News

POST TYPE

ARTICLE

သမိုင်းတစ်ခု သူ့ကောင်းမှု
25-Aug-2019



နဖူးထိပ်က မဟာအောင်မြေဘုံစံ အုတ် ကျောင်းတော်ကြီးက ထည်ဝါလှပါဘိ။ ကွင်းပြင်ကျယ်ကျယ်ကြီးမှာ ရွှေဗိမာန်ကြီး အလားတည်ရှိနေတယ်။ သက်တမ်းရင့် မန်ကျည်းပင် ကြီးအောက်မှာတော့ ခရီးသွားတို့ အပန်းဖြေအနားယူ နေကြတယ်။

ကျောင်းတော်ကြီးပေါ်တက်ပြီး လေ့လာနေသူ တွေနဲ့ အရောင်အသွေး စုံလင်လှပါတယ်။ အမှတ်တရ ပစ္စည်းအရောင်းဆိုင်နဲ့ ဓားခြစ်ပန်းချီဆွဲနေကြတဲ့ ပန်းချီပညာရှင်တွေလည်းရှိရဲ့။ အလှဓာတ်ပုံရိုက်ကူးသူတွေ ပြည်ပခရီးသွားတွေနဲ့ စည်ကားတဲ့နယ်မြေပေါ့။ ဒေသခံကလေးငယ်တွေကလည်း ကျောင်းတော် သမိုင်းရှင်းပြရမလားဆိုပြီး လာရောက်မိတ်ဖွဲ့နေတာကိုလည်း မြင်တွေ့ရမှာပါ။

မဟာအောင်မြေဘုံစံ အုတ်ကျောင်းလို့ ခေါ်ပေမယ့်လည်း မယ်နုအုတ်ကျောင်းလို့ အလွယ်ခေါ်ကြပါတယ်။ စည်တိုပုံ ဒုတိယမြို့ရိုးအတွင်း နန်းတော်ရာ အရှေ့မြောက်ထောင့် ထီးလှိုင်ရှင်စေတီအနီးတည်ရှိတဲ့ မယ်နုအုတ်ကျောင်းဆိုတာကလည်း အင်းဝရဲ့ သွေးကြောတစ်မျှင် ဖြစ်နေပြန်ပါတယ်။ ဒီကျောင်းတော်ကြီးကို သက္ကရာဇ် ၁၁၈၄ နတ်တော်လပြည့်ကျော် ငါးရက်နေမှာ စတည်ပါသတဲ့။ သုံးနှစ်ကျော်မျှ အချိန် ယူဆောက်လုပ်ခဲ့ပြီး ငွေကြေးအသပြာ ၃၀,၀၀၀ တိတိ ကုန်ကျခဲ့တယ်။ 

ကျောင်းတော်ကြီးရဲ့ သရက်ကင်းလှေကားကြီးတွေ အပြောက်အမွမ်း ဗိသုကာလက်ရာတွေကလည်း ဆန်းသစ်လှပနေပါတယ်။ ဘုံသုံးဆင့်ပါ အုတ်ပြာသာဒ် ကြီးပေါ့။ စမြင်းဆောင်၊ ဘောဂဆောင်တို့ မပါရှိတာကလည်း တစ်မျိုးထူးဆန်းနေပါတယ်။ ဘုံခုနစ်ဆင့် ကျောင်း ဦးပြာသာဒ်ပါရှိပြီး ဆောင်မကြီးကို မာရဘင်ကာထားတယ်။ တစ်ကျောင်းလုံး အုတ်နဲ့တည်ဆောက်ထားတာပါ။ တံခါးရွက်နဲ့ စင်္ကြံပတ်လမ်း ကြမ်းခင်းတွေအတွက်သာ သစ်သားပါဝင်နေပြန်ပါတယ်။ ဒီကျောင်းလို ခံ့ညားလှတဲ့ကျောင်းတော်ကြီးကို မြန်မာ့သမိုင်းမှာ အမျက် ဒေါသမာန်ကြီးပါတယ်ဆိုတဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုက တည်ထားကုသိုလ်ပြုလှူဒါန်းခဲ့တာပါ။

မယ်နုလို့ ပြောလိုက်တာနဲ့ အမျက်စောင်မာန် ကြီးသူ၊ ခက်ထန်သူ၊ အာဏာရှင်စနစ်ကို နှစ်မြို့သူလို့ မြင်ယောင်ကြပါတယ်။ သူကတော့ မြန်မာ့သမိုင်းမှာ မိန်းမကြမ်းကြီးအဖြစ် ကမ္ပည်းတင်ထားသူပါ။ ချောမောလှပသူမဟုတ်ပေမယ့် ရွက်ကြမ်းရည်ကျို ကိုယ်လုံးကိုယ်ပေါက်လှပသော အမျိုးသမီးဖြစ်တယ်လို့ ဂျက်ဆင်ရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ မျက်နှာတော် မလှသော်လည်း ရာဇဣနြေ္ဒပြည့်လို့ မိဖုရားခေါင်ကြီး ရာထူးနဲ့ ထိုက်တန်တဲ့သူလို့ သံတမန်တွေရဲ့မှတ်တမ်း တွေမှာဖော်ပြထားပါတယ်။ သူ့အကြောင်းကိုတော့ အကြမ်းဖျင်းသိကြပြီးဖြစ်ပါတယ်။ ငယ်စဉ် သူထမင်း ချက်တဲ့နေရာက မှိုပေါက်တာ၊ ထဘီ စွန်ချီပြီးတောင် နန်းစံ ခေါင်မိုးထိပ်ချတာတွေ။ မှန်နန်းအပျိုတော် ဘဝကနေ နန်းမတော်မယ်နုဆိုပြီး မိဖုရားခေါင်ကြီးအထိ ဖြစ်လာတာတွေကတော့ အားလုံးသိပြီးဖြစ်ပါတယ်။ ဘကြီးတော်စစ်ကိုင်းမင်းက နူးညံ့သိမ်မွေ့သလောက် မိဖုရားခေါင်ကြီးမယ်နုက အင်မတန်ကြမ်းတမ်းတယ်လို့ ဆိုကြပါတယ်။ နန်းတွင်း ဆွေတော်မျိုးတော်တွေက စုန်းမလို့တောင် တိတ်တခိုးခေါ်ကြတယ်လို့ မှတ်သားဖူးပါတယ်။ နန်းတွင်းဓလေ့ထုံးစံတွေကို ဖျက်သိမ်း ထင်ရာစိုင်းလုပ်ကိုင်ပါသတဲ့။ စလင်းမင်းသား မောင်အိုကို သူကောင်းပြု၊ နန်းတွင်းအရေး စိတ်ကြိုက်ခြယ်လှယ်သူပါတဲ့။ ဘုရင်နှုတ်ထွက်စကားထက် မိဖုရား ကြီးအမျက်တော်ရှမှာကို ပိုမိုစိုးရွံ့ကြပါသတဲ့။ “မယ်နု အမျက်ရှရင် ပြာကျပြီမှတ်”လို့တောင် နန်းတွင်းတဘောင် ပေါ်လာတယ်လို့ ဆိုပါတယ်။ အင်းဝခေတ်မှာ “နု” ဆိုတဲ့ စကား မည်သူ့နှုတ်ဖျားတွင်မှ ပြောဆိုသုံးစွဲဝံ့ခြင်းမရှိ ပါဘူးတဲ့။

မန်ကျည်းရွက်နု ကင်ပွန်းရွက်နုလို့ မသုံးစွဲဝံ့ကြပါသတဲ့။ ငါးနုငါးသန်ကို ငါထွတ်တန်၊ နုနုနယ်နယ်ကို ထွတ်ထွတ်နယ်နယ်လို့ ပြောဆိုရတဲ့ခေတ်ပါတဲ့။ မင်္ဂလသုတ်တော်လာ “ယေန ဘဂဝါ တေနုပ သင်္ကမိ” ကို “တေထွတ်ပ သင်္ကမိ” လို့ ဟောပြောရွတ်ဆိုပြီး ဘုရင့် ရွှေနားပေါက်အောင် ရွတ်ဆိုခဲ့ရတာတွေထိ ရှိတယ်လို့ ဆိုပါတယ်။ နာမည်လေးတစ်လုံး ပြောဆိုမိရုံနဲ့ အသက်နဲ့အိုးစားကွဲရတယ်ဆိုတဲ့အခြေအနေမှာ နန်းမတော်မယ်နုရဲ့ ဂုဏ်ရှိန် အာဏာစက် အဘယ်မျှ တောက်ပြောင်နေသလဲဆိုတာ သိနိုင်ပါတယ်။ အဲ့သလောက်အထိ အမျက်စောင်မာန်ကြီးပြီး ခက်ထန်သူ၊ အခြေကြီးသူ ထောင်မှူးကြီးသမီးတစ်ဖြစ်လဲ မိဖုရားခေါင်ကြီး မယ်နုက ဤမျှလောက်သော ကြီးကျယ်ခမ်းနားခဲ့တဲ့ အုတ်ကျောင်းတော်ကြီးကို လှူဒါန်းခဲ့လို့ သူ့သဒ္ဓါတရားကို အံ့ဩမိပြန်ပါတယ်။

ကျောင်းတင်ပွဲ အခမ်းအနားမှာ အရပ်ရှစ် မျက်နှာကလာသူတွေကို အကျွေးအမွေးနဲ့ အဝတ်အစားတွေကို စွန့်ကြဲပါသတဲ့။ အကျဉ်းသား ၆၈ ယောက်ကို ဘေးမဲ့ချမ်းသာ ပေးခဲ့ပါသေးတယ်တဲ့။ သူ့အလှူ သူ့ဒါနအတွက် အံ့ဩဘနန်းဖြစ်မိရပါတယ်။ 

အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာပါ အတိုင်း မင်းချမ်းသာဟူသည် တည်မြဲခြင်းမရှိ၊ ရေပွက် ပမာတစ်ခဏာတာသာဖြစ်ကြောင်း သူလက်တွေ့မြင် တွေ့ရချေပြီ။ ဘယ်လောက်ပဲ ဓားထက်ခဲ့ပါစေအချိန်တန်တော့ နေဝင်ကြစမြဲ။ တည်မြဲခြင်းမရှိသည့်လောကတွင် မတည်မြဲခြင်းသည်ပင်လျှင် တည်မြဲနေပါသည်။

နန်းတွင်းရေး အရှုပ်တော်ပုံတွေကြောင့် နန်းမတော်မယ်နု ရေချကွပ်မျက်ခြင်းခံခဲ့ရပါပြီ။ သမိုင်းမတင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားတစ်ခွန်းကို နောင်လာနောက်သားတွေအတွက် အသက်စတေးပြီး ပုံဖော်ခဲ့လေသလား အောက်မေ့မိပြန်ပါတယ်။ “သူ့ကြွေး ရှိရင် ဆပ်ရမယ်”တဲ့။ ဆရာတော်ဦးဗုဓ်က မယ်နုကို နောက်ဆုံးဟောခဲ့တဲ့တရား။ အခုတော့ မိန်းမကြမ်းကြီးမယ်နု။ ရာဇမာန်ပြင်းတဲ့မယ်နု။ အခြေကြီးတဲ့ မယ်နု။ ရာဇဝတ်သားအဖြစ် ရေချကွပ်မျက်ခြင်းခံခဲ့ရပြီ။ ဓားထက်ချိန်က ဧကရီမိဖုရားက အာဏာပါးကွပ် သားလက်မှာ နေဝင်ခဲ့ရလေပြီ။ 

“ဟဲ့ မိနု သူ့ကြွေးရှိရင် ဆပ်ရမယ်”ဆိုတဲ့ ဆရာ တော်စကားကြားပြီး မယ်နုက အင်မတန် ဝမ်းသာပျော်ရွှင်ခဲ့ပါသတဲ့။ နှစ်ပေါင်းများစွာ ကိုးကွယ်ဆည်း ကပ်လာတဲ့ ဆရာတော်က ဘယ်အခါမှ ငါ့နာမည်မခေါ်။ ငါ့ဘက်လည်း လှည့်မကြည့်။ ယနေ့တွင်မူ မိနုယူကြွေးရှိရင် ဆပ်ရလိမ့်မယ်တဲ့ဆိုတဲ့ ထိရောက်လိုက်တဲ့တရားကို လိုတိုရှင်းဟောခဲ့လိုက်ပြီ။ ငါရဲ့ ပြုမူဆောင် ရွက်မှု ငါယူခဲ့တဲ့ အကုသိုလ်ကံတွေအတွက် သူ့ကြွေးရှိလို့ ဒီနေ့ဆပ်လိုက်ပါပြီဆိုပြီး မိဖုရားခေါင်ကြီးမယ်နု စိတ်နှလုံးပိုက်ပြီး သူ့ဘဝဇာတ်သိမ်းခဲ့လေပြီ။

ရက်စက်ကြမ်းကြုတ်တဲ့မယ်နု။ အတ္တကြီးတဲ့မယ်နု။ အမျက်စောင်မာန်ကြီးပြီး အာဏာယစ်မူးခဲ့တဲ့ မယ်နု။ သမိုင်းရာဇဝင်မှာ မိန်းမကြမ်းကြီးအဖြစ် ရာဇဝင်ထင်ရှား ကမ္ပည်းထင်ခဲ့ရပေမယ့် သူ့ရဲ့ မဟာအောင်မြေဘုံစံ အုတ်ကျောင်းပေါ်ကနေ သူ့အကြောင်း တွေးတောရင်း ကဗျာတစ်ပုဒ်ကို ရေးခြစ်မိလိုက်တော့တယ်။

မြစ်မင်းဧရာ၊ စီးဆင်းကာဖြင့်
ဒုဌာမြစ်ငယ်၊ ပေါင်းစပ်သွယ်သည်
သံလျက်စွယ်က မြို့အင်းဝ။
အင်းဝခေတ်ဟောင်း၊ သမိုင်းကြောင်းကို
ပြန်ပြောင်းမျှော်ရှု၊ တွေးဆပြုသော်
မယ်နုသမိုင်းလည်း ပါချေ၏။
အင်းဝသမိုင်း၊ နုခေတ်ပိုင်းတွင်
ရိုင်းခဲ့တာလည်း ရှိခဲ့၏။
ခက်ထန်ဂုဏ်ဟိတ်၊ တုံ့ပြန်စိတ်ဖြင့်
ဒေါသစိတ်လည်း ကြီးခဲ့၏။
မာန်မာနဝင့်၊ ဂုဏ်ရှိန်တင့်ကြွား
သို့ပေသော်ငြား
ကောင်းမွန်လွန်ကဲ၊ ကုသိုလ်ပွဲဝယ်
မလဲမယိုင်၊ တည်တံ့ခိုင်၍
စံပြိုင်ကင်းရှား၊ လက်ရာများနှင့်
အုတ်သားကျောင်းတော်၊ ခံ့ညားမော်
ကျောင်းတော်မဟာ လှူခဲ့၏။
သူ့သမိုင်း ရိုင်းချင်ရိုင်းမယ်
သူထင်ရာ စိုင်းချင် စိုင်းမယ်
သူ့မာန်တွေကြီးချင်ကြီးမယ် 
ဒါပေမဲ့
သူ့ရဲ့ ဒါနစိတ်ကောင်း
ဒီ အုတ်ကျောင်းကြောင့်
အင်းဝကို ကမ္ဘာသိ ယနေ့အချိန်ထိ
ကြည့်ရဖန်ဖန် ဗိသုကာဟန်တွေကြောင့်
အောင်မြေဘုံစံဆိုတဲ့ 
ဒီအုတ်ကျောင်းတစ်ခုနဲ့
နန်းမတော်မယ်နုကို လေးစားမိတယ်လေ။ ။

တိုက်ကြည့် (စဥ့်ကိုင်)