News

POST TYPE

ARTICLE

ပါရီကျဆုံးခန်း နှင့် မြသန်းတင့် (၂)
27-Aug-2019


ယခုကဏ္ဍသည် မြန်မာနိုင်ငံစာရေးဆရာကြီးများနှင့်ပတ်သက်၍ စာပေထုတ်ဝေရေးလောကတွင် နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းခဲ့ဖူးသူ ထုတ်ဝေသူတစ်ဦး၏ ကိုယ်တွေ့ အတွေ့အကြုံများ၊ အမှတ်တရများနှင့် အတွေးအမြင်များကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးဆရာတစ်ဦးချင်းစီအတွက် ၎င်းရေးသားထားသော စာစုများကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ (အယ်ဒီတာ)

ဆရာက ကျွန်တော့်ကို ပြုံးပြလိုက်ပြီး ခဏ ထိုင်ဦးဗျာ၊ ကျွန်တော် လက်စသတ်လိုက် ဦးမယ်လို့ လှမ်းပြောပါတယ်။ ဆရာက မူရင်း စာအုပ်ကို ခဏဖတ်လိုက်ပြီး သူ့ ရှေ့မှာ ရှိတဲ့ လက်နှိပ်စက်ကို တဂျောက်ဂျောက်နှင့် ရိုက်နေပါတယ်။ သူ့ဘေးမှာကလည်း စာအုပ်ပုံကြီး။ ဆရာ အလုပ်လုပ်နေတာကို ကြည့်ပြီး ကျွန်တော်လည်း စကားမပြောဘဲနှင့် စောင့်နေလိုက်ပါတယ်။ တအောင့်ကြာတော့မှ ဆရာက အလုပ်ကို နားလိုက်ပြီးလာဗျာ၊ လက်ဖက်ရည်သွား သောက်ရအောင်လို့ဆိုပါတယ်။ ဒါနှင့် ကျွန်တော်တို့ နှစ်ယောက် ဆရာ့ အိမ်က ထွက်လာပြီး မြေနီကုန်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ (နာမည်မမှတ်မိတော့ပါဘူး။) ထိုင်ကြတယ်။ စာပေလောကအကြောင်း၊ စာရေးဆရာတွေအကြောင်း ထွေရာလေးပါး ပြောကြတယ်။ ဆရာက သူ ပြန်နေတဲ့ စာအုပ်အကြောင်းတွေ၊ သူ ဖတ်ထားတဲ့ စာအုပ်အကြောင်းတွေလည်း ပြောပြတယ်။ ဒါက ဆရာနှင့် ကျွန်တော်တော်တော် ရင်းနှီးပြီးတဲ့ အချိန်မှာပါ။ ဆရာ့ အကြောင်း စဉ်းစားလိုက်တဲ့အခါ ကျွန်တော့် အာရုံမှာ ထင်လာတဲ့ ပုံရိပ် တစ်ပိုင်းတစ်စ ဆိုပါတော့။

ဆရာနှင့် ပထမဆုံး စတွေ့တဲ့ အချိန်က ၁၉၈၁ ခုနှစ်လောက်က ဖြစ်မယ်။ ကျွန်တော်နှင့် ဆရာမောင်မိုးသူတို့ နှစ်ယောက် စမ်းချောင်းမှာရှိတဲ့ ဆရာ့အိမ်ကို သွားတော့ ဆရာက အခန်းထဲက ထွက်လာပြီး စကားပြောပါတယ်။ မိတ်ဆက်စကား ဆိုကြပြီးတဲ့နောက် ကျွန်တော်က ဆရာ့ဆီ စာမူလာတောင်းတဲ့အကြောင်း ပြောပါတယ်။ ဆရာက သူ မိုးဝေ မဂ္ဂဇင်းထဲမှာ အခန်းဆက် ဖော်ပြပြီးသားပါရီကျဆုံးခန်း စာမူတော့ ရှိတယ်၊ စိတ်ဝင်စားရင်တော့ ထုတ်ကြည့်လေဆိုပြီး ပေးပါတယ်။ ကျွန်တော်ကလည်း စိတ်ဝင်စားတဲ့အကြောင်းပြောပြီး စာမူကိုတော့ ဖတ်ချင်သေးကြောင်း ပြောတော့ ဆရာက မဂ္ဂဇင်းထဲက စာဖောင်တွေပေါင်းချုပ်ထားတဲ့ စာမူကို ပေးလိုက်ပါတယ်။

အမှန်တော့ အဲဒီအချိန်က မိုးဝေမဂ္ဂဇင်းမှာ ပါတဲ့ အခန်းဆက်တွေကို ကျွန်တော် မဖတ်ဖူးသေးပါဘူး။ ပါတာကိုတော့ သိတယ်၊ အခန်းဆက်ဆိုရင် သိပ်မဖတ်ချင်တဲ့ ဉာဉ်ကြောင့် မဖတ်ရသေးတာပါ။ ဒါပေမဲ့ ဆရာ့ လက်ရာကို စိတ်ချပြီးသားမို့ ကျွန်တော် ထုတ်မယ်ဆရာလို့တော့ ပြောခဲ့ပါတယ်။

သည်လိုနှင့် ဆရာ့ စာအုပ် ပါရီကျဆုံးခန်းဟာ ၁၉၈၂ ဒီဇင်ဘာလမှာ ဘဝ တက္ကသိုလ်ကနေ သုံးတွဲ တစ်ပြိုင်တည်း ထုတ်ဝေဖြစ်ခဲ့တာပါ။ အခု ပြန်စဉ်းစားလိုက်တော့ နှစ်ပေါင်းလေးဆယ်နီးပါး ရှိနေပါပြီကော။

ပါရီကျဆုံးခန်းကို ထုတ်ဖြစ်တဲ့အကြောင်း အမှတ်တရလေးတွေ ပြောရရင်တော့ သည်စာအုပ် ပထမတွဲကို ပန်းချီ စံတိုးက ဆွဲပေးပြီး ဒုတိယတွဲကိုတော့ ပန်းချီတင်မောင်မျင့်က ဆွဲပေးပါတယ်။ အစက နှစ်အုပ်တွဲ ထုတ်ဖို့ စီစဉ်ထားရာက စာအုပ်က ထူလွန်းလို့ တတိယတွဲ ခွဲဖို့ စီစဉ်တော့ မျက်နှာဖုံးကို ဗြုန်းခနဲ ဘယ်သူ့အပ်ရမှန်း မသိဘူး။ စာအုပ်ကလည်း ရိုက်လို့ ပြီးတော့မယ်။ သည်မှာတင် မျက်နှာဖုံးကို သူတို့နှစ်ယောက်ပေါင်း ရေးပေးပါလားလို့ ကျွန်တော်က တိုက်တွန်းတော့ နှစ်ယောက်လုံးက သဘောတူတယ်။ အမြန်ရေးပေးကြလို့လည်း အဆင်ပြေခဲ့ရပါတယ်။ စာအုပ်ထုတ်ဝေတဲ့ သမိုင်းမှာ နှစ်ယောက်ပေါင်း ရေးတဲ့မျက်နှာဖုံးရှိခဲ့ရင်တောင် ရှားတယ်လို့တော့ ပြောလို့ရပါတယ်။ အမှတ်တရပါပဲ။ (ပန်းချီဆရာ ရေးပေးတဲ့ပုံကို ဒီဇိုင်းဆရာနှင့်ပေါင်းပြီး ဖန်တီးတာမျိုးနှင့် သဘောချင်းမတူပါ။)

ဘဝတက္ကသိုလ် ဆိုတဲ့ နာမည်ကိုက ဆရာ့ကျေးဇူးမကင်းပါဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ သည် နာမည်ကို ကျွန်တော်စကြားဖူးတာက ဆရာ့စာအုပ်တွေ ဖတ်မိရင်းကပါ။ ဆရာက သူ့ရဲ့ အကျဉ်းစံကာလများကို တင်စားပြီး ဘဝတက္ကသိုလ်မှာ ရှိစဉ်က၊ ဘဝ တက္ကသိုလ်က ပြန်လာပြီးတဲ့နောက် ဆိုတာမျိုးရေးလေ့ရှိပါတယ်။ ဘယ်စာအုပ်မှာ ရေးခဲ့မှန်း သေချာမမှတ်မိပေမယ့် ကျွန်တော်က သည်ဘဝတက္ကသိုလ်ဆိုတဲ့ စကားလုံးကို စွဲနေပါတယ်။

ကျွန်တော် ကျောင်းက ထွက်ပြီးတဲ့နောက် လမ်းဘေးမှာ စာအုပ်ရောင်းခဲ့တဲ့ အကြောင်းတွေ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ဖတ်ဖူးတဲ့လူတွေ မှတ်မိကြမှာပါ။ လမ်းဘေးရောင်း၊ ဘုရားပွဲဈေးတွေလိုက်ရောင်း၊ ဘယ်လိုမှ အဆင်မပြေတဲ့အဆုံး ကျွန်တော် စာအုပ်အငှားဆိုင် ဖွင့်ပါတယ်။ သည်ဆိုင်ရဲ့ နာမည်ကို ကျွန်တော် စွဲလမ်းခဲ့တဲ့ ဘဝတက္ကသိုလ်လို့ ပေးခဲ့တာပါ။ အချိန်က ၁၉၇၇-၇၈ လောက်ဖြစ်မယ်။ အဲဒီကမှ ၁၉၇၈ မှာ ကျွန်တော် ရုပ်ပြတွေ စထုတ်တော့လည်း ဘဝတက္ကသိုလ်နာမည်ကိုပဲ ယူခဲ့တာပါ။

ဆရာစိုးသိဏ်းရဲ့ စစ္စလီရန်ကြွေး စာအုပ်ကတော့ ဘဝတက္ကသိုလ် စာအုပ်တိုက်ရဲ့ ပထမဦးဆုံး ဘာသာပြန်လုံးချင်းပါ။ ၁၉၇၉ နှစ်ဆန်းလောက်က ထွက်ခဲ့တာပါ။ ဆရာနဲ့တွေ့ပြီးတဲ့ နောက်မှ ဆရာ့ စကားလုံး ဘဝတက္ကသိုလ်ကို ယူသုံးထားတဲ့အကြောင်း ဆရာ့ကို ခွင့်တောင်းရပါတယ်။ ဒါနဲ့ ဆရာပြန်ခဲ့တဲ့ ဂေါ်ကီရဲ့စာအုပ် ဘဝတက္ကသိုလ်ဆိုတဲ့ နာမည်နဲ့ ဘယ်အချိန်ကများ ထွက်ခဲ့တာလဲ ပြန်ရှာကြည့်တော့ ၁၉၅၆ ကတည်းက ထွက်နေခဲ့တာပဲ။ ဒါပေမဲ့ အဲဒီအချိန်က သည်စာအုပ်နာမည်ကို ကြားဖူးလို့ မဟုတ်ဘဲ ဆရာရေးထားတဲ့ ဘဝတက္ကသိုလ် စကားလုံးကိုသာ ကြားဖူးခဲ့တာပါ။

သည်လိုနှင့် လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ် ကျော်က စခဲ့တဲ့ ဘဝတက္ကသိုလ်ဆိုတဲ့ စာအုပ်တိုက်သည်နေ့ထိ ရပ်တည်ရှင်သန်နေခဲ့ရာမှာ ဆရာမြသန်းတင့် ကျေးဇူးမကင်းသလို သည်နာမည်ကြောင့်လည်း အခက်အခဲမျိုးစုံကို ကျော်လွှားဖို့ အားဖြစ်ခဲ့ရတယ်လို့ဆိုရင် လွန်မယ်မထင်ပါဘူးခင်ဗျာ။

ဆရာ့အကြောင်းတွေကို ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးပါ။ နောက်တစ်ပုဒ်မှာတော့ အန်နာကရယ်နီနာ ဝတ္ထုကြီးရဲ့ ပထမဆုံး အဖွင့်စာကြောင်းနှင့် ပတ်သက်လို့ ဆရာကိုယ်တိုင် ပြောခဲ့တဲ့ အကြောင်းလေးကို ပြောပြပါဦးမယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

နေဝင်း (ဘဝတက္ကသိုလ်)