News

POST TYPE

ARTICLE

သူ ဘာတွေ ဖြစ်သွားတာလဲ
26-Aug-2019


ယခုဆောင်းပါးမှာ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ဒုတိယအမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes ရေးသားသည့် What happened to Aung San Suu Kyi? ဟု အမည်ရသည့် ဆောင်းပါးကို The Voice Daily က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ The Atlantic မဂ္ဂဇင်းပါ အဆိုပါ ဆောင်းပါးမှာ အတော်အတန် ရှည်လျားသည်ဖြစ်ရာ အပိုင်းခွဲ၍ ဖော်ပြသွားမည် ဖြစ်ပါသည်။ 

အယ်ဒီတာ


(၆) မှေးမှိန်လာသော စံနမူနာခေါင်းဆောင်

မြန်မာနိုင်ငံသို့ ဇန်နဝါရီလတွင်ကျွန်တော် ပြန်လာဖြစ်ခဲ့သည်။ အနောက်ကမ္ဘာသို့ တံခါးဖွင့်မှု၏ သက်ရောက်မှုကို ရန်ကုန်မြို့ ကောင်းကင်ယံတွင် ထိုးထွက်လာနေသော အထပ်မြင့်အဆောက်အအုံသစ်များနှင့် လေဆိပ်မှအထွက် ပြည့်ကျပ်နေသော ယာဉ်ကြောများတွင် တွေ့မြင်နိုင်သည်။ ရိုဟင်ဂျာပြဿနာ၏ ရိုက်ခတ်မှုကိုလည်း စာရေးသူတည်းခိုသော မြို့လယ်ဟိုတယ်သစ်တွင် လွတ်နေသောအခန်းများက ပြသနေသည်။ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသွားသော်လည်း ရက်စက်သော လူမျိုးရေးနှိပ်ကွပ်မှုများ ဖြစ်ပေါ်နေသည့်နိုင်ငံအဖြစ် နိုင်ငံတကာတွင် သတင်းဖော်ပြမှု များကြောင့် အနောက်နိုင်ငံ ခရီးသွားဧည့်သည်များနှင့် ရင်းနှီးမြှုပ်နှံမှုများ ခန်းခြောက်စပြုနေသည်။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းသို့ လမ်းလျှောက် သွားကြည့်သောအခါ အိမ်တွင် လူမရှိပေ။ ဒေါ်အောင် ဆန်းစုကြည်သည် နေပြည်တော်တွင် အနေများသည်။ ခြံအပြင်ဘက်တွင် ရဲကင်းနှစ်ခုနှင့် ထိုင်နေသော ရဲတပ်ဖွဲ့ဝင်အချို့ကို တွေ့ရသည်။ လမ်းဘေးတွင် ခွေး လေခွေးလွင့်များလည်း ရှိသည်။ NLD ဆိုင်းဘုတ် များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကိုလည်း ပြသထားသည်။

လမ်းအတိုင်း ဆက်လျှောက်သွားပြီး ကော်ဖီဆိုင်တစ်ဆိုင်တွင် ချင်းလူမျိုး လူ့အခွင့်အရေးလှုပ်ရှားသူ ချီရီဇာဟောက်နှင့် တွေ့ဆုံခဲ့သည်။ စာရေးသူတို့၏ တွေ့ဆုံမှုသည် လွတ်လပ်ခွင့်ရှိလာခြင်းကို ထင်ဟပ်ပြီး ယခင်နှစ်အနည်းငယ်ကဆိုလျှင် ဤသို့တွေ့ဆုံမှုသည် တရားဝင် မဖြစ်နိုင်ပါ။ ချီရီဇာဟောက်သည် လစ်ဘရယ် ပြောင်းလဲမှုအရှိန် နှေးကွေးမှုနှင့် ရိုဟင်ဂျာတို့အား အကာအကွယ်မပေးမှုတို့ကို ဝေဖန်ထောက်ပြ သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူ့အခွင့်အရေး အမြင်ကို အနောက်အုပ်စုက စူးစမ်းခြင်းမပြုကြဟု သူမက စောဒကတက်သည်။ “ရှင်တို့အစိုးရက စစ်ကြောတဲ့ မေးခွန်းတွေ မမေးကြဘူး။ အီးယူကလည်း မမေးဘူး။ ကုလကလည်း မမေးဘူး။ ကျွန်မတို့ တိုင်းရင်းသားတွေကလည်း မမေးကြဘူး။ ဘယ်သူမှ မမေးကြဘူး” ဟု သူမကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အဓိက နိုင်ငံရေးရည်မှန်းချက်သည် လူ့အခွင့်အရေး အတွေးအမြင်များထဲတွင် ခိုအောင်းနေခဲ့ခြင်းဖြစ်ပြီး သူမသည် ယခုအခါ အာဏာအများစုကို ထိန်းချုပ်ထားဆဲဖြစ်သူ အသက် ၈၆ နှစ်အရွယ် ဦးသန်းရွှေနှင့် အာဏာအတွက် ယှဉ်ပြိုင်နေသည်ဟု ချီရီဇာဟောက်က ယူဆသည်။ “ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ကုလားထိုင်လုနေကြတယ်။ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့က အရေးမကြီးပဲ ဘယ်သူက ကုလားထိုင်ကို ရပြီး အုပ်ချုပ်နိုင်မလဲ ဆိုတာက အရေးကြီးနေတယ်” ဟု သူမကဆိုသည်။

ကျွန်တော်သည် ထိုသို့သော ဝေဖန်ချက်မျိုးစုံကို ရန်ကုန်တွင် ကြားသိနေခဲ့သည်။ ၁၉၈၈ ကတည်းက ဒီမိုကရေစီအရေးအတွက် ဘဝ၏ အချိန်အတော်များများကို ပေးဆပ်ခဲ့သူ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုအောင်ဒင်က NLD ၏ အဓိကထောက်ခံသူများဖြစ်ခဲ့ကြသော အရပ်ဘက်သင်းပင်းအဖွဲ့များသည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ထောက်ခံခြင်းမပြုကြတော့ဟု ကျွန်တော့်ကို ပြောပြသည်။

၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ကျောင်းသားကိုယ်ရံတော်များထဲတွင် ပါဝင်ခဲ့သူကိုအောင်ဇော်သည် ရန်ကုန်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ထင်ရှားသော ဧရာဝတီသတင်းဌာနကို ထူထောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ဝင်ရောက်ခဲ့သည့် ၂၀၁၂ ဝန်းကျင်တွင် ကိုအောင်ဇော် သည်လည်း အခြားသူများကဲ့သို့ပင် အကောင်းမြင် အယူအဆများဖြင့် မြန်မာနိုင်ငံသို့ ပြန်ဝင်လာခဲ့သည်။ ထိုအကောင်းမြင်မှုသည် ယခုအခါ တိုက်စားသွားခဲ့ပြီ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျွန်တော်တို့အတွက် လှုပ်ရှားဖို့ခွင်တွေ အများကြီးရှိခဲ့တယ်ဟု ၎င်းကဆိုသည်။ ယခင်ရက်ကပင် ရိုဟင်ဂျာ အမြောက်အမြား အသတ်ခံရမှုကို ဖော်ထုတ်ရန် ကြိုးစားခဲ့သည့် ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ (မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက်လာခဲ့သည်)

ထိုသို့ အရပ်သားလွတ်လပ်ခွင့်များ နောက်ပြန် လျှောလာခြင်းသည် စစ်တပ်၏ နေရာပြန်လုမှုကို ဖြစ်ပေါ်စေနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ မပြီးနိုင် မစီးနိုင် နိုင်ငံရေးကစားပွဲအတွင်း ပိတ်မိသွားစေလိမ့်မည်ဟု အချို့ကဆိုသည်။ “သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ နှစ်ပေါင်းများစွာ အကျယ်ချုပ်ထိန်းသိမ်းခဲ့ကြပြီး အခု နေပြည်တော်မှာ ထိန်းသိမ်းထားကြပြန်ပြီ” ဟု ကိုအောင်ဇော်က ဟာသနှောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူအများစုက သူမသည် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးသန်းရွှေနှင့် တိတ်တဆိတ် စေ့စပ်ညှိနှိုင်းနေသည်ဟု မှန်းဆကြသည်။ အချို့ကလည်း သူမသည် သစ္စာခံဝါဒ တစ်မျိုးကို အားပေးနေကြောင်း၊ သူမသည် ဆုံးဖြတ် ချက်ချခြင်းကို ချုပ်ကိုင်ထားကြောင်း၊ အကြံပေးများက သူမထံ ရောက်မည့် သတင်းအချက်အလက်များကို ကန့်သတ်ထားကြောင်း ဝေဖန်ရှုတ်ချကြသည်။ နယ်လ်ဆင်မင်ဒဲလားသည် သူရဲကောင်းနှင့် နိုင်ငံရေးသမား နှစ်မျိုးစလုံး ဖြစ်ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်သည် ဘုရင်မနှင့်ပိုတူသူ ဖြစ်သည်ဟု စာရေးသူအား ပြောကြားသူ တစ်ဦးထက်မကပေ။

နေပြည်တော်၏ တနင်္လာနံနက်ခင်းတွင် လေဆိပ်မှအထွက် အဝေးပြေးလမ်းကျယ်ကြီးသည် လူသူကင်းရှင်းနေပြီး ကျပ်တည်းပိတ်ဆို့နေသော ရန်ကုန်လမ်း များနှင့် တခြားစီကွာဟနေသည်။ အဝေးမြို့တော်ဟု နိုင်ငံခြားသားများက ယခင်က ခေါ်ဝေါ်ခဲ့သော နေပြည် တော်ကို တိတ်တဆိတ်တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ် တွင် ရုတ်တရက်ကြေညာကာ စစ်အစိုးရတစ်ဖွဲ့လုံး ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

စာရေးသူသည် အမျိုးသားလုံခြုံရေးအကြံပေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရာထူးနှစ်ခု အပ်နှင်းထားသူ ဦးသောင်းထွန်းနှင့် တွေ့ဆုံခဲ့သည်။ သံအမတ်ဟောင်း ဦးသောင်းထွန်းက စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်မှုသို့ ပုံမှန်ကူးပြောင်းမှု ဖြစ်ပေါ်နေသည်ဟု ရှင်းပြသည်။ ရပ်ကွက်ကျေးရွာအဆင့်အထိ တိုင်းပြည်ကိုစီမံနေသော ဗျူရိုကရေစီယန္တရားတစ်ခုဖြစ်သည့် ထွေအုပ်ဦးစီးဌာနသည် စစ်ဘက်ကွပ်ကဲမှုအောက်မှ အရပ်ဘက်ကွပ်ကဲမှုအောက်သို့ ရက်ပိုင်း အတွင်း ရွှေ့တော့မည်ဖြစ်ရာ သိသာထင်ရှားသော ဆတိုးအောင်မြင်မှုတစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးများကလည်း သူမသည် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် သူမ၏အစီအစဉ်ကို တွန်းရန်အတွက် ပိုမိုခိုင်မာသောနေရာကို ရရှိလာမည်ဖြစ်ပြီး သူမအတွက် အချိန်ကောင်းကို စောင့်နေသည်ဟု စာရေးသူအား ပြောပြကြသည်။

ဦးသောင်းထွန်းအား ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ ၎င်းတို့အား ဒုက္ခသည်စခန်းများမှ ပြန်လာခြင်းကို ကြိုဆိုကြောင်း၊ သို့သော် ၎င်းတို့သည် မြန်မာနိုင်ငံမှ ဖြစ်သည်ကို သက်သေပြရန်လိုကြောင်းရှင်းပြသည်။ “အမေရိကန်တောင်ပိုင်းမှာလည်း ဒီလိုပုံစံဖြစ်နေတာပဲလေ။ သူတို့ ဝင်လာချင်ရင် စနစ်ကျတဲ့ လုပ်ငန်းစဉ်တော့ ရှိရမှာပေါ့” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေမှုများနှင့် ပတ်သက်၍ ကြားသိရသမျှမှာ ထိုတစ်ခုတည်းမကပါ။ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာပြဿနာ စုံစမ်းရေးကော်မရှင်တစ်ခုတွင် ခန့်အပ်တာဝန်ပေးထားသည့် စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က “ရက်စက်တဲ့လုပ်ရပ်တွေဆိုတာက စွပ်စွဲမှုတွေပါ။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေရဲ့ စကားတွေကို အခြေပြုထားတဲ့ စွပ်စွဲချက်တွေပါ” ဟု ပြောကြားသည်။ ထိုစကားသည် မြန်မာအစိုးရက ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများကို ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်မပြုသောကြောင့် တစ်ဆင့်စကားများအပေါ် မှီခိုနေရသည့်အချက်ကို လျစ်လျူရှုခြင်းဖြစ်သည်။ “ဒီကိစ္စက ရှုပ်ထွေးတယ်။ အဖြူ အမည်း သဲကွဲတဲ့အမှု မဟုတ်ဘူး။ ARSA က အကြမ်းဖက်တယ်။ မြန်မာ လုံခြုံရေးတပ်တွေက ပြန်တုံ့ပြန်တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည်တွေ ရောက်ကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်လာရေးကို စီမံခန့်ခွဲရန် တာဝန်ရှိသူမှာ အစိုးရအဖွဲ့၏ လူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဦးဝင်းမြတ်အေးဖြစ်သည်။ မိန်းမငယ်လေးတစ်ဦးကို နတ်သမီးက ပင်လယ်မုန်တိုင်းထဲမှ ဆွဲယူကယ်ဆယ်နေပုံကို နံရံပန်းချီ သရုပ်ဖော်ထားသည့် ဧည့်ခန်းကျယ်ကြီးထဲတွင် စာရေးသူတို့ထိုင်ကြသည်။ ဒုက္ခသည်များကို ပြန်ခေါ်ရန် မြန်မာအစိုးရက တာဝန်ခံထားသည်ဟု ဝန်ကြီးက ရှင်းပြသည်။ သို့ရာတွင် ဝန်ကြီးက ၎င်းရင်ဆိုင်နေရသော အခက်အခဲများကိုလည်း ရေတွက်ပြပြီး မွတ်စလင်များ ပြန်လာမည်ကို ရခိုင် အချို့က မလိုလားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးမှာလည်း အဆင်မပြေကြောင်း၊ ပြန်လည်လက်ခံ ရေးစခန်းနှစ်ခုကိုသာ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း ရှင်းပြသည်။ ယခုအထိ ရိုဟင်ဂျာ ၂၀၀ မျှသာ ပြန်ရောက် လာခဲ့သည်။ မလုံခြုံမှုရှိနေခြင်းကို မေးမြန်းသောအခါ ၎င်းက လူမှုဆိုင်ရာ အစီးကပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို လိုအပ်သည်ဟု မှတ်ချက်ပေးသည်။ အရေအတွက် သိန်းဂဏန်းရှိသည့် ဒုက္ခသည်များအား နေရာချထားပေးနိုင်ရန် ရင်ဆိုင်ရမည့် စိန်ခေါ်မှုပမာဏကို မေးမြန်းသောအခါ ခေါင်းခဲသွားပုံရသော ဝန်ကြီးက စကားလမ်းကြောင်းကို လွှဲလိုက်သည်။ “ကျွန်တော်တို့ကတော့ အကောင်းဆုံး ကြိုးစားနေတာပဲ။ ရေဘေး၊ မုန်တိုင်းဘေး ကယ်ဆယ်ရေးတွေလည်း လုပ်နေရတယ်။ မွတ်စလင်တွေ ကျပြန်တော့လည်း သူတို့က ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေပါပဲ” ဟု ဝန်ကြီးကပြောသည်။

ကျယ်ပြောပြီး လူသံတိတ်ဆိတ်နေသော ကားရပ်နားကွင်းမှ ကျွန်တော် လမ်းလျှောက်ကာ ထွက်လာခဲ့သည်။ နေပြည်တော်သည် တိတ်ဆိတ်ငြိမ်သက်လွန်းသည်။ မမြင်သာသော ဩဇာအာဏာစက်များသည် စစ်ဗိုလ်ချုပ်များဆောက်လုပ်ခဲ့သော ဝန်ကြီးဌာနရုံးများနှင့် စံအိမ်ကြီးများထဲတွင် ကိန်းဝပ်နေသယောင်ရှိသည်။ အေးစက်သည့် အမှန်တရားမှာ လူမျိုးပြုန်းအောင် သုတ်သင်မှုအမည်းစက်သည် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုကို ဖြစ်ပေါ်စေခဲ့သော်လည်း ထိုပြဿနာကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၌ များစွာပေး ဆပ်မှုမပြုရသည့်အပြင် သူမ၏ နိုင်ငံရေးလမ်းကြောင်းလည်း တိမ်းစောင်းမသွားခဲ့ပေ။ အမှန်စင်စစ် စာရေးသူ သိမြင်နိုင်သော သူမ၏သဘောတရားသည် သတိကြီးစွာထား၍ လုပ်ဆောင်ခြင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများကို စည်းရုံးခြင်း၊ အရပ်ဘက်အစိုးရလက်ထက်တွင် စစ်တပ်ကို သက်သောင့်သက်သာရှိစေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုများအတွက် ကျယ်ပြန့်သောအခြေခံကို ဖန်တီးပေးခြင်းတို့ဖြစ်ပြီး လှေကိုလှုပ်ခါမသွားအောင် ထိန်းကျောင်း နေခြင်းဖြစ်သည်။ မြို့ကြီးပြကြီးများတွင် ဒေါ်အောင်ဆန်းစုကြည်အား ကျေနပ်မှုမရှိကြသည့်အချက်ကို အများကြီး မှတ်ယူခြင်း မပြုရန် အောင်ဇော်က သတိပေးသည်။ “နယ်ကလူတွေက သည်းခံတတ်တော့ နယ်တွေမှာ ကြီးကြီးမားမား ထောက်ခံမှုရနေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ဘဝကာလများတွင် သူမ၏ စိတ်ရှည်သည်းခံနိုင်စွမ်း မြင့်မားခြင်းကို ပြသခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲသွားသည်ဖြစ်စေ၊ မပြောင်းလဲသည်ဖြစ်စေ သူမနေထိုင်သည့် ကမ္ဘာကြီးကတော့ ပြောင်းလဲသွားပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုသည် လွန်ခဲ့သော အနှစ် ၂၀ ကဆိုလျှင် လွယ်ကူလိမ့်မည်ဟု ဦးသောင်းထွန်းက ဆိုသည်။ မှန်ပါသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့်က ဒီမိုကရေစီ သည် ဖြောင့်ဖြူးနေခဲ့ပြီး အာဏာရှင် တရုတ်နိုင်ငံကလည်း ကြွက်သား ဆန့်မပြနိုင်သေးသော၊ အိမ်နီးချင်း အိန္ဒိယကလည်း ဟိန္ဒူအမျိုးသားရေးဝါဒသို့ မပြောင်းသေးသော၊ လစ်ဘရယ် အမေရိကန်ကလည်း နိုင်ငံတကာ အစဉ်အလာအောက်မှ မထွက်သေးသော၊ အကြမ်းဖက်ဝါဒဆိုသည်မှာလည်း အဖျားအနားအဆင့်သာရှိသေးသော၊ လူမှုမီဒီယာ ပန်ဒိုရာသေတ္တာကလည်း မပွင့်သေးသော အခြေအနေမျိုး ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ မြန်မာနိုင်ငံတွင် တရုတ်ဩဇာ ကြီးထွားနေခဲ့ပြီ။ ခါးပတ်တစ်ကွင်း ပတ်လမ်းတစ်သွယ်ကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းတစ်ခု လာတည်နေပြီဖြစ်သည်။ တရုတ်တို့ သွယ် တန်းနေသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများထဲမှ ရခိုင်ပြည်နယ်ကို ဖြတ်သန်းသွားသော ပိုက်လိုင်းတစ်ခုသည် ထိုနယ်တွင်နေထိုင်သူ ရခိုင်များနှင့် ထိပ်တိုက်တွေ့နေသော မြန်မာစစ်တပ်အတွက် မက်လုံးတစ်ခု ဖြစ်ကြောင်း ညွှန်ပြနေသည်။