News

POST TYPE

ARTICLE

သူ ဘာတွေ ဖြစ်သွားတာလဲ
22-Aug-2019



ယခုဆောင်းပါးမှာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် Ben Rhodes ရေးသားသည့် What happened to Aung San Suu Kyi? ဟု အမည်ရသည့် ဆောင်းပါးကို The Voice Daily က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ The Atlantic မဂ္ဂဇင်းပါ အဆိုပါ ဆောင်းပါးမှာ အတော်အတန် ရှည်လျားသည်ဖြစ်ရာ အပိုင်းခွဲ၍ ဖော်ပြသွားမည် ဖြစ်ပါသည်။

အယ်ဒီတာ


(၃) အတိုက်အခံခေါင်းဆောင် 

“ကောင်းပါပြီ။ ရှင့်အနေနဲ့ ကျွန်မကို ဘာပြော ချင်နေတာလဲ” ဟု အေးတိအေးစက်အသံဖြင့် ဒေါ်အောင်ဆန်းစုကြည်က မေးသည်။ ၂၀၁၃ ခုနှစ် နွေရာသီကာလ ကဖြစ်သည်။ သမ္မတဘားရက်အိုဘားမား ပေးပို့လိုက်သောစာနှင့်အတူ မြန်မာနိုင်ငံသို့ ကျွန်တော် ရောက်လာပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော့်ကြားက စားပွဲပေါ်တွင် သမ္မတအိုဘားမားပေးလိုက်သော စာထည့်ထားသည့် စာအိတ်အဖြူလေး ရှိသည်။ နေပြည်တော်က ပြည်သူ့လွှတ်တော်အဆောက်အအုံထဲက ခန်းမတစ်ခုထဲတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ စာအိတ်မှာ ဖွင့်မဖောက်ရသေးပေ။ သူမသည် ထိုစဉ်က လွှတ်တော်ထဲ၌ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ် နေပေရာ သမ္မတအိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်အား အသိအမှတ်ပြုကြိုဆိုသည့်ကိစ္စကို သူမအနေနှင့် လွန်စွာမနှစ်မြို့ပေ။ အိုဘားမားသည် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းထဲသို့ ဦးသိန်းစိန်ကို ဖိတ်မန္တကပြုခဲ့ပေသည်။ အိုဘားမားပေးလိုက်သော စာနှင့်အတူ မြန်မာပြည်ကို ကျွန်တော် လာရောက်ရသည့် ဦးတည်ချက်မှာ သမ္မတအိုဘားမားအုပ်ချုပ်ရေးအဖွဲ့ (အမေရိကန်အစိုးရ) ၏ မူဝါဒသည် ဒီမိုကရေစီမြှင့်တင်ရေးကိုသာ ဦးတည်ထားဆဲ ဖြစ်သည်ဆိုသောအချက်ကို ဒေါ်အောင်ဆန်းစုကြည် သိရှိအောင် အသိပေးရေးပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်အောင်မြင်ရေးဟူသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပေါ်တွင် များစွာမူတည်နေသောအချက်ကို မြန်မာပြည်သူအများစုသာမက သူမကိုယ်တိုင် ထိုစဉ်က ယုံယုံကြည်ကြည်ရှိခဲ့ကြသည် မဟုတ်ပါလားခင်ဗျာ။ 

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းမှုဖြစ်စဉ်ထဲသို့ ရောက်ရှိခဲ့လေသည်။ တိုင်းပြည်ကို တံခါးဖွင့်စနစ် ကျင့်သုံးရန် စစ်အစိုးရ၏ ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နှင့် သူမအပေါ် အနောက်နိုင်ငံများက ထောက်ခံသည့်အနေနှင့် ချမှတ်ပြဋ္ဌာန်းခဲ့သော ဒဏ်ခတ်အရေးယူမှုများ၊ နိုင်ငံရေးဖြစ်စဉ်များနှင့် ဆက်စပ်ပတ်သက်နေသည်။ ၂၀၀၈ ခုနှစ်တွင် ဝင်ရောက် တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာပြည်သူ ထောင်ပေါင်းများစွာ သေကျေပျက်စီးသွားခဲ့ရသည်။ စစ်အစိုးရ၏ ညံ့ဖျင်းမှုကိုလည်း တစ်နည်းတစ်ဖုံ ဖွင့်ပြလိုက်သလိုဖြစ်ခဲ့သည်။ အာဆီယံဒေသမှ အိမ်နီးချင်း စင်ကာပူတို့၊ ဗီယက်နမ်တို့လိုနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဧကစာကျင့်နေခြင်းထက် ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ခြင်းက ပို၍ဖွံ့ဖြိုးတိုက်တက်မှုရ မည်ဆိုသောအချက်ကို ဖော်ပြသလိုဖြစ်ခဲ့သည်။ ထိုမျှ မကသေးပေ၊ အိမ်နီးချင်း တရုတ်ကြီးအပေါ် မှီခိုအားထားလွန်းရသည့်ကိစ္စအတွက် မြန်မာပြည်သူများ၏ မကျေနပ်ချက်များမှာလည်း မြင့်တက်လာပြီး စစ်အစိုးရမှာ ဖိအားများပိုဖြစ်ခဲ့လေသည်။ 

ဦးသိန်းစိန်လက်ထက်တွင် မြန်မာနိုင်ငံမှာ မျှော်မှန်းထားသည်ထက်ပင် ပိုမိုလျင်မြန်စွာပင် လွတ်လပ်ခွင့်များ ပေါ်ပေါက်လာသည်။ စစ်အစိုးရ ကိုယ်တိုင် ခန့်မှန်းထားသည်ထက်ပင် မြန်မြန်ဆန်ဆန် ရှိခဲ့ပုံရပေသည်။ ၂၀၁၂ ခုနှစ်အစောပိုင်းတွင် မြန်မာ နိုင်ငံရေးအကျဉ်းသားအတော်များများ လွတ်မြောက်လာခဲ့သည်။ ပြည်ပြေးဘဝဖြင့် နေထိုင်နေသူများလည်း မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ကြသည်။ အစိုးရက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိစ္စကို တလေးတစားဖြင့် ခွင့်ပြုခဲ့သလို လွတ်လပ်စွာစည်းရုံးခွင့်၊ စုဝေးခွင့်များနှင့် သမဂ္ဂဖွဲ့စည်းခွင့်များ ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဒါဇင်ကျော်ပါဝင်သော အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ပေါ်ပေါက်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်နိုင်ခဲ့သည်။ ယင်းသို့ သော လုပ်ဆောင်ချက်များကိုကြည့်ပြီး အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက မြန်မာပြည်အပေါ် သတ်မှတ်ပြဋ္ဌာန်းခဲ့သော ဒဏ်ခတ်အရေးယူမှုများကို စတင်ဖယ်ရှားပေးလာခဲ့သည်။ “ဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည် မကျေမနပ်ဖြစ်ရတဲ့အကြောင်း အရာတွေထဲကတစ်ခုက သူမကိုယ်တိုင် လုပ်မယ်လို့ စိတ်ကူးထားတဲ့ကိစ္စတွေအားလုံးကို ဦးသိန်းစိန်က လုပ်သွားလို့ပါပဲ။ အနောက်ကမ္ဘာနဲ့ မြန်မာနိုင်ငံ ပြန်ပေါင်း ထုပ်တဲ့ကိစ္စကို ဆောင်ကြဉ်းပေးသူကလည်း သူမပဲဖြစ် ရမယ်၊ ပြုပြင်ပြောင်းလဲမှုတွေအားလုံးကို ဆောင်ကြဉ်းပေးသူကလည်း သူမပဲဖြစ်ရမယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ အဲဒါတွေအားလုံးကို လုပ်နေတာက ဦးသိန်းစိန်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်၊ အဲဒါတွေ လုပ်ပေးတဲ့အတွက်လည်း ဦးသိန်းစိန်က အမှတ်အတော်များများရသွားတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာဆန်းစစ် သူတစ်ဦးဖြစ်သူ ရစ်ချတ်ဟော်ဆေးက ကျွန်တော့်ကို မကြာသေးခင်က ပြောပြသည်။ 

အဆိုပါ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွန်စွာဆိုးရွားလှသည့် ခြွင်းချက်တစ်ခုတော့ရှိသည်။ ယင်းမှာ ရိုဟင်ဂျာပြဿနာအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံပင်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဒေါ်အောင် ဆန်းစုကြည်နှင့် ကျွန်တော်မတွေ့ဆုံမီ ထိုစဉ်က မြန်မာသမ္မတ ဦးသိန်းစိန်၏ အနီးကပ်အကြံပေးပုဂ္ဂိုလ် ဦးစိုးသိန်းနှင့် ကျွန်တော်တွေ့ဆုံဖြစ်ခဲ့သည်။ ရိုဟင်ဂျာ ကိစ္စနှင့်ပတ်သက်၍ ဦးစိုးသိန်းကို ကျွန်တော် ဖိအားပေးပြောဆိုသောအခါ သူက တင်းမာမှုများလျော့ကျအောင် အစိုးရ၏ လုပ်ဆောင်ချက်အဆင့်ဆင့်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိ စေရေးအတွက် လုပ်ဆောင်ချက်များကို ရှင်းပြသည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကဲ့သို့သော အကူအညီ ပေးရေးအဖွဲ့များ ဝင်ရောက်ခွင့်ပြုမည့်ကိစ္စကိုလည်း ရှင်းပြသည်။ နိုင်ငံသားဖြစ်ခွင့်ကိစ္စနှင့်ပတ်သက်၍ အစိုးရအနေနှင့် ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု မသတ်မှတ်သူများကိုသာ အစိုးရဘက်က နိုင်ငံသားကတ်ပြား ထုတ်ပေးမည့်ကိစ္စလည်း ပါဝင်ပေသည်။ “အခြေအနေတွေက အင်မတန်ရှုပ်ထွေးနေတယ်ဗျာ၊ ဒေသခံရခိုင် တိုင်းရင်းသားလူမျိုးတွေရဲ့အမြင် ဒါမှမဟုတ် မြန်မာပြည် မှာရှိတဲ့ ပြည်သူတွေရဲ့အမြင်ကို ကျွန်တော်တို့ ပြောင်းလဲ ပစ်လို့မရဘူးလေ” ဟု ဦးစိုးသိန်းက ကျွန်တော့်ကို ရှင်းပြသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်ကိစ္စ၊ စစ်ဘက်ထိန်းချုပ်မှုတွေ လျှော့ချပြီး အရပ်ဘက်ထိန်းချုပ်မှုတွေ ပိုမိုရရှိစေမယ့် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ထောက်ခံအားပေးနေဆဲဖြစ်ကြောင်း ကျွန်တော်ပြောပြဖြစ်ခဲ့သည်။ သို့သော် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလွန်တရာမှ အရေးပါသည့်ကိစ္စကိုလည်း ကျွန်တော် အလေးအနက်ထားပြောဆိုခဲ့သည်။ နောက်ပြီးတော့ ရိုဟင်ဂျာ (ဘင်္ဂါလီ) မွတ်စလင်များ၏ ဘေးဒုက္ခကြီးအပေါ် အမေရိကန်အစိုးရအနေနှင့် အလွန်ပင် စိုးရိမ်ပူပန်မိကြောင်းလည်း ပြောဖြစ်ခဲ့ပါသည်။ “ကျွန်မ တို့ အဲဒါတွေကိုလုပ်မှာပါ၊ ဒါပေမဲ့ အခြေခံဥပဒေပြင် ဆင်ရေးကိစ္စ ပထမဆုံးလုပ်ရပါမယ်” ဟု သူမက ပြောသည်။ သူမအနေနှင့်လည်း လူ့အခွင့်အရေးတိုးတက် ဖြစ်ထွန်းမှုကိစ္စကို သူမ၏ ပင်မအစီအစဉ်မှ ခွဲထုတ်ပစ်၍မရနိုင်သည့် အနေအထားပင်။ “ဒီမိုကရေစီမရှိဘဲ လူ့အခွင့်အရေးဆိုတာ ကျွန်မတို့အနေနဲ့ ရှိအောင်မလုပ်နိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောပုံဆိုပုံ ဟန်ပန်အမူအရာများကို ကြည့်လျှင် လောကဓံကို ကြံ့ကြံ့ခံနိုင်ပြီး သံမဏိစည်း မျဉ်းအတိုင်း နေထိုင်သူတစ်ဦးသဖွယ် ပြုမူလေ့ရှိသည် ကိုတွေ့ရပေမည်။ ခါးမကိုင်း လက်ပြင်မကုန်းဘဲ ဖြောင့် ဖြောင့်မတ်မတ်ထိုင်ကာ လှုပ်ရှားမှုပြုရာတွင်လည်း သတိကြီးစွာရှိသည်ကို တွေရသည်။ သို့သော် သာမန် အပယိကကိစ္စမျိုးပြောဆိုမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သက်သောင့်သက်သာပြုမူလေ့ရှိသည်။ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ရှိသည်။ နွေးနွေးထွေးထွေးလည်း ဆက်ဆံတတ်သည်။ အိုဘားမား၏ အချစ်တော်ခွေးများအကြောင်း ပြောသည့်အခါတုန်းက ဆိုလျှင် “သေချာပါတယ်... အဲဒီခွေးလေးတွေက ကျွန်မအိမ်ကခွေးထက် ပိုပြီးသွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ ချစ်စရာကောင်းပါလိမ့်မယ်” ဟု ပြောဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိမ်မွေး တိရစ္ဆာန်လေးများကို ချစ်တတ်သည်။ တစ်စုံတစ်ယောက်က အလေးအနက်ထားသည့်ကိစ္စကို အမှုမဲ့အမှတ်မဲ့သဘောမထားဘဲ အလေးပေးဂရုစိုက်တတ်သည့် အလေ့အထလည်း သူမတွင်ရှိသည်။ သံအမတ်ကြီး ဒဲရစ်မစ်ရှဲလ်နှင့် ကျွန်တော်တို့ သူမမှာထားသော DVD အခွေကို ယူဆောင်သွားခဲ့သည့်အတွက်လည်း ဝမ်းပန်းတသာဖြစ်နေခဲ့သည်။ အမေရိကန်ပြည်တွင်း စစ်ကာလက လူမည်းများသာပါသည့် တပ်ရင်းကြီးတစ်ခု ဖိနှိပ်ခံရပုံအကြောင်း ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး Glory ဟု အမည်ရသည်။ 

အမေရိကန်အစိုးရထံတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလတစ်လျှောက် တွေ့ဆုံခွင့်ရခဲ့သော လူအနည်းစုထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် တစ်ယောက် အပါအဝင်ဖြစ်သည်။ အခြားပုဂ္ဂိုလ်များမှာ အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်၊ ရာအူးကက်စထရိုနှင့် ဒလိုင်းလားမားတို့ ဖြစ်ကြပါသည်။ ထိုလူနည်းစုထဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ စိတ်ဝင်စားစရာအကောင်း ဆုံးဖြစ်သည်။ သူမ၏ ထူးခြားသော အပြုအမူ အပြော အဆိုများ၊ ကျက်သရေရှိလှသော မြန်မာဝတ်စုံများနှင့် အောက်စဖို့ဒ်အင်္ဂလိပ်လေယူလေသိမ်းများ၊ သူမ ဦးခေါင်းပေါ်တွင် ပန်ဆင်ထားသော ပန်းကလေးများ အစရှိသည်တို့က သူမကို အလွန်နူးညံ့သိမ်မွေ့သည့် ကျက်သရေအပေါင်းနှင့် ခညောင်းသွားစေအောင် ဖန်တီးပေးထားလေသည်။ အရှေ့နှင့် အနောက်ဟူ သည့် မတူညီသော လောကနှစ်ခုအကြားတွင် သူမရှိနေသည်။ အစိုးရပိုင်းတွင် အတွေ့အကြုံမရှိခဲ့သော်လည်း ပြောင်မြောက်မှုရှိသည်။ အကျဉ်းစံဘဝနှင့် လွတ်လပ်သည့်ဘဝကို ကောင်းစွာနားလည်သူလည်းဖြစ်သည်။ သူမ၏ ခေါင်းမာမှုနှင့် စိတ်မြန်လက်မြန်ရှိမှုတို့က ယခုလို ကောက်ချက်တစ်ခုထွက်လာအောင် တွန်းအားပေးသည်ဟု ဆိုရမည်။ 

“ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အကြောင်းကိစ္စများစွာရှိထားရာ ကျွန်တော့်အနေနှင့် သူမ ခေါင်းမာသည်၊ စိတ်ဆတ်သည် ဆိုခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ” ဟု ဆိုချင်ပါသည်။ တိကျရေရာမှုနည်းပါးခြင်းက အခြားသူများအနေနှင့် သူတို့၏ ယုံကြည်ချက်များအား သူမအပေါ် လွှဲချ၍ရသလို ဖြစ်စေသည်။ သူမ၏အရေးသည် သူတို့၏ အရေးသဖွယ် ဖြစ်အောင်လည်း ခံစားရလာစေတော့သည်။ 

(၄) အမတ်လောင်း

၂၀၁၅ ခုနှစ်တွင် မြန်မာပြည်သို့ နောက်ထပ် တစ်ကြိမ် ကျွန်တော် သွားရောက်ဖြစ်ခဲ့ပြန်သည်။ အိုဘားမား၏ တမန်တော်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ် ပေသည်။ ထိုစဉ်က ရွေးကောက်ပွဲကြီးကျင်းပရန်လအနည်း ငယ်သာလိုတော့သည်။ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးရေးနှင့် ရလာမည့်ရလဒ်များကို အသိအမှတ်ပြုရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းရန် သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအစိုးရ အဆောက်အအုံကြီးများထဲက ဘောလုံးကွင်းတမျှကြီးမားသော အခန်းများထဲတွင် မြန်မာ အရာရှိကြီးများနှင့် မျက်နှာချင်းဆိုင် ထိုင်ခဲ့ရသည်။ ကျွန်တော်၏ ပထမဆုံးမြန်မာပြည်ခရီးစဉ်မှာမူ အာရပ် နွေဦးတော်လှန်ရေးကြီး စတင်ပြီးနောက် မကြာမီကာလ ကပင်ဖြစ်ပါသည်။ အာရပ်နွေဦးမှာ အာဏာရှင်စနစ်ကို ဖြိုချသည့် အာရပ်ကမ္ဘာနိုင်ငံအချို့၏ တော်လှန်ရေး ကြီးကိုခေါ်သည်။ ထိုစဉ် ထိုအခါက မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုများဖြစ်ပေါ်ခဲ့သော အီဂျစ်နှင့် ထိုင်း နိုင်ငံတို့နှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးကို စုံစမ်းလေ့လာခဲ့သည်။ ရိုဟင်ဂျာမွတ်စလင်များ နှင့်ပတ်သက်၍ ကျွန်တော်၏ တိုးလျှိုးတောင်းပန်ပြော ဆိုမှုများကြောင့် သမ္မတဦးသိန်းစိန်မှာ အတော့်ကို စိတ်ကသိကအောက်ဖြစ်နေပုံရသည်။ သို့သော် သမ္မတ ဦးသိန်းစိန်သည် ကျွန်တော်တွေ့ဆုံခဲ့သော အခြားအရာရှိ ကြီးများကဲ့သို့ပင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုရန်ဆုံးဖြတ်ထားကြောင်း ပြောပါသည်။ ယင်းရွေး ကောက်ပွဲသည် သမ္မတဦးသိန်းစိန်တို့၏ နိုင်ငံရေးပါတီ ကို အာဏာလက်မဲ့ဖြစ်အောင် နောက်ဆုံးတွင် ဖန်တီးသွားခဲ့တော့သည်။ 

ဒေါ်အောင်ဆန်းစုကြည် ထိုနှစ်က ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် တက်တက်ကြွကြွရှိနေခဲ့သည်။ ထို့နောက် မြန်မာပြည်တစ်ဝန်း မဲဆွယ်စည်းရုံးမှုများကို သီတင်းပတ်အတော်ကြာအောင်ပြုလုပ်ခဲ့သည်။ သူမ၏ NLD ပါတီ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့်ကိစ္စနှင့်ပတ်သက်သမျှကိုလည်း လျှို့ဝှက်ထားခြင်းမရှိဘဲ အကုန်လုံး ပွင့်ပွင့်လင်းလင်းပြောပြသည်။ ယင်းရွေးကောက်ပွဲကို သူမနှင့်သာသက်ဆိုင်သည့်အရာအဖြစ် ရှုမြင်ခဲ့ပုံလည်းရသည်။ ၂၀၀၈ ခုနှစ် အိုဘားမား မဲဆွယ် စည်းရုံးမှုပြုလုပ်ခဲ့စဉ်ကာလက ကျွန်တော် တာဝန်ယူ လုပ်ဆောင်ခဲ့သည့် ဆက်သွယ်ရေးလုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် အထူးပင် စိတ်ဝင်တစားရှိခဲ့ သည်။ “ရှင်တို့ ပြည်သူတွေအားလုံးကို တူညီတဲ့သတင်း စကားတစ်ခုတည်းနဲ့ ဆက်သွယ်လို့ရတယ်ဆိုတာကို သိအောင် ရှင်ဘယ်လိုလုပ်လဲ” ဟု သူမက မေးလာသည်။ မဲဆွယ်စည်းရုံးရေး မဟာဗျူဟာရေးဆွဲသူ နှစ်ဦးအလားပင်၊ ကိုယ်စားလှယ်များနှင့် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ရသည်ဆိုသောကိစ္စကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် အဓိက စိုးရိမ်ပူပန်သည့် ကိစ္စမှာ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာပြည်မှာ ကျင်းပတော့မည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်လာနိုင်ခြင်း ရှိ မရှိဆိုသောကိစ္စပင်။ သူမ၏ အတွေးအမြင်တွင် ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမှု ရှိနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ စစ်တပ်က အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမည့်ကိစ္စကို ငြင်းဆန်နေဆဲဖြစ်၍ပင်။ ကျွန်တော်လည်း ရွေးကောက်ပွဲများ လွတ်လပ်မျှတမှု ရှိလိမ့်မည်ဟု မဆိုနိုင်ကြောင်း၊ အကြောင်းမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ရိုဟင်ဂျာမွတ်စလင်များမှာ မဲပေးပိုင်ခွင့်မရှိသေးသောကြောင့်ပင် ဖြစ် ကြောင်း ပြောဖြစ်ခဲ့သည်။ 

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မြန်မာ ပြည်၏ အနေအထားမှာ မြန်မာအခြေစိုက် လူ့အခွင့် အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) တွင်  တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒေးဗစ်မက်သီဆင် ကျွန်တော့်ကို ပြောပြခဲ့ဖူးသလိုပင်။ “အဲဒီကောင်တွေ လည်းသေပါစေ၊ ငါတို့လုပ်နိုင်ခဲ့ပြီ” ဆို သည့်သဘော မျိုးဖြစ်နေသည်ကို တွေ့ရသည်။ ရလဒ်များမထွက်ပေါ်ခင် အချိန် ကတည်းကပင် မြန်မာပြည်သူအများစုမှာ လမ်းမများပေါ်တွင် ပျော်ရွှင်စွာ အောင်ပွဲ ခံနေကြပေသည်။ ကားဟွန်းသံများ ကြား ရသည်။ မြန်မာပြည်သူများအနေနှင့် သူတို့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်ကို ဆန့်ကျင်သည့် အင်အားစုကြီးကို မဲပေးထောက်ခံခွင့်ရသွားခဲ့သည်။ ရလဒ်ထွက်လာတော့ NLD မှာ မဲ ၈၀ ရာခိုင်နှုန်းကျော်ရရှိပြီး အနိုင်ရသွားသည်။ ယင်းပမာဏသည် လွှတ်တော်တွင် အင်အားအကြီးဆုံးပါတီအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ သို့သော်လည်း စစ်တပ်က ၂၅ ရာခိုင်နှုန်းရယူထားရာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်တော့ လုံ လောက်သည့် မဲရာခိုင်နှုန်းဟုဆို၍ မရပြန်ပေ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ရွေးကောက်ပွဲ အလွန်အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးရန် ကြိုးပမ်းချက်များရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ 'မြန်မာနိုင်ငံသား မဟုတ်သော သားသမီးရှိသူများ သမ္မတဖြစ်ခွင့် မရှိဆိုသော အခြေခံဥပဒေ၏ ကန့်သတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတမဖြစ်နိုင်တော့ပေ။ သို့အတွက်ကြောင့် NLD ပါတီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသော ရာထူးတစ်ခုကို ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည် အာဏာနှင့် လုပ်ပိုင်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အာဏာမှာ အကန့်အသတ်ဖြင့်သာ။ အခြေခံဥပဒေက စစ်တပ်အပေါ် အရပ်သားထိန်းချုပ်ခွင့်ကို ကန့်သတ်ထားပြန်သည်။ အစိုးရဝန်ကြီး ဌာနသုံးခုဖြစ်သည့် နယ်စပ်ဒေသ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေး စသည်တို့ကို စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်သာ ထားရှိသည်။ ရိုဟင်ဂျာ (ဘင်္ဂါလီ) များကို တိုက်ခိုက်ခဲ့သည့်ဌာနများလည်း ဖြစ်လေသည်။ 

မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်တစ်ခုအတွင်း ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုတစ်ရပ်ကို ပထမဆုံး လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်သည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ လုပ်ဆောင်နိုင်ခြင်း မရှိကြတော့သည့် လောကတွင် အံ့ဖွယ်သရဲပင်ဖြစ်ပေသည်။

Ben Rhodes ရေးသားသည်။