။ အလှူခံလို့ကောင်းသွားသည်။ 

တကယ်တော့ စိုပြေလည်း ဘာကိုမှ သိပ်စိတ် မဝင်စားလှပါ။ ကိုယ်နှင့် သိပ်မဆိုင်။ တိုက်ပွဲဖြစ်တာကလည်း လက်နက်ကိုင်အချင်းချင်းဖြစ်တာ။ ဘဏ်တွေ ကိစ္စကလည်း အေးဆေး။ ဘဏ်ထဲမှာ ပိုက်ဆံမှမရှိတာ။ ရေကြီး မြေပြိုကလည်း ကိုယ့်နားမှာ ဖြစ်တာမှ မဟုတ်တာ။ 

စိုပြေ စိတ်ဝင်စားတာ နှစ်ခုပဲရှိသည်။ တစ်ခုက ယူနီကုတ်နှင့် ဇော်ဂျီကိစ္စ။ အဲ့ဒါကတော့ စိတ်ပူစရာ နည်းနည်းကောင်းသည်။ အခုတောင် အွန်လိုင်းပေါ်မှာ ဘယ်သူတွေက ဘာတွေနှင့် ရေးနေမှန်းမသိတော့။ ဖတ်မရ၊ ကြည့်မရ။ ကွန်ပျူတာနှင့် သုံးနေတော့ ပိုဆိုးသည်။ နည်းပညာနှင့်ဝေးတော့ ကိုယ်တိုင်က ဇော်ဂျီနှင့် သုံးနေတာလား၊ ယူနီကုတ်နဲ့ သုံးနေတာလား သေချာမသိ။ နောက်တစ်ခုက ကိုယ်ရေးတာတွေကို အခြား လူတွေမမြင်ရင် ဘယ်လိုလုပ်မလဲ။ အင်းလေ။ မမြင်ရတော့လည်း အဆဲမခံရတော့ဘူးပေါ့လေ။ 

နောက်တစ်ခုကတော့ ရှမ်းမြောက်မှာ လမ်းတွေ ပိတ်တာ။ တိုက်ပွဲဖြစ်တာ စိတ်မဝင်စားသော်ငြား...လမ်းတွေပိတ်တာကိုတော့ စိတ်မကောင်း။ စိုပြေလည်း တရုတ်ပြည်က ပစ္စည်းတွေ မှာထားတာကိုး။ လမ်းတွေ ပိတ်လို့ ပစ္စည်းတွေ မရောက်လျှင် ကိုယ့်ဟာတွေ ဆုံးရှုံးမှာ။ 

ဒီတော့ အစိုးရကို အကြံတစ်ခုပြုလိုသည်။ မူဆယ်၊ ရွှေလီနှင့် မန္တလေးကို မိုးပျံတံတားကြီးထိုးစေချင်သည်။ ကုန်ကားတွေ သွားဖို့ပေါ့။ ပုံမှန်လမ်းက သွားလျှင် လက်နက်ကိုင်တွေကြောက်ရ၊ သေနတ်မှန်မှာ ကြောက်ရနှင့်ဆိုတော့ မိုးပျံလမ်းကြီးကိုသာ ဆောက်လိုက်လျှင် ကြောက်ရတော့မည်မထင်။ တိုက်ပွဲတွေက အောက်မှာဖြစ်လည်း ဂရုစိုက်စရာမလို။ မိုးပျံလမ်းပေါ်မှာ ကားတွေသွားရုံသာ။ ဒါဆို ကုန်သွယ်ရေးကို လည်း ထိခိုက်မည်မဟုတ်။ စီးပွားရေးလည်း ကျဆင်းမည်မဟုတ်။ 

တစ်ခုတော့ ရှိသည်။ ထိုလမ်းကို တရုတ်ပြည် အစိုးရကို ဆောက်ခိုင်းရမည်။ တရုတ်အစိုးရသာ ဆောက်သည့်လမ်းဆိုလျှင်တော့ ဘယ်လက်နက်ကိုင်မှ ထိရဲမည် မထင်။ အခုဆိုလည်း တရုတ်ပြည်သို့သွယ်ထားသည့် ဓာတ်ငွေ့ပိုက်လိုင်းကို ဘယ်သူမှ ထိရဲတာမှ မဟုတ်တာ။ 

စိုပြေ


  • VIA