News

POST TYPE

ARTICLE

တစ်သက်တာ ယူနီဖောင်း
25-Aug-2019



ကျွန်တော်သည် ဘဝမှာ ယူနီဖောင်းများကို များများစားစား မဝတ်ဖူးပါ။ အားလုံးသိကြသည့်အတိုင်း ယူနီဖောင်းဆိုသည်မှာ အင်္ဂလိပ်လို (Uniform) ကို မြန်မာလို တိုက်ရိုက်အသံ ထွက်ထားခြင်း ဖြစ်ပါသည်။ Uniform ဆိုသည်ကတော့ တူညီခြင်း၊ ဆင်တူခြင်းဟု အဓိပ္ပာယ်ရပါသည်။ ကုမ္ပဏီဝန်ထမ်းဖြစ်စေ၊ အစိုးရ ဝန်ထမ်းဖြစ်စေ၊ ပုဂ္ဂလိကဝန်ထမ်း ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုချင်းစီကိုဖြစ်စေ ကိုယ်စားပြုမှု၊ သတ်သတ်မှတ်မှတ်ဖြစ်မှုအနေနှင့် တူညီဝတ်စုံများကို သတ်မှတ်ထားလေ့ရှိကြပါသည်။ 

အချို့လည်း နဂိုရှိနှင့်သောယူနီဖောင်းကို အနည်းငယ် အပြောင်းအလဲလေး လုပ်တတ်ကြသလို အချို့လည်း သိသိသာသာ အပြောင်းအလဲကို လုပ်တတ်ကြပါသည်။ အဓိကကတော့ ယူနီဖောင်းကို မြင်လိုက်သည်နှင့် မည်သည့်အဖွဲ့အစည်းက၊ မည်သည့်ကုမ္ပဏီက၊ မည်သည့်လုပ်ငန်းက ဆိုသည်ကို သိရှိနေဖို့အတွက် ဖြစ်ပါသည်။ 

ယခု ကျွန်တော်ပြောလိုသည့် ယူနီဖောင်းမှာ တူညီဝတ်စုံများကို ရည်ရွယ်ပြောလိုရင်း ဖြစ်ပါသည်။ ကျွန်တော်၏ဘဝတွင် ယူနီဖောင်းအနေနှင့် ငယ်စဉ်က ကျောင်းဘောလုံးအသင်းများတွင် ဝတ်ဖူးသည့် ဘောလုံးဝတ်စုံများနှင့် ကျောင်းစနေစဉ်ကတည်းက ယနေ့အချိန် အထိဝတ်နေရသည့် အဖြူနှင့်အစိမ်းသာလျှင်ရှိပါသည်။ ထိုထက်ပို၍ များများစားစားမရှိခဲ့ဟု ကျွန်တော်ထင်ပါသည်။

ဘဝတွင် သင်ချစ်ခင်နှစ်သက်၍ အတွယ်တာဆုံး ယူနီဖောင်းတစ်စုံကို ပြောပါဟု ကျွန်တော့်ကို မေးမည်ဆိုပါလျှင် ကျွန်တော်ဖြေမည့်အဖြေမှာ “အဖြူနဲ့ အစိမ်း” ပဲ ဖြစ်ပါသည်။ သင်ရွံရှာမုန်းတီးခဲ့ဆုံးယူနီဖောင်း တစ်စုံကို ပြပါဆိုလျှင်လည်း ကျွန်တော့်တွင် အဖြေသည် အဆင်သင့်ရှိနေခဲ့ပါသည်။ သို့သော် ကျွန်တော်တို့ လူသားများနှင့် တိရစ္ဆာန်များကို ကွဲပြားခြားနားစေခဲ့သည်က ချစ်ခြင်းမေတ္တာတရား၊ ဘာသာစကား၊ စာနာစိတ်၊ ကြောင်းကျိုးချင့်ချိန်စဉ်းစားတွေးခေါ်နိုင်ခြင်း အစရှိသည်တို့ပဲ ဖြစ်ပါသည်။ အမုန်းတရားသည် အချိန်မရွေး မွေးမြူဖြစ်ပေါ်လိုက်၍ ရပါသည်။ ကျွန်တော်သည် တစ်စုံတစ်ရာကို မုန်းတီးကြောင်း တစာစာအော် နေမည်ဆိုပါလျှင် တိရစ္ဆာန်များနှင့် ဘာများခြားနားတော့မည်လဲ။ ထို့ကြောင့် ကျွန်တော်ချစ်ခင်မြတ်နိုးတွယ်တာသည့် ယူနီဖောင်းလေးအကြောင်းကိုပဲ ဆက်လက် ပြောပြချင်မိပါသည်။

ကျွန်တော်သည် အဖြူနဲ့အစိမ်း ယူနီဖောင်းလေးကို သူငယ်တန်းစတက်စဉ်ကတည်းက ဝတ်ခဲ့ရပါသည်။ ယနေ့အချိန်ထိလည်း အဖြူနဲ့အစိမ်းလေးကို ဝတ်နေ ရဆဲပင် ဖြစ်ပါသည်။ ရှေ့လျှောက်လည်း အဖြူနဲ့အစိမ်းကို ဝတ်နေရဦးမည်ဖြစ်ပါသည်။ အဖြူနဲ့ အစိမ်းသည် ကျွန်တော်နှင့် ခွဲခြားထား၍မရ။ အရိပ်ပမာ တကောက် ကောက်လိုက်ပါ၍နေတော့မည်ပဲ ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ကျွန်တော်သည် ကျောင်းဆရာတစ် ယောက်ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။ သို့သော် အဖြူနဲ့အစိမ်း ယူနီဖောင်းလေးသည် ကျွန်တော်တစ် ယောက်တည်းအတွက် သီးသန့်တည်ရှိနေခဲ့သည်တော့ မဟုတ်ပြန်ပါပေ။ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဆရာ၊ ဆရာမများအားလုံးကို ကိုယ်စားပြုထားသည့် ယူနီဖောင်းလေးပဲ ဖြစ်ပါသည်။ ကျွန်တော် ထင်ပါသည်။ ကျွန်တော်တို့၏ မြန်မာနိုင်ငံရှိ နိုင်ငံသား အများသည် အဖြူနဲ့ အစိမ်းလေးကို မဝတ်ဖူးသည့်သူ ခပ်ရှားရှားပင် ဖြစ်ပါလိမ့်မည်။ အဖြူနဲ့ အစိမ်းလေးများကို ကာလအတန်ကြာသည်အထိ ဝတ်ဆင်ပြီးမှသာလျှင် အခြားအခြားသော ယူနီဖောင်းလေးများကို ပြောင်းလဲဝတ်ဆင်ခဲ့ကြရသည်ဟု ကျွန်တော်ထင်ပါသည်။ ထိုသို့တွေးကြည့်လိုက်သည့်အခါဝယ် ကျွန်တော် ၏ ကျောင်းဆရာဘဝကို ပို၍ဂုဏ်ယူနေမိတော့သည်။

ကျွန်တော်သည် ငယ်စဉ်အခါက ဆရာ၊ ဆရာမ အချို့ကို ဂျစ်ကန်ကန်လုပ်ဖူးခဲ့ပါသည်။ ပြန်တွေးလိုက်တိုင်း နောင်တရနေမိခဲ့ပါသည်။ ကိုယ်တိုင်ဆရာတစ် ယောက်ဖြစ်လာမှ ပို၍စာနာခံစားတတ်လာခဲ့ရသည်။ ကျွန်တော်မှတ်မိနေသေးသည်။ ကျွန်တော်ကိုးတန်း နှစ်ကဖြစ်သည်။ ကျွန်တော်တို့ကို မြန်မာစာသင်ကြား ပေးသောဆရာက သူကိုယ်တိုင်ပြုစု၍ ကျက်ရ မှတ်ရ လွယ်မည့် နုတ်စာအုပ်လေးတစ်အုပ်ကို ကျောင်းသား တစ်ယောက်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့်ရောင်းလေသည်။ မဝယ်မနေရဟု ဆို၏။ ဘော်ဒါရောက်တော့ ဘော်ဒါဆရာက ကျွန်တော်၏ မဟုတ်မခံစိတ်ကို အသုံးချတော့သည်။ ဘော်ဒါဆရာက ထိုစာအုပ်မှာ တစ်အုပ်လျှင် ငါးရာပင်မတန်ကြောင်း၊ စာစီခ၊ စက္ကူဈေး၊ စာအုပ်ထုတ်ခတို့ကို ကျွန်တော့်အား အသေအချာ တွက်ချက်ပြလေသောအခါအဟုတ် ငါးရာပင်မတန်။ ကျွန်တော်လည်း ဒါသက်သက်လူလည်ကျတာပဲဟု မြန်မာစာဆရာအပေါ် အထင်ကြီးလေးစားခြင်းမရှိတော့ပါပေ။ ထိုအခါ ဘော်ဒါဆရာက “ပစ်စာရေးပေးမယ်၊ ကျောင်းအုပ်ဆရာကြီးဆီ သွားပေးရဲမလား၊ ငါ့သား ဘာမှမဖြစ်ဘူး၊ ဆရာတာဝန်ယူတယ်၊ လမ်းမှာ လူကြီးတစ်ယောက်က မင်းတို့ကျောင်းအုပ်ကို ပေးပေးပါဆို ပြီး ပေးခိုင်းလိုက်လို့ ပြောလိုက်”ဟု သင်ပေးသည်။ ကျွန်တော်ကလည်း နှစ်ခွန်းမပြောရ။ ကျောင်းအုပ်ရုံး ခန်းထဲ ဝင်ခွင့်တောင်း၍ ဘော်ဒါဆရာပြောသည့်အတိုင်း ပြောကာပေးခဲ့လိုက်သည်။ ဘာရယ်ကြောင့်မှန်းမသိ ထိုစာပေးပြီး ခဏအကြာတွင် ကျွန်တော်ရှိရာ စာသင်ခန်း ပေါက်ဝမှ ဆရာ၊ ဆရာမများ တစ်ယောက်ပြီးတစ်ယောက် လာကြည့်ကြသည်။ ကျွန်တော့်ကိုကြည့်ရင်း ဆရာ၊ ဆရာမ အချင်းချင်း တီးတိုးတီးတိုး ပြောနေကြသည်ကိုလည်း ကျွန်တော်သိနေ၏။ ကျွန်တော်သည် ထိုစဉ်က ဟီးရိုးလိုလို ဇီးရိုးလိုလိုဖြင့် အတော်နေရ ခက်လှပါသည်။ ထိုနေ့ညနေတွင် အရေးပေါ်အစည်း အဝေးခေါ်ကာ ကျောင်းအုပ်က ထိုမြန်မာစာဆရာအား ရစရာမရှိအောင် ဆူပူခံရသည်ဟု သိရပါသည်။ နောက်တစ်နေ့ မြန်မာစာအချိန်များတွင် ဆရာသည် ကျွန်တော့်ကို မကြာခဏစာများကို မေးပါတော့သည်။ ကျွန်တော့် အထင်ဆရာသည် ပညာပြခြင်းဖြစ်ပါမည်။ ကျွန်တော်သည် ဆရာမေးသည်ကို ဖြေနိုင်လျှင်တော့ ထိုင်ရသည်။ မေးသည်ကို မဖြေနိုင်လျှင်တော့ လက်ကလေးပိုက်ကာ မတ်တတ်ရပ်၍ နေရပါတော့သည်။ 

နောက်မှသိလာရသည်က ဆရာ့တွင် သားသမီးများစွာရှိကြောင်း၊ တက္ကသိုလ်တက်နေသူများ၊ ဆယ်တန်းကျောင်းသားများ၊ ကျောင်းထွက်၍ ဆိုးသွမ်းနေသော သားသမီးများစွာရှိကြောင်းကို ဖြစ်သည်။ ထိုစဉ်က ဆရာ၏ ပုံမှန်ဝင်ငွေဖြင့် မလုံလောက်၍ ကြံမိကြံရာ ကြံရသည်ဟု ကျွန်တော် နားလည်ပေးတတ်လာခဲ့ပါသည်။ ထိုကဲ့သို့သော ဆရာများရှိသော်လည်း အဆင်မပြေသည့်ကြားကပင် ငွေကြေးချို့တဲ့သည့် မိမိ၏တပည့် များအပေါ် တတ်စွမ်းသမျှ ကူညီဖေးမတတ်သည့် ဆရာ၊ ဆရာမများစွာကိုလည်း ကျွန်တော့်တစ်သက်တွင် များစွာတွေ့မြင်ခဲ့ရဖူးပါသည်။

“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊

သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊

သင့်ရာအပ်ပို့”​ ဟူသော ဆရာ့ကျင့်ဝတ်ငါးပါး နှင့် ပြည့်စုံကုံလုံသော အဖြူ အစိမ်း ယူနီဖောင်းဝတ် ဆရာ၊ ဆရာမများစွာတို့သည် မိမိတို့၏တပည့်များအပေါ် သွေးသားရင်းချာကဲ့သို့ ဆုံးမသွန်သင်တတ်ကြလေသည်။ ကျွန်တော်၏ ဆရာမတစ်ယောက်ဆိုပါလျှင် ကျွန်တော် ယခုအသက်အရွယ်ရောက်နေသည့်တိုင် တွေ့တိုင်း ကလေးတစ်ယောက်ပမာ တတွတ်တွတ်ဆိုသလို ဆုံးမသွန်သင်၍မဝ ဖြစ်နေတတ်ပါသည်။ ကျွန်တော့် စိတ်ထဲတွင်လည်း ဆရာမနှင့်တွေ့တိုင်း ကလေးတစ် ယောက်ပမာ ဆုံးမသွန်သင်ခံချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာတတ်ပါသည်။ ဤသည်ကပဲ ဆရာနှင့်တပည့် ကြားက ကြီးမားလှသည့် စိတ်ပိုင်းဆိုင်ရာ ရိုသေဆက်နွှယ်နေမှု ဖြစ်တန်ကောင်းပါသည်။ ဆရာမသည် ယခုတော့ ပင်စင်ယူပြီးနေပြီ ဖြစ်ပါသည်။ ကျွန်တော် စဉ်းစားနေမိပါသည်။ ရှေးဆရာ၊ ဆရာမကြီးများ၏ ရင်ထဲတွင် အဖြူနဲ့အစိမ်း ယူနီဖောင်းလေးများကို ချန်ရစ်ခဲ့ကာ အခြားယူနီဖောင်းလေးများကို ပြောင်းလဲဝတ်ဆင် သွားခဲ့ကြသည့် ဆုံးမခွင့်မရနိုင်တော့မည့် မိမိတို့၏ တပည့်များအပေါ် မည်သည့်ဆုံးမစကားများကို ပြောဆိုဆုံးမချင်နေကြလိမ့်မည်နည်း။ ထိုတပည့်များကရော မိမိတို့၏ ဆရာကြီး၊ ဆရာမကြီးတို့်က ဆုံးမပဲ့ပြင် မည့် ဆုံးမဩဝါဒများကို နာ ခံကျင့်သုံးကြပါဦးမည်လား။ အဖြူနဲ့အစိမ်းယူနီဖောင်းဝတ်ဆရာကြီး၊ ဆရာမကြီးများ၏ ဆုံးမဩဝါဒများထက် မိမိတို့လက်ရှိ ဝတ်ရုံနေရသည့် ယူနီဖောင်းဝတ်ဆရာကြီး၊ ဆရာမကြီးများ၏ ဩဝါဒများကိုသာ နာခံကျင့်သုံးကြတော့မည်လား။ ကျွန်တော်ကတော့ ယနေ့အချိန်အထိ အဖြူနဲ့အစိမ်းဝတ်ဆရာကြီး၊ ဆရာမကြီးများ၏ ဆုံးမဩဝါဒများကို နားထဲ တဆတ်ဆတ်ကြားယောင်နေဆဲပဲ ဖြစ်ပါသည်။ ကျွန်တော်၏ ငယ်စဉ်မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ဘဝတစ်လျှောက်လုံးတွင် ကျွန်တော့်အား သင်ကြားဆုံးမပဲ့ပြင်ခဲ့ဖူးသည့် ဆရာများစွာရှိပါသည်။ ထိုဆရာ၊ ဆရာမများသည် ကျွန်တော့် အား သူတစ်ပါးဥစ္စာမခိုးဖို့၊ လိမ်ညာမုသားစကားကို မဆိုဖို့၊ သူတစ်ပါးအသက်ကို မသတ်ဖြတ်ဖို့၊ သေရည် အရက်ကိုမသောက်စားဖို့၊ သူတစ်ပါးသားမယားအား စော်ကားခြင်းမပြုဖို့ အစရှိသော ကံငါးပါးအပြင် မိမိပေးထားသည့်ကတိကို တည်နိုင်သော နိုင်ငံ့သားကောင်း ရတနာလေးများဖြစ်ဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသော နိုင်ငံသားများဖြစ်ကြဖို့၊ မိမိ၏အတ္တနှင့် အများ၏ကောင်းကျိုးကို ယှဉ်တွဲရွေးချယ်လာရသည့်အခါ အတ္တကြီးသောသူများမဖြစ်ဖို့၊ အများအကျိုးကို ဦးစား ပေးဖို့ အစရှိသည်တို့်ကိုပါ ဆုံးမပဲ့ပြင်ဖူးခဲ့ကြပါသည်။ 

ကျွန်တော့်အတွက်တော့ အဖြူနဲ့အစိမ်း ယူနီဖောင်းလေးသည် ဖြူစင်ခြင်း၊ မှန်ကန်ခြင်း၊ ရဲရင့်ခြင်း၊ စိမ်းလန်းစိုပြည်ခြင်း၊ ငြိမ်းချမ်းတည်ငြိမ်မှုရှိခြင်း အစရှိသည့် ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံကုံလုံနေသည့်နှယ် ရှိလှပါသည်။ ငယ်စဉ်ကတော့ ဝတ်ဆင်ထားသည့် အဖြူရောင်လေးအတိုင်း ဘဝကို ဖြူဖြူစင်စင်ဖြတ်သန်းမည်၊ ဝတ်ဆင်ထားသည့် အစိမ်းရောင်လေးအတိုင်း စိမ်းလန်းစိုပြည်မှုများကို တန်ဖိုးထားမြတ်နိုး မည် စသဖြင့်တွေးယူခဲ့ပါသည်။ အချိန်ကြာလာတော့ ဘဝသည် မိမိခံယူထားသလောက် ဖြူစင်ခွင့်မပေးသည်ကို တွေ့လာရပါသည်။ ယုံကြည်ထားသလောက် စိမ်းလန်းစိုပြည်ခွင့်မရရှိနိုင်သည်ကို တွေ့လာရပါသည်။ အများမိုးခါးရေသောက်နေသည့်အချိန်တွင် လူ့အဖွဲ့အစည်းအတွင်း သူရူးတစ်ယောက်နှယ် ပညတ်ခံလိုက်ရတော့မည်ကို စိုးရွံ့ခြင်းများကြောင့် မိုးခါးရေများကို ကြိတ်မှိတ်ကာ သောက်တတ်လာသည့် ပုဂ္ဂိုလ်များစွာကိုလည်း ရင်နာစွာဖြင့် တွေ့မြင်လာခဲ့ရပါသည်။

ယခုတော့ဖြင့် ကျွန်တော်၏အဖြူရောင် အင်္ကျီလေးကိုကြည့်ရင်း လောက၏ အဖြူထည်သက်သက် ဖြင့်တည်ရှိနေခြင်း၊ အစကတည်းက ဘာမျှရှိမနေခဲ့သော အဖြူရောင်လောကကြီးတွင် မည်သည့်အရာကိုမျှ လွန်လွန်ကြူးကြူး ဖက်တွယ်ဆုပ်ကိုင်ထားဖို့ရာ မသင့်ကြောင်းကို ကျွန်တော်တွေးမြင်နေတတ်ခဲ့ပါပြီ။ ကျွန်တော်တို့၏ လောကကြီးသည် ကျွန်တော်တို့အား အာဏာကိုအပ်နှင်း၍ ဟန်လုပ်ခိုင်းတတ်ပါသည်။ ငွေကြေးကိုအပ်နှင်း၍ ယစ်မူးခိုင်းတတ်ပါသည်။ ရာထူး၊ ဂုဏ်ရှိန်၊ ပကာသနတို့ဖြင့် မောက်မာရက်စက်ခိုင်း တတ်ပါသည်။ ကျွန်တော်တို့ကလည်း လောက၏ဖြားယောင်းလှည့်စားမှုများအောက်၌ သာယာမိန်းမူး သွားတတ်ကြပါသည်။ ထိုအခါ ကျွန်တော်တို့်ကိုယ်စီ ဝတ်ရုံထားကြသည့် ယူနီဖောင်းများကလည်း ကျွန်တော်တို့အား ကယ်တင်နိုင်ကြလိမ့်မည် မဟုတ်တော့ပါပေ။ 

ကျွန်တော့်အတွက်တော့ တစ်သက်တာ ယူနီဖောင်းလေးသည် အဖြူနဲ့အစိမ်းလေးပဲ ဖြစ်ပါသည်။ အခြားသူများအတွက်လည်း ကိုယ်စီကိုယ်ငဆိုသလို တစ်သက်တာယူနီဖောင်းလေးများစွာ ရှိနေခဲ့ကြလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်တို့အနေနှင့် မည်သည့်အကြောင်းမျိုးကြောင့် မည်သည့် ယူနီဖောင်းလေးများကို ဝတ်ဆင်နေကြရသည်ဖြစ်စေ မိမိဝတ်ဆင်ထားသည့် ယူနီဖောင်းလေးများ၏ ဂုဏ်သိက္ခာကို မိမိတို့အနေနှင့် တန်ဖိုးထား ကာကွယ်သွားကြရမည် ပဲ ဖြစ်ပါသည်။ ချစ်ခင်မြတ်နိုးကြရမည်ပဲ ဖြစ်ပါသည်။ သစ္စာစောင့်သိကြရမည်ပဲ ဖြစ်ပါသည်။ ကျွန်တော် သည် နိုင်ငံ့အကျိုးအတွက်၊ အများကောင်းကျိုးအတွက် ဆိုပါလျှင် ကျွန်တော်၏တစ်သက်တာ ယူနီဖောင်းလေး ဖြစ်သော ]အဖြူနဲ့ အစိမ်း}၏ ဂုဏ်သိက္ခာအပေါ် ချစ်ခင် မြတ်နိုး ကာကွယ်စောင့်ရှောက်၍ သစ္စာစောင့်သိ သွားမည်ပဲ ဖြစ်ပါတော့သည်။

ဧရာသစ္စာ (ငဖဲ)