News

POST TYPE

ARTICLE

သူ ဘာတွေ ဖြစ်သွားတာလဲ
27-Aug-2019


ယခုဆောင်းပါးမှာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် Ben Rhodes  ရေးသားသည့် What happened to Aung San Suu Kyi? ဟုအမည်ရသည့် ဆောင်းပါးကို The Voice Daily က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ The Atlantic မဂ္ဂဇင်းပါ အဆိုပါ ဆောင်းပါးမှာ အတော်အတန် ရှည်လျားသည်ဖြစ်ရာ အပိုင်းခွဲ၍ ဖော်ပြသွားမည် ဖြစ်ပါသည်။ 

အယ်ဒီတာ

ရိုဟင်ဂျာပြဿနာသည် တရုတ်နိုင်ငံအတွက် အခွင့်အလမ်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် အနောက်အုပ်စု၏ ပြစ်တင်ဝေဖန်မှုကို ခံရသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုလသမဂ္ဂတွင် အကာအကွယ်ပေးရန် တရုတ်အပေါ် ပိုမိုမှီခိုလာရမည်ဖြစ်သည်။ “အနောက်ကမ္ဘာက မိတ်ဆွေတွေက ငြင်းတယ်ဆိုရင် တခြားကို လှည့်ရှာရတော့မယ်လေ” ဟု ဦးသောင်းထွန်းက ပြောသည်။ တရုတ်နိုင်ငံကလည်း အကြမ်းဖက်ဝါဒကို ရမယ်ရှာကာ မွတ်စလင်များအား ကိုင်တွယ်ရန် အာဏာရှင်ဆန်သောနည်းလမ်းကို မျှဝေပေးမည်ဖြစ်သည်။ တရုတ်နိုင်ငံအတွင်း တာ့ကစ်ရှ်မွတ်စလင်အများဆုံးနေထိုင်သည့် ရှင်ကျန်းတွင် အသက်မွေးဝမ်း ကျောင်းသင်တန်းဟု ခေါင်းစဉ်တပ်ထားသော စခန်းများ၌ မွတ်စလင် တစ်သန်းခန့်ကို ထိန်းသိမ်းထားသည်။

အကယ်၍ တရုတ်တို့က အထိန်းအကွပ်မဲ့ အာဏာရှင်ဝါဒဖြင့် လွှမ်းမိုးလာနေသည် ဆိုပါက Facebook သည် အထိန်းအကွပ်မဲ့ ပွင့်လင်းမှု၏ အန္တရာယ်ကို ဖြန့်ချိနေသည်ဟု ဆိုနိုင်သည်။ ရန်ကုန် တွင်တွေ့ဆုံခဲ့သော အိုင်တီကဏ္ဍမှ စွန့်ဦးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒိန်းမတ်လူမျိုး ဂျက်စ်ခါလေဘီပီတာ ဆန်က ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် စတင်ပြောင်းလဲခဲ့သော တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍသည် မြန်မာနိုင်ငံအား ငါးနှစ်အတွင်း အင်တာနက် အသုံးအနည်းဆုံးအဆင့်မှ ၉၀ ရာခိုင်နှုန်း ထိုးဖောက်ဖြန့်ကြက်နိုင်သည့်အဆင့်သို့ ဖားခုန်သည့်ပုံစံဖြင့် ကူးပြောင်းနိုင်ခဲ့သည်ဟု ရှင်းပြသည်။ ပြည်သူအားလုံးနီးပါးသည် ကွန်ပျူတာမရှိကြဘဲ လက်ကိုင်ဖုန်းပေါ်ရှိ Facebook အက်ပ်မှတစ်ဆင့် အင်တာနက်ကို သုံးစွဲနေကြခြင်းဖြစ်သည်။ အကျိုးဆက်မှာ အမုန်းစကားဖြန့်ချိမှု ပေါက်ကွဲသွားခြင်းဖြစ်သည်။ နိုင်ငံပိုင်မဟုတ်သော မီဒီယာကို အနည်းငယ်သာ ထိတွေ့နေသည့်အဆင့်မှ အရာရာကို ထိတွေ့ခွင့်ရသွားသည့် အခြေအနေကို မြင်ယောင်ကြည့်ပါက သတင်းအချက်အလက်များသည် ခံစားချက်ကို နှိုးဆွပေးသော ကောလာဟလများသာဖြစ်ပြီး အများစု မှားယွင်းနေသော သတင်းမှားများကို လူမှု မီဒီယာသုံးစွဲသူထံ ကွန်ပျူတာစနစ်က အလိုအလျောက် ထည့်ပေးနေခြင်းဖြစ်သည်။ လူနည်းစု အသိုင်းအဝိုင်းမှန်သမျှ ပစ်မှတ်ထားခြင်းခံနေရပြီး အထူးသဖြင့် ရိုဟင်ဂျာများဖြစ်သည်ဟု ပီတာဆန်က ရှင်းပြသည်။

ပြန်စဉ်းစားကြည့်ပါက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော တင်းမာမှုများကို တားဆီးရန် အိုဘားမားအစိုးရလက်ထက်က ပိုမိုလုပ်ဆောင်နိုင်ခဲ့သလား ဆိုသည်ကို ကျွန်တော် တွေးတောနေမိသည်။ ထိုသို့လုပ်ခဲ့လျှင် နည်းလမ်းကောင်းရှားပါးနေသော လက်ရှိအိမ်ဖြူ တော်ကြောင့် စိတ်ညစ်နေသော စာရေးသူအတွက် စိတ်သက်သာစရာ ဖြစ်ပေလိမ့်မည်။ မြန်မာအစိုးရ အပေါ် ပြစ်ဒဏ်ပေးခြင်းသည် တရုတ်ဘက်သို့ တွန်းပို့ရာရောက်သောကြောင့် လက်ရှိအစိုးရနှင့် ပိုမိုထိတွေ့ ဆက်ဆံခြင်းသည် စွန့်စားရကျိုးနပ်မည်ဖြစ်သည်။ သို့ရာတွင် ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံအကြောင်း၊ ရိုဟင်ဂျာအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း လူသိရှင်ကြား ပြောဆိုမှုလုံးဝမရှိခဲ့ပေ။ မွတ်စလင်များနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား မလိုလားကြောင်း လေလုံးထွားနေသော ထရမ့်စကားများသည် ဒုက္ခသည်များဆိုင်ရာအရေးတွင် အမေရိကန်၏ ဦးဆောင်မှုကဏ္ဍကို သေးသိမ်ထိခိုက်စေခဲ့သည်။ အမေရိကန် လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်၏ စကားကို သံယောင်လိုက်သူ မြန်မာလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ရခိုင်ပြည်နယ်မှ လူမျိုးပြုန်းသတ် ဖြတ်မှုများ ကျူးလွန်သူနှင့် တာဝန်ရှိသူများအား နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC က အရေးယူနိုင်ရေးကို ကန့်ကွက်လိုက်ပြီး “ICC အနေနဲ့ အမေရိကန်၊ အစ္စရေးနဲ့ မြန်မာနိုင်ငံတို့ကို အရေးယူလို့မရပါဘူး” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ မြန်မာနိုင်ငံကို ရစ်ပတ်ထားသော အမျိုးသားရေးဝါဒ၊ အာဏာ ရှင်ဝါဒ၊ လစ်ဘရယ်မကျတော့သော အမေရိကန်အစိုးရ၊ အကြမ်းဖက်ဝါဒနှင့် လူမှုမီဒီယာ၏ ဖျက်ဆီးခြင်းခံလိုက်ရသော လူ့အဖွဲ့အစည်း စသော ပြဿနာများ၏ အထက်တွင် ထိုးထွက်ပေါ်လွင်နေလိုပုံ မရပါ။ သူမသည် ဇွန်လက ဟန်ဂေရီ၏ အာဏာရှင်ဆန်သောခေါင်းဆောင် ဗစ်တာအာဘန်နှင့် တွေ့ဆုံခဲ့စဉ်က မွတ်စလင် လူဝင်မှု ပြဿနာ ကိုင်တွယ်ရေး စိန်ခေါ်မှုအပေါ်တွင် ၎င်းနှင့် တစ်သဘောတည်းရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

(၇) မြန်မာနိုင်ငံ၏ အနာဂတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီး ၇ နှစ်အကြာတွင် ကျွန်တော့်တွင် ဒေါ်အောင်ဆန်းစုကြည် ဘာကိုအလိုရှိတာလဲ ဟူသော မေးခွန်းတစ်ခု ကျန်ခဲ့သည်။

သူမသည် မြန်မာနိုင်ငံ၏ သမ္မတ၊ မြန်မာနိုင်ငံ၏ အကြီးအကဲနေရာကို အလိုရှိကြောင်း သံသယရှိစရာ မလိုပေ။ သို့သော် အဘယ်ကြောင့်နည်းဟု မေးစရာရှိသည်။ 

သာမန်အဖြေတစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ယောက်အနေနှင့် ဖခင်၏ အမွေဆက်ခံရန်၊ ဒီမိုကရေစီအတွက် စွန့်လွှတ်ပေးဆပ်ခဲ့ရသူတစ်ဦး အနေနှင့် ပန်းတိုင်ကိုရောက်ရှိရန် ဗုဒ္ဓဘာသာကိုးကွယ်သော မြန်မာနိုင်ငံအပေါ် အုပ်ချုပ်ခွင့်အာဏာရရှိလို ရုံမျှသာဖြစ်သည်။ ဤရှုထောင့်အမြင်အရဆိုလျှင် ပုဂ္ဂိုလ်ရေးရည်မှန်းချက် ပြည့်ဝရုံအတွက်သာဖြစ်သည်။ ရိုဟင်ဂျာတို့ဘက်မှ ရပ်တည်ပါက သူမ၏ နိုင်ငံရေး ရပ်တည်မှုကို ထိခိုက်စေပြီး အဆိုပါပန်းတိုင်အတွက် အန္တရာယ်ဖြစ်လာမည်ဖြစ်သည်။

ပိုမိုစဉ်းစားတွေးခေါ်ထားသည့် အဖြေမှာ သူမသည် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန်၊ စစ်ဘက်၏ ဗိုလ်ကျအုပ်ချုပ်မှုကို အရပ်ဘက်အုပ်ချုပ် ရေးဖြင့် ပြန်လည်အစားထိုးရန်၊ တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးရရှိရန်၊ ပြည်သူတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်ပြီး လူမျိုးတုံးသန့်စင်မှုမျိုး အတွေးထဲမှာပင် မရှိသည့် တိုင်းပြည်မျိုးဖြစ်လာအောင် တည်ဆောက်ရန်အတွက် အမှန်တကယ် လိုလားပြီး ထိုပန်းတိုင်သို့ ချီတက်နိုင်ရေးတွင် စိတ်ရှည်သည်းခံမှုနှင့် နိုင်ငံရေး အပေးအယူ စေ့စပ်ညှိနှိုင်းမှုတို့ကို လိုအပ်နေခြင်းဖြစ်သည်။

အထက်ပါ အဖြေနှစ်ခုလုံး မှန်ကန်သည်ဟု ကျွန်တော် ယုံကြည်သည်။ သူမနှင့် တွေ့ဆုံခဲ့သော နှစ်ကာလများတစ်လျှောက်လုံး သူမမျှော်မှန်းသည့် အယူဝါဒနှင့် ထို့အတွက် အာဏာရယူမည့်ဆန္ဒနှစ်မျိုးစလုံးကို ကျွန်တော်တွေ့မြင်ခဲ့သည်။ အမျိုးသားပြန် လည်သင့်မြတ်ရေးကို လုပ်ဆောင်ရန် အရေးကြီးသည်ဟု ပြောဆိုခဲ့သူ၊ အကြမ်းမဖက်ရေးနှင့် တွေ့ဆုံညှိနှိုင်း ရေးကို အလေးထားသူ၊ သူမသည် စံပြုထိုက်သူ အိုင်ကွန် မဟုတ်ဘဲ နွံထဲမှ ရုန်းထနေသည့်နိုင်ငံတွင် နိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်ရန် ကြိုးစားနေသူတစ်ဦးသာဖြစ်သည်ဟု ပြောဆိုလေ့ရှိသူ၊ ကြေကွဲဖွယ် သူရဲကောင်း ဝါဒ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည့် Glory ဇာတ်ကား DVD ကို မေးမြန်းသူ အမျိုးသမီးကြီးကို စာရေးသူ ပြန်ပြောင်းသတိရမိပါသည်။ ထို့အပြင် သူမ၏ရည်မှန်း ချက်များကို ထောက်ကူရန် အပြောအဆိုကို ထိန်း ကျောင်းတတ်သည့် အလေ့အထရှိသူ၊ သူမအကျယ်ချုပ် ကျခံနေရစဉ် တောက်လျှောက်ရပ်တည်ပေးခဲ့ကြသော လစ်ဘရယ်လက်ဟောင်းကြီးများကို အလွယ်တကူ လက်တွဲဖြုတ်ခဲ့သူ၊ လူ့အခွင့်အရေး အယူအဆများအပေါ်တွင် အချုပ်အခြာအာဏာကို ပါးပါးလေး လွှမ်းခြုံထားသူ၊ နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်က ဗြိတိန် ထီးနန်းအကြောင်း ရိုက်ကူးထားသည့် Crown ဇာတ်ကားကို စိတ်ဝင်စားကြောင်း ပြောဆိုခဲ့သူ အမျိုးသမီးကြီးကိုလည်း ပြန်ပြောင်းသတိရမိပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ ထောက်ခံအားပေးခဲ့သူ Human Rights Watch မှ ဒေးဗစ်မက်သီဆင်က ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကျဆင်းမှုသည် နိုင်ငံတစ်ခုလုံးကို တစ်ဦးတည်း၏ ပခုံးပေါ်တွင် မနိုင်ဝန်ထမ်းထားရသူတစ်ဦး အပေါ် မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားမိခြင်းနှင့် ပတ်သက်၍ သင်ခန်းစာပေးသွားသည်ဟု ပြောပြခဲ့သည်။ ထိုမှတ်ချက်သည် စာရေးသူအတွက်လည်း မှန်ကန်နေပြီး ရှုပ်ထွေးသောနိုင်ငံများရှိ နိုင်ငံရေးပြဿနာ အရှုပ်အထွေးများကို သူရဲကောင်းစတားတစ်ဦး၏ ကျင့်ဝတ်သိက္ခာ တိုက်ပွဲသဖွယ် ရှုမြင်ခဲ့မိသည့်အတွက် အပြစ်ရှိသူအားလုံး၏ ကျရှုံးမှုကို ညွှန်ပြနေခြင်းဖြစ်သည်။ သို့ရာတွင် “အာဏာဆုံးရှုံးမည်ကို ကြောက်ရွံ့မှုသည် ထိုအာဏာကို ကျင့်သုံးနေသူများကို ပျက်စီးစေပြီး ဖိနှိပ်မှုအာဏာကို ကြောက်ရွံ့ခြင်းသည်လည်း ထိုသို့ ဖိနှိပ်ခံရသူများကို ပျက်စီးစေသည်” ဟု တစ်ချိန်က ရေးသားခဲ့သော အယူအဆများနှင့် သိသိသာသာ ကင်းကွာလာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အား ခွင့်လွှတ်ပေးနေခြင်းမဟုတ်ပါ။

မြန်မာနိုင်ငံ၏ အခြေအနေသည် မျှော်လင့်ချက်မမဲ့သေးသော်လည်း စာရေးသူတို့၏ မျှော်လင့်ချက်များကို တစ်ဦးထက်မကသော လူများအပေါ်တွင် ရင်းနှီး မြှုပ်နှံထားမှုအပေါ်တွင် မူတည်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တစ်ချိန်က မျှော်မှန်းချက်များသည် သူမ၏ မီးအိမ်ကို ကောက်ယူ စွဲကိုင်မည့်သူများထံတွင် ဆက်လက်တောက်ပနေမည်ဟု စာရေးသူယုံကြည်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ သာဓကသည် နောက်မျိုး ဆက်အတွက် မက်ဆေ့ချ်တစ်ခုဖြစ်သည်ဟု ယုံကြည်နေဆဲပင်ဖြစ်သည်။ “ကျွန်မတို့နိုင်ငံသမိုင်းမှာ ရှိနေတဲ့ ပဋိပက္ခအားလုံးကို အင်အားသုံးပြီး မဖြေရှင်းချင်ပါဘူး” ဟု သူမကဆိုသည်။ တက်ကြွလှုပ်ရှားသူများက ပိုမိုပြင်းထန်စွာ ဝေဖန်ကြသော်လည်း အမြင်ချင်းတူညီကြသည်။ လူငယ်တက်ကြွလှုပ်ရှားသူ သဉ္ဖာရွှန်းလဲ့ရည်က “ဒေါ်အောင်ဆန်းစုကြည်က အပြောနဲ့အလုပ် မညီတော့ဘူး။ ဒါကြောင့် ကျွန်မတို့ ရင်နာရတယ်။ အခု ကျွန်မတို့ သူ့စကားတွေကို နားထောင်နေကြပေမယ့် လက်မခံနိုင်တော့ဘူး။ ခိုင်မာတဲ့ မူရှိတဲ့သူတစ်ဦးဟာ ဘယ်အခြေအနေရောက်ရောက် ထိန်းသိမ်းနိုင်ရမယ်လို့ ကျွန်မတို့ယူဆပါတယ်” ဟု သူမက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် စာရေးသူနှင့် စကားပြောဆိုခဲ့သူ အားလုံးနီးပါးသည် ရာစုနှစ်ထက်ဝက်ကျော် ဖိနှိပ် ခံခဲ့ရမှုကြောင့် အနာကျက်ရန် အချိန်ကြာကြာလိုအပ်မည့် စိတ်ဒဏ်ရာမျိုးကို ရရှိထားကြသူများဖြစ်သည်။ “လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း မျိုးဆက်တွေ အားလုံးဟာ အဲဒီအရင်က မျိုးဆက်ထက် ပိုဆိုးတဲ့ဒဏ်ကို ခံကြရတယ်။ ကြီးမားတဲ့ စိတ်ဒဏ်ပိမှုတစ်မျိုးပဲ” ဟု သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ပြောပါသည်။ နောက်ထပ် ဒီမိုကရေစီ လှုပ်ရှားသူတစ်ဦးကလည်း “၁၉၈၈ နောက်ပိုင်းမှာ လူတွေ အထဲမှာ သေကုန်ကြတယ်။ ဓာတ်ခွဲခန်းထဲက ကြွက်ကလေးတွေလို ဖြစ်ကုန်ကြတယ်” ဟုပြောကြားသည်။ ထိုကဲ့သို့ ကာလရှည်ကြာ နှိပ်စက်မှုဒဏ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း တွေ့ကြုံခံစားခဲ့ရသောအချက်ကို လျှော့မတွက်သင့်ပေ။ မြန်မာနိုင်ငံတွင် ကျွန်တော်နှင့် တွေ့ဆုံပြောဆိုခဲ့သူများစွာက တိုးတိုးပြောဟု ဆိုတတ်ကြသည် မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကျန်သေးသည့် နှစ်ကာလများတွင် မပြည့်စုံသော်လည်း ပိုမိုဖွံ့ဖြိုးလာသော၊ အထိအရှနည်းလာသော ဒီမိုကရေစီနှင့် လူ့အဖွဲ့အစည်းကို ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးမှုသည် အကောင်းဆုံး မျှော်မှန်းစရာမြင်ကွင်း ဖြစ်လာပါလိမ့်မည်။ ထိုသို့ဖြစ်လာရန် လွယ်ကူမည်မဟုတ်ပါ။ အာဏာရှင်ဝါဒနှင့် လူမျိုးရေးဝါဒတို့ ကမ္ဘာကြီးကို လွှမ်းနေချိန်မျိုးတွင် လွယ်ကူမည်မဟုတ်ပါ။ လူမျိုးစုအသီးသီး၏ တောင်းဆိုမှုများကြောင့် မျိုးဆက်များနှင့်ချီ၍ သွေးကွဲခဲ့ကြ၊ ခြယ်လှယ်ခဲ့ကြ၊ သတ်ပုတ်ခဲ့ကြသော တိုင်းပြည်တစ်ခုတွင် လွယ်ကူမည်မဟုတ်ပါ။ လူ့အခွင့် အရေးလှုပ်ရှားသူ ချင်းအမျိုးသမီး ချီရီဇာဟောက်အား မြန်မာနိုင်ငံ၏ အနာဂတ်ကို သူမ မည်သို့မြင်သလဲဟု မေးကြည့်သောအခါ သူမက နာကျင်မှုများ မည်မျှ အမြစ်တွယ်နေကြောင်းနှင့် မွတ်စလင်များအပေါ် ကရုဏာသက်ရန် ချင်းခရစ်ယာန်တို့ကို မည်သို့ ခက်ခက်ခဲခဲ စည်းရုံးနေရကြောင်း ရှင်းပြသည်။

“ချင်း ခရစ်ယာန်ဘုန်းကြီးတချို့က ခေါ်ပြီးမေးတယ်။ ချီရီ နင်ဘာကြောင့် ရိုဟင်ဂျာတွေကို ဒီလောက် ထောက်ခံနေရသလဲ။ သူတို့က မွတ်စလင်တွေတဲ့။ သူတို့ လည်း လူသားတွေပဲလေလို့ ကျွန်မကဖြေတော့ ဘုန်းကြီးက ဒါပေမဲ့ ဆီးရီးယားမှာ ခရစ်ယာန်တွေကို မွတ်စလင်တွေက သတ်နေကြတယ်လို့ ထောက်ပြတယ်”

သူမက ခဏတွေကာ စဉ်းစားနေသည်။ “ဒီကိစ္စ နှစ်ခုကို ဘယ်လိုလုပ်ကြမလဲ။ ဆီးရီးယားမှာ IS တွေက ခရစ်ယာန်တွေကို သတ်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာတော့ ရိုဟင်ဂျာတွေက သနားစရာဖြစ်နေတယ်” ဟု သူမကပြောရင်း လေသံက မြင့်တက်လာခဲ့သည်။

ကိုယ်ဝန်ကိုးလရှိနေသော သူမက ဗိုက်ပေါ်တွင် လက်ကိုတင်ထားရင်း “လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မတို့ ဒဏ်ရာတွေ အနာကျက်ဖို့လိုတယ်။ လူမျိုးရေးသွေးကွဲမှုတွေ၊ နိုင်ငံရေးရည်မှန်းချက် မတူညီမှုတွေ၊ ဘာသာစကား ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုမတူညီမှုတွေကြောင့် ကျွန်မတို့ စိတ်ဒဏ်ရာရခဲ့ကြတယ်။ ဗမာတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်လို၊ ၈၈ မျိုး ဆက်လိုပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးရည်မှန်းချက် မတူညီတဲ့အတွက် ဖိနှိပ်ခံခဲ့ကြရပြီး စိတ်ဒဏ်ရာရခဲ့ကြတယ်။ ပြီးတော့ ဒီတိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုကြောင့် များပြားလှတဲ့ပြည်သူတွေဟာ ဒုက္ခတွေ့နေကြတယ်။ အားလုံးက အနာတရဖြစ်နေကြပြီး ဒဏ်ရာကလည်း မကျက်ကြသေးဘူး။ ဒါကြောင့် ကျွန်မကတော့ လူ့အဖွဲ့ အစည်းတစ်ခုလုံး အနာကျက်ပြီး တိုးတက်ဖို့ လမ်းတစ်ခုအနေနဲ့ လူ့အခွင့်အရေးက အရေးကြီးတယ်လို့ မြင်တယ်” ဟု ပြောကြားသည်။

ငယ်ရွယ်သေးသော ဒေါ်အောင်ဆန်းစုကြည်ကမူ ထိုအချက်ကို သဘောတူပါလိမ့်မည်။ လက်ရှိအရွယ် ဒေါ်အောင်ဆန်းစုကြည်က သဘောတူလျှင်မူချီရီအနေနှင့် ထိုသို့ပြောဆိုတော့မည် မဟုတ်ပေ။ 

Ben Rhodes ရေးသားသည်။

ပြီးပါပြီ။