News

POST TYPE

ARTICLE

သူဘာတွေဖြစ်သွားတာလဲ
23-Aug-2019


ယခုဆောင်းပါးမှာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် Ben Rhodes ရေးသားသည့် What happened to Aung San Suu Kyi?၊ ဟုအမည်ရသည့် ဆောင်းပါးကို The Voice Daily က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ The Atlantic မဂ္ဂဇင်းပါ အဆိုပါ ဆောင်းပါးမှာ အတော်အတန် ရှည်လျားသည်ဖြစ်ရာ အပိုင်းခွဲ၍ ဖော်ပြသွားမည်ဖြစ်ပါသည်။ (အယ်ဒီတာ)

Ben Rhodes ရေးသားသည်။

၅။ နိုင်ငံတော်အတိုင်ပင်ခံ

၂၀၁၆ ခုနှစ် နွေရာသီတွင် နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော် ထပ်မံတွေ့ဆုံဖြစ်ခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူမလည်း အခြားအစိုးရအရာရှိကြီးများကဲ့သို့ပင် လိုဏ်ဂူကြီးသဖွယ် ကြီးမားသည့် အစိုးရအဆောက်အအုံတစ်ခုကို ရရှိထားသူဖြစ်နေသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်တွင် သူမကို အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ရှေ့ဆက်သွားမည့် ဦးတည်ချက်ပန်းတိုင်တစ်ခု ခင်းကျင်းပြရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း သူမသည် နေပြည်တော်တွင်သာ တစ်ဦးတည်း တသီးတခြား နေထိုင်ခဲ့သည်။ သူမ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ကျွန်တော့်ကို ယခုလိုပြောလာသည်။ “ဒေါ်စုရဲ့ စိတ်နေသဘောထားက ကျွန်တော်တို့ လုပ်ဆောင်တာတွေအတွက် ကျွန်တော်တို့ကို ပြည်သူတွေက အဆုံးအဖြတ်ပေးလိမ့်မယ်၊ ကျွန်တော်တို့ပြောတာတွေကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူးဆိုတာပဲ” 

ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဖြစ်သူကြိုးပမ်းခဲ့သည့် လမ်းစဉ်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညီညွတ်မှုရရှိရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်သည်။ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကစတင်ကာ ထိုမှတစ်ဆင့် ဆွေးနွေးပွဲများပြုလုပ်ပြီး နောက်ဆုံးတွင် တိုင်းရင်းသားများအနေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမည့် အနေအထားရှိသော ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ ထို့နောက် ပုံမှန်လည်ပတ်မှုလုံးဝမရှိသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်မည့် ကြိုးပမ်းချက်များကို စတင်ခဲ့သည်။ မြန်မာ့စီးပွားရေးမှာ အမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်းပေါ်တွင် အခြေတည်ထားခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့် စစ်တပ်အနေနှင့် အရင်းအမြစ်များကို ကာကွယ်ထားနိုင်သလို အာဏာကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်ဒဏ်ခတ်အရေးယူမှုများပြုလုပ်ခြင်းကို နှစ်သက်သဘောကျခဲ့သည်။ သို့သော် နောက်ပိုင်းတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မည့်ကိစ္စတွင် ဒဏ်ခတ် အရေးယူမှုများက ကမောက်ကမဖြစ်စေသောအချက်ကို ဒေါ်အောင်ဆန်းစုကြည် ရိပ်စားမိလာသည်။ ကျွန်တော်လည်း သူမကဲ့သို့သော ဗြိတိသျှလေသံဖြင့် ပြောပြခဲ့သည်။ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့အနေနှင့် ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားပေးမည့်အကြောင်းပင်။ 

ရိုဟင်ဂျာ (ဘင်္ဂါလီ) များအပေါ် မြန်မာအစိုးရ၏ ဆက်ဆံမှုသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စအတွက်လည်း ဒုက္ခဖြစ်စေသလို ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုလည်း အန္တရာယ်ဖြစ်စေသောကြောင့် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ (အမေရိကန်အစိုးရ) အနေနှင့် စိုးရိမ်ပူပန်နေသည့်အချက်ကို ကျွန်တော်ပြောခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေနှင့် ယခင်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (ယခုကွယ်လွန်) ဦးဆောင်သည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းပေးကာ ရခိုင်အရေးကိစ္စအတွက် လေ့လာဆန်းစစ်မှုများနှင့် အကြံပေးမှုများ ပြုလုပ်စေမည်ဖြစ်သည်ဟု ပြန်ပြောသည်။ “ကျွန်မ ကိုဖီအာနန် ကိုပြောပါတယ်၊ ကျွန်မသာ ဒီကိစ္စနဲ့ပတ်သက်ပြီး အလေးအနက် မထားဘူးဆိုရင် သူ့ကို ဒီကိစ္စလုပ်ပေးဖို့ ပြောမှာမဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြသည်။ လွန်စွာစိတ်ကူးစိတ်သန်း ကောင်းလှသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောပုံဆိုပုံပင်။ ကျွန်တော့်အနေနှင့် အထူးပင် နှစ်သက်သဘောကျမိသည်။ သူမက ဆိုပြန်သည်၊ ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးများနှင့် မြန်မာအမျိုးသမီးများအကြား ဒိုင်ယာလော့ခ်တစ်ခုလုပ်ပေးရန်လည်း ဆန္ဒရှိသည်ဟု ဆိုသည်။ ကျွန်တော် တွေ့ဆုံခဲ့ဖူးသည့် စစ်ဘက်အရာရှိများနှင့်မတူ တစ်မူထူးခြားသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာများကို ဘင်္ဂါလီဟု မည်သည့် အခါကမျှ သတ်မှတ်ခေါ်ဝေါ်ခြင်းမရှိပေ။ (ထို့အတူပင် ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူရှေ့မှောက်တွင် ရိုဟင်ဂျာဟုလည်း မခေါ်ဆိုပေ။ ယင်းအစား ရခိုင်ပြည်နယ်မှ မွတ်စလင်များဟု သူမက ခေါ်ဝေါ်လေ့ရှိသည်) 

နေပြည်တော်ရှိ အဆောက်အအုံထဲမှ သူမနှင့်အတူ လမ်းလျှောက်ထွက်လာစဉ် သူမအနေနှင့် အလွန်ပင် အလုပ်တာဝန်များပိနေကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို ဥပမာထား၍ ကြည့်မိခဲ့ကြောင်း ပြောပြသည်။ (မာဂရက်သက်ချာမှာ အမျိုးသားတွေကြီးစိုးသည့် စနစ်တစ်ခု၏ အလယ်တွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်နိုင်ခဲ့သော အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သည်) မကြာမီ ကျင်းပတော့မည့် အမေရိကန်ရွေးကောက်ပွဲအကြောင်းလည်း ကျွန်တော့်ကို မေးပြန်သည်။ ဟီလာရီကလင်တန်အနေနှင့် မြန်မာနိုင်ငံအပေါ် ဆက်လက်အလေးပေး အာရုံစိုက်လိမ့်မည်ဖြစ်သည်ဟု ကျွန်တော်က အာမခံပြောဆိုခဲ့သည်။ “ရက်စ်”ဟု ဆူပူကြိမ်းမောင်းသံပါသည့်လေဖြင့် ပြန်ပြောသည်။ “ဒါပေမဲ့ ဘယ်သူနိုင်မလဲဆိုတာ ရှင်မသိဘူးလေ” 

ရက်သတ္တပတ်အနည်းငယ်အကြာ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဝါရှင်တန်သို့ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်လာရောက်ခဲ့သည်။ အိမ်ဖြူတော်ကလည်း ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်သည်။ ဒုတိယသမ္မတဂျိုးဘီဒင်၏ နေအိမ်တွင် နံနက်စာအတူစားရာ၌ မြန်မာနိုင်ငံအနေနှင့် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သည့်အချက်ကို အမေရိကန်ကွန်ဂရက် လွှတ်တော်ခေါင်းဆောင်များသိအောင် သူမကပြောခဲ့သည်။ ထိုနံနက်က ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ကြည့်နေမိသည်။ သူမ၏ ကျွမ်းကျင်ပိုင်နိုင်လွန်းလှသော နိုင်ငံရေးအရည်အချင်း တစ်ရပ်ကို ကျွန်တော်မြင်တွေ့လိုက်ရသည်။ ဆီးနိတ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် မစ်ချ်မက်ကော်နယ်လ်ကို သူ၏ မြင်းများအကြောင်း မေးသည်။ နယူးယောက်မှ ကိုယ်စားလှယ် ဂျိုးကရောင်လေးကိုတော့ သူ၏မိခင် အကြောင်းမေးသည်။ သို့သော် တန်နက်ဆီပြည်နယ်မှ ဆီနိတ်တာ ဘော့ကော်ကာကိုတော့ သူမက ခပ်တည်တည်ပင် စကားပြောဆိုသည်။ မြန်မာနိုင်ငံကို ကလေးသူငယ်များ လူကုန်ကူးမှုခံရသည့်ကိစ္စအပေါ် ညံ့ဖျင်းစွာ ကိုင်တွယ်ဖြေရှင်းနေသည့် နိုင်ငံစာရင်းထဲထည့်ရန် အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ပြောဆိုခြင်းဖြစ်သည်။ “ကျွန်မတို့ ကလေးတွေကို ကျွန်မတို့ ကာကွယ်စောင့်ရှောက်မှာပါ ဆီနိတ်တာကြီးရှင့်”ဟု သူမက နိဂုံးချုပ်ပြောဆိုသွားသည်။ ထို့နောက် သူမအနေနှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုများရလိုကြောင်း၊ သို့သော် အမျိုးသားအချုပ်အခြာ အာဏာပိုင်နက်နှင့်ပတ်သက်၍ တစ်ပြားသားမျှ အထိမခံနိုင်ကြောင်းလည်း ပြောသွားသည်။ 

မြန်မာပြည်အပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် အမေရိကန်ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားမည့်ကိစ္စမှာ အငြင်းပွားစရာကိစ္စတစ်ခုပင်။ အချို့က ရိုဟင်ဂျာများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေခြင်းကြောင့် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားခဲ့သည့် ကိစ္စကို ပြစ်တင်ပြောဆိုကြသည်။ အောက်တိုဘာလတွင် အသစ်ဖွဲ့စည်းလိုက်သည့် လက်နက်ကိုင်အုပ်စု ဖြစ်သော ARSA က မြန်မာနယ်စပ်ဒေသမှ လုံခြုံရေးဂိတ်များကို တိုက်ခိုက်ခဲ့သည်။ ရဲအရာရှိကိုးဦး သေဆုံးသွားခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို အထူးပင်စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ အကြောင်းစုံ ကို ဂဃဏနမသိသော မြန်မာစစ်တပ်က အင်အားအလုံး အရင်းသုံးကာ တုံ့ပြန်တိုက်ခိုက်ပစ်ခဲ့ရာ ရိုဟင်ဂျာ (ဘင်္ဂါလီ) သုံးသောင်းခန့် ရွှေ့ပြောင်းခဲ့ရသည်။ ဒဏ် ခတ်အရေးယူမှုတွေ ဖယ်ရှားပေးလိုက်တာက မြန်မာ စစ်တပ်ဒဏ်ခတ်မခံရအောင် လုပ်ပေးလိုက်သည့် သဘောသို့ အမှန်တကယ်သက်ရောက်စေခဲ့ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် Human Rights Watch အဖွဲ့ကို ဦးဆောင်သူ ဆာရာမာဂွန်ကပြောလေသည်။ မဝေဝေနုကဲ့သို့ အခြားသော ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူများကလည်း ၎င်းအတိုင်းပင် ထောက်ပြပြောဆိုကြသည်။ 

ထိုသို့ပြောဆိုမှုများ၊ စောဒကတက်မှုများကို ကျွန်တော့်အနေနှင့် ကောင်းစွာနားလည်ပါသည်။ သို့သော် ကျွန်တော် သံသယဖြစ်မိသည့်အချက်မှာ ဒဏ်ခတ်အရေးယူမှုတွေသည် အမြဲတစေ ထိရောက်မှုရှိသည့် အဟန့်အတားများဖြစ်ခဲ့ပါ၏လော ဟူသည့်အချက်ပင်။ ကျွန်တော်ယုံကြည်လာသည်မှာ ဒဏ်ခတ်အရေးယူမှုများဟူသည် ဝါရှင်တန်အစိုးရက အလွန်အမင်း အသုံးပြုသောအရာတစ်ခုပင်ဖြစ်သည်။ လူဆိုးများနှင့် ဗီလိန်များက ယင်းဒဏ်ခတ်အရေးယူမှုများကို မည်သို့ မည်ပုံရှောင်ရှား၍ရသည်ဆိုသောအချက်ကို ကောင်းစွာ သိသူများ မဟုတ်ပါလော။ ဆိုရလျှင် ဒဏ်ခတ်အရေးယူ မှုများဟူသည် ခုတ်ရာတခြား ရှရာတခြားဖြစ်အောင်သာ လုပ်နိုင်ပေသည်။ ထိခိုက်နစ်နာစေလိုသူများ မထိခိုက်ဘဲ အခြားသူများမှာ ထိခိုက်နစ်နာရစမြဲပင်။ မြန်မာ့အရေးကိုကြည့်မည်ဆိုလျှင် မကောင်းသည့်ပုဂ္ဂိုလ်များသည် အနက်ရောင်စီးပွားရေးထဲတွင် ရှင်သန်နေနိုင်သည်။ မူးယစ်ဆေးဝါး၊ ပတ္တမြား၊ ကျောက်စိမ်း စသည့် ပစ္စည်းများ အရောင်းအဝယ်လုပ်သည့် စီးပွားရေးတွင် ရှင်သန်နိုင်သည်။ ပို၍ဆိုရလျှင် အမေရိကန်ပြည်ထောင်စု ဒဏ်ခတ်မှုများကြောင့် စီးပွားရေး ကမောက်ကမဖြစ် နေရသည့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏လက်ထဲသို့ ကျရောက်ဖွယ်သာရှိပေသည်။ တရုတ်ဟူသည်မှာ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူ့အခွင့်အရေးကိစ္စအကြောင်း တစ်စုံတစ်ရာမျှ ထုတ်ဖော်မပြောဆိုသော တိုင်းပြည်လည်းဖြစ်ပေသည်။ 

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်က ပြီးပြည့်စုံပြီး ကျယ်ပြန့်သော အကြံပြုချက်များကို ထုတ်ပြန်နိုင်ခဲ့သည်။ ယင်းအကြံပြုချက်များထဲတွင် ရိုဟင်ဂျာများအပေါ် ကန့်သတ်ထားသည့် ကိစ္စများ ဖယ်ရှားပေးရေးနှင့် နိုင်ငံသားဖြစ်ခွင့်ရရေးတို့လည်း ပါဝင်သည်။ အကယ်၍ အကောင်အထည်ဖော်နိုင်ခဲ့မည်ဆိုပါက ရိုဟင်ဂျာ (ဘင်္ဂါလီ) တို့အနေနှင့် မြန်မာနိုင်ငံထဲတွင် လုံခြုံစိတ်ချစွာဖြင့် တရားဥပဒေ ဘောင်ထဲမှ နေထိုင်သွားနိုင်မည်ဖြစ်သည်။ သို့သော် အဆိုပါအကြံပြုချက်များထွက်ပေါ်လာပြီးနောက် ၂ ရက် အကြာတွင် ARSA လက်နက်ကိုင်အုပ်စုက ရခိုင် ပြည်နယ်ရှိ ရဲကင်း ၃၀ ကျော်ကို တိုက်ခိုက်သွားသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကျော်သေဆုံးခဲ့ရသည်။ စုစုပေါင်းသေဆုံးသူမှာ ၇၁ ဦးဖြစ်သည်ဟု ဆိုသည်။ ယခုတစ်ကြိမ်တွင်မူ မြန်မာစစ်တပ်က အသင့်အနေအထားတွင်ရှိနေခဲ့သည်။ “တကယ်လို့ ကြီးမားတဲ့ တိုက်ခိုက်မှုကြီးဖြစ်လာမယ်ဆိုရင် သူတို့ ဘာလုပ်ရမလဲဆိုတဲ့အချက်ကို သူတို့အနေနဲ့စဉ်းစားဖို့ ကိုးလတောင်အချိန်ရခဲ့တယ်”ဟု နိုင်ငံရေးသရုပ်ခွဲလေ့လာသူ ရစ်ချက်ဟော်ဆေးက ကျွန်တော့်ကိုပြောပြသည်။ “သူတို့က သူတို့အနေနဲ့ အပြင်းထန်ဆုံးလက်တုံ့ပြန် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ။ တကယ်လို့ ARSA အုပ်စုတွေ ရွာတွေထဲမှာ ပုန်းခိုနေမယ်ဆိုရင် ရွာတွေ မရှိစေရအောင် လုပ်ပစ်တော့တာ”ဟု ဆက်ပြောပြသည်။ ၂၀၁၇ ခုနှစ် တစ်နှစ်ပတ်လုံး ရိုဟင်ဂျာများမှာ အကာအကွယ်မဲ့သည့်အနေအထားဖြင့် မြေလှန်တိုက်ခိုက်မှုကြီးကို ကြုံတွေ့ခဲ့ရသည်။ မုဒိမ်းကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများရှိသလို ဥပဒေပြင်ပ သတ်ဖြတ်မှုများ၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုများလည်း ရှိသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပါသည်။ ယင်းစစ်ဆင်ရေးကြီးသည် သောင်းကျန်းသူများကို တန်ပြန်ထိုးစစ်ဆင်သည့် သာမန်စစ်ဆင်ရေးမျိုး မဟုတ်ခဲ့ပေ။ ရိုဟင်ဂျာ (ဘင်္ဂါလီ) ခုနစ်သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အများစုမှာ ဒုက္ခသည်စခန်းများတွင် စုပြုံ၍ နေထိုင်ကြရသည်။ ကလေးငယ်လေးသိန်းကျော်ခန့်လည်း ပါဝင်သည်။ 

တိုက်ခိုက်မှုများရပ်အောင် တရားဝင်လုပ်ပိုင်ခွင့် အာဏာမရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးကျပ်နံကျပ်ဖြစ်ကာ အရှက်တကွဲဖြစ်စေအောင်လုပ်လိုသည့် ဆန္ဒမျိုး မြန်မာစစ်တပ်တွင် ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ရိုဟင်ဂျာ (ဘင်္ဂါလီ) များအပေါ် စာနာထောက်ထားမှု ထုတ်ဖော်မပြခဲ့သလို အကူအညီလည်း အနည်းငယ်သာပေးခဲ့သည်မှာ အံ့ဩစရာပင်။ အများပြည်သူရှေ့မှောက်တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန်သဘောမျိုးဖြစ်အောင် သူမက ပြောဆိုခဲ့သည်ကိုကြည့်လျှင် သူမသည် စစ်တပ်အတွက် ဒိုင်းကြီးတစ်ခုသဖွယ်ပင် ဖြစ်လာတော့သည်။ မြန်မာပြည်တွင်းရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ဝင်ရောက်မစွက်ဖက်စေလို သည့်ဆန္ဒရှိသော စစ်တပ်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် အကာအကွယ်ကြီးတစ်ခုဖြစ်နေသည်။ “သူမအနေနဲ့ ဒီရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ရုံသာမကပါဘူး၊ စစ်တပ်ရဲ့အစီအစဉ်ကိုတောင် ထောက်ခံပံ့ပိုးပေးခဲ့တာပါ”ဟု မဝေဝေနုက ကျွန်တော့်ကို ပြောပြသည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ သူမအနေနှင့် အာပေါင်အာရင်းသန်သန်ပြော ဆိုခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာသည့်အချိန်မှစ၍ သူမသည် ရိုဟင်ဂျာလူမျိုးစုခေါင်းဆောင်များနှင့် မည်သည့်အခါကမျှ မတွေ့ဆုံတော့ကြောင်း မဝေဝေနုက မှတ်ချက်ပေးပြောဆိုသည်။ ယင်း ရိုဟင်ဂျာ (ဘင်္ဂါလီ) တို့၏ ခေါင်းဆောင်များအနက် ခေါင်းဆောင်တစ်ဦးမှာ ဝေဝေနု၏ ဖခင်ဖြစ်သည်။ “အာဏာရလာတာနဲ့ ယခုပြဿနာတွေအားလုံး ဖြေရှင်းပေးနိုင်မှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က မဝေဝေနု၏ ဖခင်ကို ပြောဆိုခဲ့ဖူးသည်ဟု သူမကဆိုပါသည်။ 



  • VIA