News

POST TYPE

ARTICLE

သူ ဘာတွေ ဖြစ်သွားတာလဲ
21-Aug-2019

(၂) အတိုက်အခံသမီးတစ်ယောက်

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သဘောတရားကို နားလည်ရန် အရေးကြီးသည့်အချက်မှာ မိသားစုရာဇဝင်ပင်ဖြစ်လိမ့်မည်။ သူမသည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ယောက်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဆိုသူမှာ ခေတ်သစ် ဗမာ့တပ်မတော်ကြီးကို ၁၉၄၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ ဗြိတိသျှကိုလိုနီကို ဂျပန်နှင့်အတူပူးပေါင်းကာ တိုက်ထုတ်ခဲ့သလို ဖက်ဆစ်ဂျပန်တို့ ကြီးစိုးမှုကိုလည်း ဗြိတိသျှတို့နှင့်အတူ တိုက်ထုတ်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့နောက် ဗြိတိသျှတို့နှင့်စေ့စပ်ညှိနှိုင်းကာ လွတ်လပ်ရေး ရယူခဲ့သူလည်းဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့စဉ်ကာလက နိုင်ငံရေးအုပ်စုများနှင့် တိုင်းရင်းသား လူမျိုးစုများအကြား ညီညွတ်မှုရှိအောင် စုစည်းပေးနိုင်ခဲ့သူမှာလည်း ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်းသာဖြစ်လေသည်။ သို့သော် ၁၉၄၇ ခုနှစ်၊ အသက် ၃၂ နှစ်အရွယ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ မော်စီတုန်းတို့၊ ဂျဝါဟာရာနေရူးတို့၊ ဆူဟာတိုတို့နှင့် မတူသည့်အချက်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် အာဏာကြောင့် တစ်ကြိမ်တစ်ခါမျှ သေးသိမ်သည့်အနေအထားကို မရောက်ရှိခဲ့ဖူးပေ။ မြန်မာပြည်ကြီး ပြည်တွင်းစစ် စတင်ဖြစ်ပွားလာချိန်၊ အာဏာရှင်လက်အောက်သို့ရောက်လာချိန်၊ ဆင်းရဲနွမ်းပါးလာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ အဂတိကင်းစင်သောပုဂ္ဂိုလ်အဖြစ် ထာဝရသတ်မှတ်ခံရမည်သာပင်။

ဗိုလ်ချုပ်လုပ်ကြံခံရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ၂ နှစ်သမီးအရွယ်မျှသာ ရှိသေးသည်။ ထို့နောက် သူမသည် အိန္ဒိယတွင် ကျောင်းတက်ခဲ့ရသည်။ ထိုမှတစ်ဆင့် အောက်စဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ယူခွင့်ရခဲ့သည်။ ယင်းတက္ကသိုလ်တွင်ပင် သူမ၏ခင်ပွန်း မိုက်ကယ်အဲရစ်နှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ သူမတွင် သားနှစ်ယောက်ရှိသည်။ အင်္ဂလန်မှာ အခြေကျနေထိုင်ခဲ့ပြီး မြန်မာစာအထူးပြုဖြင့် ဒေါက်တာဘွဲ့ရရန် စီစဉ်ခဲ့သည်။ နိုင်ငံရေးလောကထဲသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပုံမှာ မတော်တဆမှုတစ်ရပ်သာဖြစ်သည်။ ၁၉၈၈ ခုနှစ် နွေဦးတွင် ရန်ကုန်သို့ သူမ၏မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ ပြန်လာခဲ့သည်။ ဒေါ်ခင်ကြည်မှာ လေဖြတ်ရောဂါ ခံစားနေခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်လာချိန်တွင်ပင် မ.ဆ.လ အစိုးရ၏ဖိနှိပ်မှုများနှင့် ငွေကြေးမူဝါဒကို မကျေနပ်ကြသော မြန်မာကျောင်းသားများ၏ ဆန္ဒပြလှုပ်ရှားမှုကြီး စတင်နေလေပြီဖြစ်သည်။ ထိုစဉ်က မ.ဆ.လ အစိုးရက ငွေကြေးစနစ်အချို့ကိုဖျက်သိမ်းပစ်ခဲ့ရာ ပြည်သူများစုဆောင်းထားသမျှ ဆုံးရှုံးသွားခဲ့ရသည်။ မြေပေါ်နှင့် မြေအောက်ဆန္ဒပြလှုပ်ရှားမှုများလည်း စတင်နေသည်။ ဦးနေဝင်း၏စစ်အစိုးရက အင်အားသုံးကာ ဆန္ဒပြမှုများကို ဖြိုခွင်းပစ်သည်။ တက္ကသိုလ်များကိုပိတ်ပစ်ပြီး လမ်းမများပေါ်တွင် ဆန္ဒပြနေသောကျောင်းသားများကို ပစ်ခတ်ခဲ့သည်။ ဒဏ်ရာရရှိသွားသော ဆန္ဒပြကျောင်းသားများကို ဆေးရုံသို့တင်ပို့ကုသခဲ့သည်။ ယင်းဆေးရုံတွင်ပင် ဒေါ်အောင်ဆန်းစုကြည်က လေဖြတ်ထားသော မိခင်ကြီးဒေါ်ခင်ကြည်ကို ပြုစုစောင့်ရှောက်ပေးနေရသည်။ စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို သူမအနေနှင့် ဆေးရုံတွင် အနီးကပ် တွေ့မြင်ခွင့်ရသွားသည်။

မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီးတစ်ဦး၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အမိမြေသို့ ပြန်လည်ရောက်ရှိနေသည်ကို သိရှိလိုက်ရသော ၈၈ ကျောင်းသားများက သူတို့၏ ဒီမိုကရေစီတော်လှန်ရေးကြီးတွင် ပူးပေါင်းပါဝင်လာအောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးလိုက်ကြလေသည်။ ထိုထဲတွင် ကိုအောင်ဒင်ဆိုသော ကျောင်းသားတစ်ဦးမှာ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ “ဒေါ်စုက အင်မတန် စမတ်ကျတယ်။ သူ နားထောင်တယ်၊ ကျွန်တော်တို့ မြင်ဖူးတဲ့ နိုင်ငံရေးသမားတွေနဲ့ လုံးဝကို ကွဲပြားခြားနားနေတယ်။ အဲဒီတုန်းက ဒေါ်စုမှာ ဘာအစီအစဉ်မှမရှိဘူး။ သူ့တိုင်းပြည်ကို သူချစ်တာပဲရှိတယ်”ဟု ကိုအောင်ဒင်က မကြာသေးခင်က ကျွန်တော့်ကို ပြောပြပါသည်။ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်တွင် နိုင်ငံရေးတရားဟောရန် သဘောတူညီခဲ့သည်။ “အဲဒီလောက်ကြီးကျယ်တဲ့ မိန့်ခွန်းဟောပြောပွဲကြီး ဖြစ်လာမယ်လို့ မထင်ခဲ့ပါဘူး”ဟု ကိုအောင်ဒင်က ရွှေတိဂုံအနောက်ဘက်မုခ်က ဖြစ်စဉ်ကို ပြန်လည်စဉ်းစားပြီး ပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည် တရားဟောပြောပွဲသို့ လူပေါင်း ငါးသိန်းကျော် တက်ရောက်နားထောင်ခဲ့ကြသည်။ ဖအေဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့တွင်ရပ်ကာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတရားဟောသည်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ပေးရန် သူမကတောင်းဆိုသည်။ သူမ ပြောသမျှ နိုင်ငံရေးမိန့်ခွန်းထဲတွင် အများစုမှာ မြန်မာ့နိုင်ငံရေးသမိုင်း၏ အထင်ကရစကားများ ဖြစ်ပုံရသည်။ “ဖေဖေ့သမီးတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ခုလိုတိုင်းပြည်မှာ ဖြစ်ပျက်ကြုံတွေ့နေရတာတွေကို ဘာမှမလုပ်ဘဲ ထိုင်ကြည့်မနေနိုင်ပါဘူး။ မြန်မာတစ်မျိုးသားလုံးရဲ့ ယခုလိုဘေးဒုက္ခကြီးဟာ အမျိုးသား လွတ်လပ်ရေးအတွက် ဒုတိယအကြိမ်မြောက် တိုက်ပွဲလို့ ပြောလို့ရပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က လူအုပ်ကြီးကို ပြောခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ကျောင်းသားများကစတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ယင်းလှုပ်ရှားမှု၏ သူရဲကောင်းတစ်ဦး ဖြစ်လာတော့သည်။

စစ်အစိုးရသည် ထုံးစံအတိုင်းပင် ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းဖြိုခွင်းသည်။ ကျောင်းသားများ ရိုက်နှက်ခံရ၊ ပစ်သတ်ခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ကိုအောင်ဒင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ အကျဉ်းထောင်တွင် တစ်ဦးတည်း ချုပ်နှောင်ခံခဲ့ရသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်သူတစ်ဦးအဖြစ် ရပ်တည်ပြခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ စစ်အစိုးရက ဦးဆောင်ကျင်းပပေးသည့် ဒီမိုကရေစီရွေးကောက်ပွဲကာလတွင် မြန်မာတစ်နိုင်ငံလုံးသို့သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွေပြောခဲ့သည်။ ဓနုဖြူမြို့တွင် မြန်မာစစ်တပ်မှ စစ်သားများနှင့် ဒေါ်အောင်ဆန်းစုကြည် ပက်ပင်းတိုးခဲ့သည်။ စစ်သားများက သူမကို သေနတ်ဖြင့်ချိန်ပြီး မြို့မှထွက်သွားရန်နှင့် ထွက်မသွားပါက ပစ်ခတ်မည်ဟု အမိန့်ပေးသည်။ သို့သော် သေနတ်ဖြင့်ချိန်ထားသော စစ်သားများရှိရာသို့ ဒေါ်အောင်ဆန်းစုကြည် တည့်တည့်မတ်မတ် လမ်းလျှောက်သွားသည်။ ထိုနေရာမှ ဖြတ်သွားခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် စစ်သားများ လက်လျှော့သွားသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ဦးမှာ အာဇာနည်မဟုတ်ပေမယ့်လည်း ...။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ် အနိုင်ရရှိသည်။ သို့သော် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို မသိချင်ယောင်ဆောင်ခဲ့ပြီး နောက်ထပ် ဆယ်စုနှစ် ၂ စုတာမျှ အာဏာယူအုပ်ချုပ်တော့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံနံပါတ် ၅၄ နေအိမ်တွင်ပင် အချိန်များစွာကို ဖြတ်သန်းကုန်ဆုံးခဲ့ရလေသည်။ (မိခင်ကြီး ဒေါ်ခင်ကြည်မှာ ယင်းအိမ်တွင်ပင် ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့သည်) စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးဝါဒဖြန့်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ သူမကို ပြည့်တန်ဆာမတစ်ဦးသဖွယ် ပုံဖော်ခဲ့သလို အနောက်ကမ္ဘာ၏ လက်ကိုင်တုတ်အဖြစ်လည်း သတ်မှတ်ဖော်ပြခဲ့ပေသည်။ မြန်မာနိုင်ငံတွင် သူမ၏နာမည်ကို ထုတ်ဖော်ပြောဆိုခြင်းသည်ပင် ရာဇဝတ်မှုတစ်ခုသဖွယ် ကာလအတန်ကြာဖြစ်ခဲ့သည်။ မြန်မာပြည်သူများက သူမကို “အန်တီ”ဟု ခေါ်ကြသည်။ မြန်မာနိုင်ငံ ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏စွန့်လွှတ်မှု အနစ်နာခံမှုများကြောင့် ထူးခြားသည့် ဩဇာတစ်ခုကို ရယူနိုင်ခဲ့ပါသည်။ အင်္ဂလန်ကိုပြန်သွားနိုင်ကြောင်း စစ်အစိုးရက အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့သည်။

သံအမတ်ကြီး ဒဲရစ်မစ်ရှဲလ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၅ ခုနှစ်တွင် ပထမဆုံး တွေ့ဆုံခဲ့သည်။ ထိုစဉ်က ဒဲရစ်မစ်ရှဲလ်သည် အကျိုးအမြတ်မယူသည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော National Democratic Institute တွင် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ထဲတွင် ဒဲရစ်မစ်ရှဲလ် ထိုင်ကာ တွေ့ဆုံစကားပြောခွင့်ရခဲ့သည်။ သူမ၏နေအိမ်မှာ အင်းလျားကန်စပ်တွင် ဆောက်လုပ်ထားသည်ဖြစ်ရာ အင်းလျားကန်ရေပြင်ကြီး၏ တည်ငြိမ်အေးချမ်းမှုကို အတိုင်းသားတွေ့မြင်ရသည်။ အနီးတစ်ဝိုက်က နေအိမ်များမှာလည်း မြန်မာနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်များနေထိုင်သော နေအိမ်တွေချည်းသာပင်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားရန် အမိန့်ပေးခဲ့သည့် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏နေအိမ်လည်း အင်းလျားကန်စပ်တွင်ပင် တည်ရှိသည်။ “သူမ စိတ်ဝင်စားတာတွေကို ကျွန်တော်တို့ စိတ်ဝင်စားတယ်၊ ဘာလဲဆိုတော့ ဒီမိုကရေစီပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကိုပါ သူ လုပ်နေတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ ခံစားချက်မျိုးရလာအောင် လုပ်နိုင်တယ်။ စဉ်းစားကြည့်ပေါ့ဗျာ၊ ခင်ဗျားအနေနဲ့ ခုလို မယုံနိုင်လောက်အောင် ခိုင်မာတဲ့ပုဂ္ဂိုလ်တစ်ယောက်က မယုံနိုင်လောက်အောင် ဝမ်းနည်းစရာတွေ ပြိုကွဲစရာတွေပြည့်နေတဲ့ တိုင်းပြည်ကို အုပ်ချုပ်နေရတယ်ဆိုတာ၊ ခင်ဗျား ခံစားမိမှာပါ”ဟု သံအမတ်ကြီး ဒဲရစ်မစ်ရှဲလ်က ရှင်းပြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ သူမှတ်မိသမျှ ပြန်ပြောသည်။ “အဲဒီတော့ဗျာ လူအတော်များများမှာလည်း အဲဒီလို ခံစားချက်မျိုး ဖြစ်လာကြမှာပဲ၊ ငါတို့ သူမကို ဘယ်လိုအကူအညီပေးရမလဲ၊ သူမကို အကူအညီပေးမှဖြစ်တော့မယ် စတဲ့ ခံစားချက်တွေဖြစ်ကြမှာပါ”ဟု ဒဲရစ်မစ်ရှဲလ်က ပြောပြသည်။

“ကျွန်မတို့ကို မမေ့ပါနဲ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ဒဲရစ်မစ်ရှဲလ်ကို ပြောဖူးသည်။ “ကျွန်မ အခုလွတ်လာပြီဆိုတော့ ကံကြမ္မာက ကျွန်မဘက် ရောက်လာပါပြီ။ ဒါပေမဲ့ ပြီးရင် အဲဒီကံကြမ္မာက ကွယ်ပျောက်သွားမှာပါ”

သူမပြောတာ မှန်ပါသည်။ ၁၉၉၀ ပြည့်နှစ်များဆီက ပေါ်ပေါက်လာသော ဒီမိုကရေစီဒီရေလှိုင်းကြီးသည် မြန်မာနိုင်ငံသို့ရောက်ရှိနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၉၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်မှာ ကင်ဆာရောဂါဖြင့် ဗြိတိန်နိုင်ငံတွင် ကွယ်လွန်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်မတန် လာရောက်တွေ့ဆုံခွင့်ရလိုသော မိုက်ကယ်အဲရစ်၏ဆန္ဒမှာ မပြည့်ဝခဲ့ပေ။ စစ်အစိုးရက မိုက်ကယ်ကို ပြည်ဝင်ခွင့်မပြုခဲ့သောကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မိုက်ကယ်၏ နောက်ဆုံးအချိန်တွင် အတူရှိနေပေးရန် အင်္ဂလန်သို့သွားမည့်ကိစ္စကို ပယ်ဖျက်ခဲ့သည်။ သူမမှာ နေအိမ်အကျယ်ချုပ် ထပ်မံကျခံခဲ့ရသည်။ တစ်လောကလုံးနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်း ခံခဲ့ရတော့သည်။ ၂၀၀၃ ခုနှစ်တွင် ခဏတာမျှ နေအိမ်အကျယ်ချုပ်မှ လွတ်လာခဲ့ပြန်သည်။ အထက်အညာဒေသခရီးစဉ်၌ ဒီပဲယင်းဘက်တွင် အမျိုးသား ၁၀၀၀ ခန့်ပါသည့် လူရမ်းကားအုပ်စုကြီးကို စစ်အစိုးရကဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်တို့ယာဉ်တန်းကို ပိတ်ဆို့စေခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး လူဒါဇင်နှင့်ချီ သေဆုံးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ပွတ်ကာသီကာ အသက်မသေဘဲ လွတ်မြောက်လာခဲ့သည်။

၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၀ ပြည့်နှစ်များတစ်လျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏မိသားစုကို ဆုံးရှုံးခဲ့ရသည်။ လွတ်လပ်မှုများ ဆုံးရှုံးခဲ့သည်။ နဂိုလက်ရှိဘဝအခြေအနေအားလုံး စွန့်လွှတ်ခဲ့ရသည်။ သူမ၏ ဘဝဇာတ်လမ်းသည် ပျော်ရွှင်ဖွယ်ရာဖြင့် အဆုံးသတ်နိုင်ပါတော့မည်လောဟူသည်ကိုပင် သူမကိုယ်တိုင် မသိနိုင်တော့သည့် အခြေအနေသို့ ရောက်ခဲ့သည်။ သူမ၏ ဖခင်ကြီးတည်ထောင်ခဲ့သည့် တပ်မတော်ဆိုသော အဖွဲ့အစည်းကြီးက သူမ၏ဘဝကို အဆုံးသတ်ပစ်တော့မည်လောဟူသည့် စိုးရိမ်စိတ်များလည်း မလွဲမသွေရှိခဲ့မည်သာပင်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သူမကြုံတွေ့နေရသော လောကဓံများကို အတွင်းစိတ်စွမ်းအားသတ္တိဖြင့် ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။ သူမစိတ်ဓာတ်ခွန်အားများ ရှိနေသည့်ကိစ္စတွင် သူမ၏ဖခင်ဖြစ်သူက မည်မျှအတိုင်းအတာအထိ အခရာကျပုံကို ကျွန်တော့်အား ရှင်းပြဖူးသည်။

“ကျွန်မ ညဘက်မှာ အောက်ထပ်ကိုဆင်းပြီး လမ်းလျှောက်တယ်၊ ဖေဖေ့ဓာတ်ပုံနားမှာ လျှောက်တယ်၊ ပြီးတော့ သူ့ဓာတ်ပုံကိုကြည့်တယ်၊ ဖေဖေ့နားကို ကပ်သွားသလို ခံစားရတယ် ... ဖေဖေရေ၊ ဖေဖေနဲ့ သမီး သူတို့ကို ရင်ဆိုင်ကြမယ်လို့ ပြောမိတယ်”

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရက သိသာထင်ရှားသည့် အပြောင်းအလဲများကို စတင်လုပ်ကိုင်လာခဲ့သည်။ အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့်လုပ်ရပ်များကို စလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ သို့သော် သူမသည် ထိုအချိန်တွင် လွန်စွာသတိကြီးကြီး ရှိနေခဲ့သည်။ ထိုစဉ်က ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ကယ်ဗင်ရုဒ်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် မြန်မာပြည်သို့ သွားခဲ့သည်။ အကယ်၍ သူမ၏လုံခြုံရေးကိစ္စကို အစိုးရဘက်က အာမခံချက်မပေးပါက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု အသိပေးထားကြောင်း ကယ်ဗင်ရုဒ်ကို သူမက ပြောပြခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်က သူမ အသတ်ခံရလိမ့်မယ်လို့ ထင်နေခဲ့ပုံရတယ်”ဟု ကယ်ဗင်ရုဒ်က ကျွန်တော့်ကို ထိုစဉ်က အကြောင်းအရာနှင့်ပတ်သက်၍ မကြာသေးခင်ကမှ ပြန်ပြောပြခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့လေသည်။ နိုင်လည်းနိုင်ခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။