News

POST TYPE

ARTICLE

တို့ဘကြီး ငိုနေသည်
25-Aug-2019



မြန်မာပြည်က ပရဟိတသမားတွေ တော်တော်မကောင်း။ မျက်နှာလွှဲ ခဲပစ်နိုင်လွန်းသည်။ အသည်းမာကြလွန်းသည်။ အကြင်နာမဲ့လှလွန်းသည်။ ကိုယ်ချင်းစာတရား ခေါင်းပါးလွန်းလှသည်။

စဉ်းစားကြည့်။ ဘကြီးနှင့် သူ့ရောင်းရင်းများ ဂလောက်ဒုက္ခရောက်နေတာကို ဘာမှမကူညီကြ။

ဘကြီးခမျာ ညစဉ်ညတိုင်း မျက်ရည်နှင့်မျက်ခွက်။ ဘကြီးငိုရလွန်းလို့ မျက်ရည်တွေ ဒလဟောဖြစ်ပြီး မြန်မာပြည်အောက်ပိုင်း ရေတွေကြီးကုန်သလားတောင် ထင်ရသည်။

ပြည်သူအများ ခေါင်းပြားအောင် အိပ်နေကြချိန်တွင် အဉ္ဇလီစက်ရာမှာ မျက်ခွက်ဖောင်းကလေးအပ်ကာ ရှိုက်ငိုနေရရှာသော ဘကြီး။

အဘယ်မျှ သနားဖွယ်ကောင်းလှသနည်း။

တစ်ချိန်က ဘကြီးသည် ဒီလိုမဟုတ်။ ဘကြီး ရွှေထီးဆောင်းစဉ်ကာလကို မြင်ယောင်ကြည့်မိသည်။ လက်ညှိုးညွှန်ရာ မြေဖြစ်သည့် ဘကြီး။ လယ်တွေ၊ မြေတွေ မတရားရယူခဲ့တာ ဘာမှမရှိ။ လယ်သမားတွေက ဘကြီးကို ကြည်ညိုလွန်းလို့ လျှော့ဈေးနဲ့အလကားနီးပါးပေးခဲ့ကြသည်။

ဗိုလ်မင်းအစိုးရကလည်း ရိုးသားသောဘကြီး လုပ်ကိုင်စားသောက်ရန် ပြည်သူပိုင်မြေတွေ၊ အပန်းဖြေနေရာတွေကို ဈေးချိုချိုနှင့် ထိုးအပ်ခဲ့သည်။ ဘကြီးမှာ သောတာပန်အလောင်းအလျာပီပီ ထိုအရာများကို မလိုချင်ပါပဲ ယူခဲ့ရရှာသည်။

ပုဂံခေတ်က ကျန်စစ်သားမင်းကြီး ဝင်စားပါသည်ဆိုသော ဘကြီးသည် သူဌေးဘွဲ့ကို အားနာနာနှင့် ခံယူခဲ့ရသည်။

ဘကြီးတင်လားဆိုတော့ မဟုတ်။ ဘကြီးအပေါင်း အသင်း သူဌေးကြီးတွေအကုန်လုံး ဒီလိုမြင့်မြတ်နှလုံး သားပိုင်ရှင်တွေချည်း။

ထိုစဉ်က ...

ဘကြီးသည် ချမ်းသာသော်လည်း ဇိမ်မခံ။ ဘကြီး၏ ခြိမ့်ခြိမ့်သဲ အလှူပွဲများတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအလို့ငှာ မော်တော်ကားမစီး။ ဆင်ကြီးစီးသည်။ မြေပေါ်ကလူတွေမပြောနှင့် ရေအောက်က ငါးတင်းရဲသားတွေ အသုံးအစွဲကျပ်မည်စိုးသဖြင့် ရေထဲကို ပိုက်ဆံတွေကြဲချပေးသည်။

ထို့နှယ် ပေး၍မကုန်လှူ၍မခန်းသော ဇောတိက ဘကြီး။

အခုတော့ ဘကြီး ဝမ်းနည်းရပြီ။ ရင်ထဲမကောင်း။ စီးပွားရေးအခြေအနေတွေက အရင်လိုမဟုတ်။

ဘကြီးလုပ်တတ်သည့် ဂါဝင်သီအိုရီကလည်း အလုပ်သိပ်မဖြစ်တော့။

ဒါဝင်သီအိုရီမဟုတ်။ ဂါဝင်သီအိုရီဆိုသည်ကား ဘကြီးတို့အုပ်စု၏ အရင့်အရင် အစိုးရအဆက်ဆက် လက်ထက်ကျင့်သုံးခဲ့သည့် ဂါဝင်စီးပွားရေးသီအိုရီ ဖြစ်သည်။

ဘယ်အလုပ်မဆို ဂါရဝကြေးလေးနှင့် ဝင်လိုက်လျှင် အောင်မြင်သွားသည့် မြန်မာ့နည်းမြန်မာ့ဟန် ဧရာမစီးပွားရေး သီအိုရီကြီးပေ။

ဒီအစိုးရမင်းများ ညံ့သည်။ စီးပွားရေးမလုပ်တတ်။ အထူးသဖြင့် ဂါဝင်သီအိုရီလက်ကိုင်ပြုသော ဘကြီးတို့သူဌေးတစ်စုနှင့် အလုပ်မလုပ်တတ်။ ဒီကြားထဲ ဘကြီးတို့ကို ခရိုနီတွေဟု သမုတ်သေးသည်။

လူတွေ မုဒိတာတရား မရှိကြ။ ဘကြီးရိုးရိုးသားသား ကြိုးကြိုးစားစား ဂါဝင်နည်းဖြင့် ချမ်းသာလာတာကို ဝမ်းသာမပေးကြ။ ဘကြီးတို့ကိုပဲ အပြစ်ရှာနေကြသည်။ ဘကြီးအသည်းတွေ နာသည်။ အသားတွေ တုန်သည်။ မျက်ရည်တွေ ဝေ့ဝဲရစ်ဝိုင်းလာသည်။ ဗမာ ရုပ်ရှင်ကားထဲက မင်းသားတွေလို နှာခေါင်းကြီးနီ...နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာသည်။

ဘကြီးငိုရသည်။ ညသန်းခေါင်အိပ်မရ။ တရား ခွေလေးဖွင့်ရင်း ဖြစ်ပျက်သင်္ခါရကို နှလုံးသွင်း ငိုချင်း သမားလေး ဘကြီးဖြစ်ခဲ့ရပါပြီ။

ဘကြီးသည် အခုတော့ ကျန်စစ်သားမဟုတ်တော့။ ပုဂံခေတ်က ဟင်းခွက်သုံးရာမပြည့်လို့ ဖျင်လက် အုပ်ပြီး ငိုသည့် နရသီဟပတေ့မင်းကြီး ဖြစ်နေလေပြီ။

တောင်ပိုင်းတွင် ရေကြီးနေသည်ကိုလည်း ဘကြီးမှာ ဝမ်းမနည်းအား။ မြောက်ပိုင်းမှာ စစ်ဘေးသင့်နေသည်ကိုလည်း ဘကြီးမှာ မပူပန်အား။

မြို့တော်ခန်းမရှေ့ ကာတွန်းစိုးသော်တာတို့၊ ကာတွန်းစိုးစံဝင်းတို့၊ ကာတွန်းအာကာတို့တစ်သိုက် သီချင်းတွေ အော်ဆိုနေကြသည်ကိုလည်း ဘကြီးမှာ စိတ်မညစ်နိုင်အား။

အိမ်နီးချင်းတိုင်းပြည်က သူဌေးကြီးတွေလောက် မချမ်းသာတာကိုပဲ ကြေကွဲမျက်ရည်တို့ဖြင့် ငိုနေရသည်။

“ဘကြီးမှာ အကြွေးတွေပဲ များလာဖို့ရှိတော့တယ်”

ဘကြီး ဒီလိုဒုက္ခရောက်နေတာကို ပရဟိတသမားများ ကြည့်နေရက်ကြသည်။ ရေဘေးတွေ၊ စစ်ဘေးတွေကိုပဲ သွားကူနေကြသည်။ ကြေကွဲနေသော ဘကြီးကိုတော့ ဘာမှမကူညီပေးကြ။

အနည်းဆုံးတော့ ရေဘေးအတွက် မြို့တော်ခန်းမရှေ့သီချင်းဆိုရင်း အလှူရန်ပုံငွေရှာပေးနေသည့် ကာတွန်းဆရာများကလည်း ဘကြီးကို ပစ်မထားသင့်။

သူတို့တစ်တွေ ဘကြီးတို့အကြောင်း ကာတွန်းလုပ်ရေးပြီး စာမူခတွေ ရဖူးကြသည်။ အခု ဘကြီး ငိုနေတော့... ဘယ်သူမှ မကူညီကြသည့်အပြင် လှောင်ရက်ကြသည်။

ဘကြီးငိုနေပါပြီ။

ဘကြီးကို ကူကြပါဦး။ ဘကြီးအရေး ကူညီမှု အသင်းလေးဖွဲ့ပေးကြပါဦး။

ဘကြီးတို့မျက်ရည် မြေမကျစကောင်းပါဘူး။

ဗြိတိသျှကိုကိုမောင်