News

POST TYPE

ARTICLE

စီးဆင်းနေဆဲ ဧရာဝတီ . . .
22-Aug-2019



ဧရာဝတီကို ခုမှ မြင်ရသည်။ မြစ်ပြင်ကျယ်သည် မျက်စိတစ်ဆုံး။ တစ်ဖက်ကမ်းကို ရေးရေးမျှသာ မြင်ရသည်။ မြစ်ရေစီးသံကို ကမ်းပါးယံပေါ်က ကြားနေရသည်။ မြစ်ဆုံမှ အဟုန်ဖြင့် စီးဆင်းလာသော မြစ်ရေများသည် အရှိန်အဟုန်ကောင်းစွာ ဆက်လက် စီးဆင်းနေတုန်းဖြစ်သည်။ အထက်ပိုင်းမှ စီးဆင်းလာသော မြစ်ရေတွေက တိုးလာသဖြင့် မြစ်ကမ်းပါးအောက်ခြေအစပ်သို့ ရောက်နေပြီ။ ဆက်လက်ရေတိုးလာလျှင် ကမ်းပါးပေါ်ရောက်တော့မည်။ မိမိတို့ ရောက်နေသော နေရာကား ဝိုင်းမော်မြို့ ဧရာဝတီ မြစ်ကမ်းပါးဖြစ်သည်။ မြစ်၏ တစ်ဖက်ကမ်း ခပ်လှမ်းလှမ်း မှာ မြစ်ကြီးနားမြို့ ရှိသည်။ သည်နေရာက ကြည့်သော် မြစ်ပြင်ကျယ်၏ တစ်ဖက်မှာ ခပ်ရေးရေးမျှသာ မြင်ရသည်။ မြစ်ကြီးနားနှင့် ဝိုင်းမော်သည် ဧရာဝတီ တစ်ဖက်ခြား ဓားလွယ်ခုတ်ပုံစံ။ 

ဧရာဝတီမြစ်ဖြတ် ဗလမင်းထင် တံတားကြီးမရှိမီကတော့ လှေတွေ၊ သင်္ဘောတွေနှင့် ကူးသန်းခဲ့ကြပုံရသည်။ ဝိုင်းမော်ဆိပ်ကမ်းဟောင်းနေရာကလေးက တိတ်ဆိတ်ငြိမ်သက်နေသည်။ ဟိုတစ်ချိန်တုန်းကတော့ စက်လှေတွေ၊ မော်တော်တွေ၊ သင်္ဘောတွေ ဆိုက်ကပ်ပြီး စည်ကားနေခဲ့လိမ့်မည်ထင်သည်။ ကုန်တင်၊ ကုန်ချ အလုပ်သမားတွေ၊ ဈေးသည်တွေ၊ ခရီးသည်တွေနှင့် စည်ကားနေခဲ့ပါလိမ့်မည်။ ဧရာဝတီသည် အမိမြန်မာပြည်၏ အသက်သွေးကြောတစ်ခု ဖြစ်ခဲ့သည်။ သည်မြစ်ကြီးကို အကြောင်းပြု၍ ရှေးပဝေသဏီခေတ်ကာလများကတည်းက မြို့တွေ ရွာတွေ တည်ထောင်ကြ။ မြစ်ကြောင်းတစ်လျှောက် ဆက်သွယ်ကူးသန်းကြ။ ကုန်းလမ်းခရီးတွေ မတွင်ကျယ်မီက ဧရာဝတီသည် မြန်မာတို့၏ ဟိုက်ဝေး ဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရောင်းဝယ် ဖောက်ကားကုန်သွယ်ရာ မြို့ကြီး၊ မြို့ငယ်တွေ ပေါ်ထွန်းခဲ့သည်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ ကသာ စသည့်မြို့တွေအားလုံး ဧရာဝတီကို အခြေတည်၍ ပေါ်ပေါက်လာခဲ့သည်။ ယခုချိန်တွင် ရေကြောင်းခရီးသွားရေး တိမ်ကောသွားပြီဖြစ်သလို ဆိပ်ကမ်းဟောင်းတွေလည်း အသုံးပြုသူမယ့် စွန့်ပစ်ခံနေရာများအဖြစ်သာ ကျန်နေခဲ့ပြီဖြစ်သည်။

မြို့ခံ ဦးသန်းဆွေ (ဥတ္တရလမင်း) က ဘယ် သွားချင်သေးလဲဟု မနက်အစောပိုင်းက လှမ်းမေးသည်။ အထွေအထူး မရှိတော့ပါဘူး။ ဟိုနားသည်နားတော့ လျှောက်ကြည့်ချင်သေးတယ်ဆို၍ ဟိုတယ်ကို သူ့ဗင် ကားလေးနှင့် ပေါက်ချလာသည်။ သူနှင့်အတူ ဥတ္တရလမင်းအယ်ဒီတာအဖွဲ့ဝင် တစ်ဦးလည်း ပါလာသည်။ “ဟိုဘက်ကမ်းသွားပြီး တစ်ခုခုစားကြတာပေါ့” ဆို၍ သူ့ကားနှင့် ထွက်လာခဲ့ကြသည်။ ဦးသန်းဆွေက လွန်ခဲ့သည့် ဆယ်နှစ်၊ ဆယ့်ငါးနှစ်တုန်းကလောက် သွက်သွက်လက်လက်မရှိတော့။ ကျန်းမာရေးကတော့ ကောင်းသည်။ သူ့ကို အားနာသဖြင့် “မောင်းပေးရ မလားဆရာ” ဆိုတော့ သူက နေရာဖယ်ပေးသည်။ ဗလမင်းထင်တံတားကြီးကို ကျော်ဖြတ်ပြီး မြစ်ကြီးနား၏ တစ်ဖက်ကမ်းသို့ ကူးကြသည်။ တံတားပေါ်က မြင်ရသော ဧရာဝတီမှာ ရေပြည့်နေသည်။ ဆယ်မိနစ် လောက်မောင်းလိုက်သည်နှင့် တစ်ဖက်ကမ်း ဝိုင်းမော်ကိုရောက်သည်။ ကမ်းဦးထိပ်မှာ စေတီတစ်ဆူ။ မြစ်ကြီးနား၏ တစ်ဖက်ကမ်းဆိုသော်လည်း မြင်ကွင်းက သိပ်ပြောင်းလဲမသွား။ မြို့၏ ဆင်ခြေဖုံးရပ်ကွက်ပုံစံမျိုးပဲဖြစ်သည်။ လမ်းက ကောင်းသည်။ ကျယ်သည်။ ညီညာသည်။ သည်လမ်းက မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းဖြစ်သလို ဝိုင်းမော်ရောက်လျှင် တရုတ်နယ်စပ် သို့ဆက်သွယ်သော ဆဒုံး- ကန်ပိုက်တီးလမ်းခွဲလည်း ရှိသည်။ ဤလမ်းမအတိုင်း အရှေ့တောင်ဘက်သို့ ဆင်းသွားလျှင် ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာရောက်မည်။ ကချင်စစ်ပွဲ မဖြစ်မီက လိုင်ဇာအထိ ကားလမ်းပေါက်သော်လည်း ယခုတော့ သွားလို့မရတော့ပါ။ တကယ်တော့ မြစ်ကြီးနားနှင့် လိုင်ဇာသည် မိုင် ၆၀ ခန့်သာဝေးသည်။ ယခင်က လိုင်ဇာသည် နယ်စပ်ကုန်သွယ်ရေးအချက်အချာ ဖြစ်ခဲ့သော်လည်း ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ကျိုးပျက်ပြီးကတည်းက ရပ်ဆိုင်းသွားသည်မှာ ယနေ့အထိ ဖြစ်သည်။

လိုင်ဇာအစား ငြိမ်းချမ်းရေးယူထားသည့် အန်ဒီအေအဖွဲ့ ကြီးစိုးရာ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းကို လက်ရှိတွင်အသုံးပြုနေရသည်။ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံသဘောတူညီချက်အရ ပူးတွဲ နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးဇုန် သုံးခုတည် ဆောက်ရန်စီစဉ်ထားရာတွင် ကန်ပိုက်တီးဇုန်လည်း ပါဝင်သည်။ ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နှင့် မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးပမာဏမှာ ဒေါ်လာ ၂.၅ ဘီလီယံရှိသည်။ ပူးတွဲနယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးဇုန်တည်ဆောက်ရန် တရုတ်ဘက်က အဆိုပြုချက်ကို မြန်မာဘက်က မကြာမီ လက်မှတ်ရေးထိုးမည်ဟုလည်း ကြားနေရသည်။ လက်ရှိအချိန်တွင် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး အတွက် အဓိကအားထားနေရသော နေရာက မူဆယ်နှင့် ချင်းရွှေဟော်တို့သာဖြစ်ပြီး ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ အခြေခံအဆောက်အဦ လိုအပ်ချက်တွေ အများကြီး ရှိနေသေးသည်။ ဘာပဲဖြစ်ဖြစ် မြစ်ကြီးနားက တရုတ်-မြန်မာ ကုန်သွယ်ရေး၏ အဓိက အချက်အချာနေရာမှာ ရှိနေသည်။ 

နာရီဝက်လောက်ပဲ မောင်းလိုက်ရသည်။ ဝိုင်းမော် မြို့ထဲရောက်လာသည်။ ဦးသန်းဆွေက “ဒီနေရာ တွေပေါ့။ သေနတ်တွေ ပစ်ကြတာ။ မြစ်ကြီးနားကတောင် ကြားရတယ်” ဟု ပြောပြသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ကေအိုင်အေနှင့် အစိုးရတပ်တို့၏ တိုက်ပွဲများမှာ ဝိုင်းမော်မြို့အထိ နီးကပ်စွာဖြစ်ပွားခဲ့သည်။ လမ်းတွင် ကေအိုင်အေတို့ ဖျက်ဆီးလိုက်သည့် တံတားတစ်စင်းနေရာကိုလည်း တွေ့ခဲ့ရသည်။ ခုတော့ တံတားက အသစ်ပြန်လည်တည်ဆောက်ပြီး သွားပြီဖြစ်သည်။ ဝိုင်းမော်ဘက်ရောက်လာတော့ သည်ဒေသမှာ တရုတ်တွေက တစ်သျှူးငှက်ပျောလာစိုက်သည့်ကိစ္စကိုလည်း မေးကြည့်ဖြစ်သည်။ “ဒီငှက်ပျောစိုက်တာ ဘယ်လိုထိခိုက်မှုတွေရှိနေလဲ” ဆိုတော့ “အမှန်တော့ သူတို့က မြေငှားပြီး စိုက်တာပါ။ ကိုယ့်ဆီကလူတွေ မြေငှားခ ရကြတာပေါ့။ ကိုယ့်အတွက်လည်း ဝင်ငွေရတာပေါ့။ “အများပြောကြသလို မြေကြီးတွေ ပျက်စီးသွားတာတော့ မဟုတ်ပါဘူး”ဟု တရုတ်ကုမ္ပဏီများက ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောတွေ လာစိုက်နေသဖြင့် ဒေသခံတွေ အတွက် ထိခိုက်နစ်နာမှုတွေရှိနေသည်ဆိုသည့်ကိစ္စကို ဦးသန်းဆွေက မှတ်ချက်ပေးသည်။ 

ဝိုင်းမော်က မြစ်ကြီးနားတစ်ဖက်ကမ်းက ဧရာဝတီကို မေးတင်ထားသည့် မြို့ငယ်ဖြစ်သည်။ မြစ်ကြီးနားနှင့် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း။ မြစ်ကမ်းဘေးမှ လှမ်းမျှော်ကြည့်လိုက်လျှင် မြစ်ကြီးနားကို ပျပျကလေးမျှ မြင်ရသည်။ မိမိတို့ ရောက်ရှိချိန်တွင် ဧရာဝတီ မြစ်ရေတိုးနေသဖြင့် ကမ်းလုံးပြည့် မြစ်ရေပြင်မှာ ပင်လယ်တစ်ခုလို။ ခါကာဘိုရာဇီတွင် မြစ်ဖျားခံပြီး မေခ၊ မေလိခ အဖြစ်။ ထိုမှတစ်ဆင့် အရှိန်အဟုန်နှင့် စီးဆင်းလာသည့် ဧရာဝတီ၏ စီးသံကို ကမ်းပါးပေါ်က အတိုင်းသားကြားနေရသည်။ ကချင်ပြည်နယ်က ပြန်လာပြီး တစ်ပတ်အကြာမှာ မြစ်ကြီးနားမြို့ပေါ် ဧရာဝတီမြစ်ရေလွှမ်းမိုးသွားသည့် သတင်းတွေကို ဖတ်လိုက်ရသည်။ ဧရာဝတီကတော့ သူ၏တာဝန်ကို ကျေပွန်စွာ စီးဆင်းမြဲစီးဆင်းနေတုန်းပင် ... ။

ချစ်ဝင်းမောင်