News

POST TYPE

ARTICLE

လူတွေက သင့်ကို စိတ်ဆိုးဒေါသထွက်အောင် မလုပ်နိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ
25-Aug-2019


သင့်ယောက်ဖတစ်ယောက်က အိမ်ကိုလာပြီး သင်ကြိုက်တဲ့ နိုင်ငံရေးပါတီရဲ့ မကောင်းကြောင်းကို ဟောင်ဖွာဟောင်ဖွာ လာပြောနေရင် ဒေါသထောင်းခနဲ ထွက်ရပြီပေါ့။ ရုံးမှာ တစ်ရုံးတည်း အတူတူလုပ်တဲ့သူက သင် ဒီနေ့ဝတ်လာတဲ့ အဝတ်ရဲ့ဒီဇိုင်းကို သူနဲ့လည်း ဘာမှမဆိုင်ဘဲ ဟိုဝင်ပြော ဒီဝင်ပြော လုပ်နေတယ်ဆိုရင် သင် စိတ်တိုရပြီပေါ့။ ဒီလိုနဲ့ နေ့စဉ်ဘဝတွေမှာ လူတွေက တို့ကိုစိတ်တိုအောင်၊ အနှောင့်အယှက်ဖြစ်အောင် အမျိုးမျိုးလုပ်နိုင်ကြလေရဲ့။ ဒေါသထွက်တယ်ဆိုတာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ သွေးဖိအားကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် အစကတည်းက ဒီလိုမျိုး စိတ်တို ဒေါသလွယ်လွယ်နဲ့ မထွက်တတ်အောင် သင့်စိတ်ကို ပြင်ဆင်ထားမယ်၊ သင့်အမူအကျင့်တွေကို ပြင်ဆင် ထားမယ်ဆိုရင် စိတ်လည်းချမ်းသာ၊ လူလည်း ကျန်းမာစေဖို့ အထောက်အကူ ဖြစ်တာပေါ့။ ဒေါသဖြစ်ပြီဆိုရင် ဒေါသကိုပြေအောင် စိတ်ကိုထားဖို့လိုပါတယ်။ ဒေါသ ပြေပြီဆိုရင်တော့ ကိုယ့်ကို ဒီလိုဖြစ်အောင် ပြောတဲ့သူ၊ လုပ်တဲ့သူ နောက်ထပ် ကိုယ့်ကို အလားတူလုပ်လာရင် ထပ်ဒေါသမဖြစ်ရအောင် စည်သားဖို့ လိုလာပါပြီ။

(၁) ဒေါသဖြစ်လာပြီဆိုရင် အသက်ကို သေသေချာချာလေးရှူချလိုက်ပါ။ အချိုးမပြေတဲ့ အပြောအဆိုတွေ၊ အမူအရာတွေကြောင့် ပေါက်ကွဲတော့မယ်ဆိုတာ သိရင်ခဏရပ်လိုက်ပြီးတော့ အသက်သေသေချာချာ ရှူလိုက်ပြီး ယခုလို အသက်ရှူနေတာကိုလည်း သိလိုက်ပါ။ ကိုယ် အသက်ရှူနေတာကို သတိလေးနဲ့ စောင့်ကြည့်နေပြီး ဝမ်းဗိုက်ထဲအပြည့် လေရောက်သွားမယ်ဆိုရင် ဒေါသကိုထိန်းဖို့ ပိုလွယ်သွားပါမယ်။ 

(၂) ခပ်သွက်သွက်လေး အာရုံပြောင်းတဲ့နည်းနဲ့ ဒေါသကို ထိန်းကျောင်းနိုင်ပါတယ်။ စိတ်ခံစားချက်တွေကို ထိန်းချုပ်လို့ မရဘူးဆို အာရုံပြောင်းလိုက်ခြင်း နည်းဟာ လက်ရှိအခြေအနေဆီကို ကိုယ့်ကို ပြန်သွားစေပါတယ်။ အာရုံပြောင်းတယ် ဆိုတာလည်း သိပ်တော့ မခက်ပါဘူး။ ကိုယ့်နားက အရာတစ်ခုကို ရွေးချယ်ပြီး အဲဒါလေးအပေါ် အာရုံစိုက်လိုက်တာပါပဲ။ ဥပမာ- ဘောင်းဘီအိတ်ထဲကို လက်နှိုက်လိုက်ပြီး အထဲက သော့တံတွေကို လက်နဲ့ ကိုင်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့အသံလေးကို ကြားအောင် အာရုံစိုက်လိုက်တာ မျိုးပေါ့။ ခြေထောက်က ကိုယ်နင်းထားတဲ့ ကြမ်းပြင်နဲ့ အထိအတွေ့အပေါ် ခဏ အာရုံစိုက်ထားလိုက်တာမျိုးပေါ့။

(၃) ဒေါသဖြစ်စေတဲ့ ဝန်းကျင်ကနေ ခဏရှောင် ထွက်သွားလိုက်တာက တစ်ခါတလေ အကောင်းဆုံးနည်းလမ်း ဖြစ်တတ်ပါတယ်။ အခြေအနေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်လောက်အောင် သင့်စိတ်က မတည်မငြိမ် ဖြစ်နေပြီး တအားစိတ်တိုနေရင် အဲဒီအခန်းထဲကနေ ခဏထွက်သွားလိုက်ပေါ့။ 

(၄) ဘာကြောင့် ခုလို ဒေါသထွက်ရသလဲဆိုတာ မိမိကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ကိုယ့်ဒေါသကို တခြားသူအပေါ် မတုံ့ပြန်လိုက်ခင် ခဏရပ်လိုက်ပြီး ဘာကြောင့် ဒီလိုမျိုး ခံစားရသလဲဆိုတာ ဆန်းစစ်ပါ။ ဘာခံစားနေရသလဲဆိုတာကို စဉ်းစားပါ။ ပြီးတော့ ဘာကြောင့် ဒီလိုမျိုး ခံစားရသလဲဆိုတာကိုလည်း ဆက်စဉ်းစားပါ။ ကိုယ်ဘာ ခံစားနေရသလဲ၊ ဘာကြောင့် ကိုယ်ဒီလို ခံစားနေရသလဲဆိုတာ သုံးသပ်နိုင်ခြင်းဟာ ခံစားချက်ကို ထိန်းချုပ်ဖို့အတွက် အကူအညီဖြစ်စေပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အကြောင်းရင်းကို စဉ်းစားတဲ့အခါ “အမေက သိပ်စိတ်ရှုပ်စရာကောင်းတာပဲ” လို့ အကြောင်းရင်းကို စဉ်းစားမိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားပြီး အဖြေထွက်သင့်တာက “အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်မဖြစ်သေးပါဘူးလို့ ငါဘယ်လောက်ပဲ ရှင်းပြရှင်းပြ၊ ငါနဲ့ ဟိုတစ်ယောက် ဘယ်တော့လက်ထပ်မလဲလို့ အမေက လာလာ မေးနေတာကို ငါတော်တော် စိတ်အနှောင့်အယှက်ဖြစ်တာပဲ” ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ဒီအတိုင်း စိတ်ဆိုး ဒေါသထွက်တာထက် ဘယ်အရာက ငါ့ကို စိတ်ဆိုးစေတာလဲဆိုတာကို အာရုံစိုက်မိပြီး ပိုသိနိုင်ပါတယ်။ ဘာက ပြဿနာဖြစ်စေတာလဲ ဆိုတာကို သိတယ်ဆိုရင် အဖြေရှာဖို့ရာ ပိုပြီးလွယ်ကူလာစေပါတယ်။ 

(၅) မတုံ့ပြန်ခင်မှာ ဘာပြောရမလဲဆိုတာကို စဉ်းစားပါ။ တစ်ယောက်ယောက်က ကိုယ့်ကို စိတ်တို စိတ်ထွက်အောင် လုပ်လိုက်တယ်ဆိုရင် ခေါင်းထဲမှာ ပေါ်လာမယ့်အရာက တစ်ဖက်သားကို နာသွားအောင် ဘာပြောလိုက်ရင် ကောင်းမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ပြောဖြစ်ဖို့ ကိုယ့်စိတ်ကိုယ် လွှတ်ပေးလိုက်မယ်ဆိုရင် သင့်ရဲ့အခြေအနေက ပိုဆိုးဝါးသွားမှာ ဖြစ်ပါတယ်။ ယခုလို ဖြစ်မယ့်အစား ခဏရပ်ပြီး ဘာပြောရ မလဲဆိုတာ သေချာစဉ်းစားပါ။ “ငါပြောမယ့် စကားက တကယ်ပြောချင်တာ သေချာလား၊ ဒီလိုပြောဖို့ လိုရော လိုရဲ့လား၊ ခုလို ပြောလိုက်တာက ငါပြောချင်တာ၊ ငါ ခံစားရတာကို တကယ်ရော ဖော်ပြနိုင်ရဲ့လား” ဆိုတာ စဉ်းစားသင့်ပါတယ်။ ဒါဆိုရင် ဒေါသထွက်ပြီး အမှားတွေ ပါမသွားတော့ဘူးပေါ့။ 

ဒေါသကင်းဝေး စိတ်ငြိမ်းအေးကြပါစေ။ 

ဆရာဆေး