News

POST TYPE

ARTICLE

စွယ်စုံရ ဘုရင့်တပ်မတော်
21-Aug-2019


ဝက်ဝံကြီးများကြီးစိုးရာ ကောသလတိုင်းမှ စိုပြေတို့၏ ချာရာဏသီတိုင်းပြည်သို့ မကြာမီပြန်လာတော့မည့် ဘုရင့်တပ်မတော်ကြီးကို ကြိုဆိုရန် အလွန်ပင် စိတ်အားထက်သန်နေမိသည်။ 

တိုင်းပြည်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုခဲ့သော ဘုရင့်တပ်မတော်ကို သွားရောက်မကြိုဆိုလျှင် စိုပြေ့မှာ စိတ်မကောင်းဖြစ်မိပေမည်။ ထို့ကြောင့် ကြိုဆိုရေးဆိုင်းဘုတ်များပင် ပြင်ဆင်ခိုင်းထားလိုက်သည်။ 

ဘုရင့်တပ်မတော်ကြီး၏ စွမ်းဆောင်ချက်က အားရဖို့ကောင်းလှပါပေသည်။ နိုင်ငံတကာမှ တပ်မတော်များအကြား အကောင်းဆုံးဆိုသောဆုကို ရရှိဖို့ မလွယ်ကူလှ။ အင်မတန်ထူးချွန်မှဖြစ်ပေမည်။ မှန်ပါ၏။ ဘုရင့်တပ်မတော် အင်မတန်ထူးချွန်ပြောင်မြောက်ခဲ့ပါသည်။ 

မြားပစ်တွင် နိုင်ငံတကာအဆင့် ၁၅၊ ဆင်စီး မြင်းစီးတွင် အဆင့် ၁၃၊ ဓားခုတ်၊ လှံထိုးတွင် အဆင့် ၅ တို့သာရရှိခဲ့သော်ငြား အဆို၊ အက၊ အတီးတွင်တော့... ဘုရင့်တပ်မတော်သည် နံပါတ်တစ် အကောင်းဆုံး ဆုရရှိခဲ့ပေသည်။ ထို့ကြောင့် စိုပြေ့မှာ ဘုရင့်တပ်မတော်ကြီးကို အားရကျေနပ်မိခြင်းဖြစ်ပေသည်။ 

အရင်ရှင်ဘုရင်များခေတ်တစ်လျှောက်လုံး ဘုရင့်တပ်မတော်အနေနှင့် ယခုကဲ့သို့ အကောင်းဆုံး ဆိုသောဆုကို မရရှိခဲ့ဖူးပေ။ 

ယခုခေတ်လို ဘုရင်မကြီးလက်ထက်တွင်မှ ဆုရရှိခြင်းဖြစ်သည့်အတွက် လွန်စွာနှစ်ထောင်းအားရဖြစ်မိပေသည်။ အော်တိုကရေစီအသီးအပွင့်ဟု ဆိုမလား၊ ဘုရင်မကြီး၏မေတ္တာကြောင့်ဟုဆိုမလား။ နှစ်ခုစလုံးကြောင့်ပဲ ဆိုချင်ဆို၊ ဘုရင့်တပ်မတော်ကတော့ ဂုဏ်ယူဖို့ကောင်းခဲ့ပြီ။ 

တကယ်တော့ ဘုရင့်တပ်မတော်ဆိုသည်မှာ စစ်တပ်တို့၏သဘာဝ စစ်သားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မတစ်ထောင် တစ်ကောင်ဖွားတွေ များလွန်းသည်။ ထိန်းသိမ်းဖို့မလွယ်။ အရင်ခေတ်ကတည်းက ကြမ်းချင် ရမ်းချင်၊ ပစ်ချင် ခတ်ချင်လျှင် စစ်ထဲဝင်ဖို့ ပြောခဲ့ဖူးကြသည်။ 

ဒါကြောင့် ဘုရင့်တပ်မတော်သားများသည်ကား အကြမ်းအရမ်းကတော့ အထူးပြောစရာမလို။ ဘုရင့် တပ်မတော်တင်မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ စစ်တပ်တိုင်း အကြမ်းအရမ်းကတော့ ရကြပါသည်။ ခက်တာက သူတို့တွေဟာ အနုအရွလေးတွေ မရကြ။ ဘုရင့် တပ်မတော်ကတော့ ဒီလိုမဟုတ်။ စွယ်စုံရပါပေသည်။ 

ဘုရင့်တပ်မတော် စွယ်စုံရသည့်အကြောင်း ပြောလျှင် ကုန်မည်မထင်။ အခုက အဆို အက အတီးတင် ပြိုင်ရတာမို့။ စီးပွားရေး အုပ်ချုပ်ရေးတွင် ပြိုင် လျှင်လည်း နံပါတ် ၁ ရမှာသေချာသည်။ စီးပွားရေးမှာတော့ ကောသလတိုင်းတင်မဟုတ်။ ရက်အင်ဒီးယန်းတို့၏ တိုင်းပြည်သည်လည်း ဘုရင့်တပ်မတော်ကို နိုင်မည်မဟုတ်။ ဘာကြောင့်လဲဆိုတော့ သူတို့တပ်တွေက စီးပွားရေးမှ မလုပ်ဖူးတာ...။ 

ဘုရင့်တပ်မတော်ကား စီးပွားရေးမှာ ပြိုင်စံရှားပင်။ လက်ရှိ မြန်မာပြည်တွင် ဘုရင့်တပ်မတော် ထုတ်ကုန်များနှင့် ကင်းရှင်းသူရှားသည်။ စိုပြေ့အိမ်မှာတင် ဘုရင့်တပ်မတော်၏ ယမကာသာမက ထုတ်ကုန် ထန်းရည်မြူအိုးများရှိသည်။ ကျန်အိမ်များလည်း ကင်းမည်မဟုတ်တာ သေချာသည်။ ခေတ်ကြီးက ယမကာသမားတွေ တစ်အိမ်တစ်ယောက်တော့ ရှိကြတာကိုး။ 

အားရဖို့တော့ တော်တော်ကောင်းပါသည်။ ဘယ်လောက်ထိတောင် အောင်မြင်သလဲဆို...ဘုရင့်တပ်မတော်ကို တိုက်ခိုက်နေသည့် သူပုန်တွေကပင် ဘုရင့်တပ်မတော်ထုတ်ကုန်တွေကို ဝယ်ယူသောက် သုံးနေကြသည့်အထိ အောင်မြင်သည်။ ပြိုင်ဘက်ကို ထုတ်ကုန်ရောင်းနိုင်တာ စီးပွားရေးမှာ တကယ့်အောင်မြင်မှုကြီးပင်။ 

စီးပွားရေးတင်လားဆိုတော့ မဟုတ်ပါ။ ပရဟိတပိုင်းမှာလည်း လာမယှဉ်နှင့်။ စတင်တည်ထောင်ကတည်းက ပရဟိတတွေ လုပ်လာခဲ့တာ။ တံတားဆောက်၊ လမ်းဖောက် အကုန်ပါခဲ့ရသည်။ အခုလို ရေဘေးတွေဖြစ်တော့လည်း ဘုရင့်တပ်မတော်သားတွေပဲ ပါရတာမဟုတ်လား။ ပရဟိတဇာတ်မင်းသားကြီး နှမ်းမဖြူးခင် ဘုရင့်တပ်မတော်သားတွေပဲ ကူညီခဲ့ကြသည်။ 

ဇာတ်မင်းသားကြီး နှမ်းဖြူးပြီးသွားတော့လည်း ဘုရင့်တပ်မတော်သားတွေပဲ ပြန်ကူညီခဲ့ကြတာ။ သဘာဝဘေးတွေနှင့် ပတ်သက်လို့ကတော့ ဘုရင့်တပ်မတော်ကို ပြည်သူတိုင်းက အားကိုးကြသည်။ 

ကျန်းမာရေးပိုင်းတွင်လည်း ဘုရင့်တပ်မတော်က သမားတော်များကို နန်းတွင်းသမားတော်တွေမမီ။ အဲ့ဒါကြောင့်လားမသိ။ လွန်ခဲ့သည့် ၃ နှစ်လောက်က နန်းတွင်းသမားတော်တွေကို ဘုရင့်တပ်မတော်က သမားတော်တွေ လာအုပ်ချုပ်မည့်ကိစ္စ ဖြစ်လိုက်သေး သည်။ အဲ့တုန်းကတော့ နန်းတွင်းသမားတော်တွေမှာ ပျော်လွန်းလို့ ဖဲကြိုးအနက်လေးတွေပင်တပ်ပြီး ကြိုဆို လိုက်ကြသေးသည်။ 

အုပ်ချုပ်ရေးကလည်း အထူးပြောစရာမလို။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးပြီ။ အခု ခေတ်လိုတောင် သူပုန်တွေ ထကြွခြင်းမရှိခဲ့။ အေးအေးဆေးဆေး ဘာသံမှမကြားရ။ အဲ... အသံထွက်လျှင်လည်း ဒဂုံရွှေမြို့တော်၏ အနောက်ဘက် နရသိန်ဆောင်တွင် အေးဆေးသွားရောက် အနားယူစေသည်။ တိုင်းပြည်တော်တော်လေး ငြိမ်းချမ်းခဲ့သည်။ လုပ်ချင်ရာလုပ်။ နိုင်ငံရေး မလုပ်ရင်ပြီးရော။ 

ဥပဒေပြုရေးကို ကြည့်မလား။ လွှတ်တော်အသီးသီးတွင် ဘုရင့်တပ်မတော်မှ တပ်မှူးတပ်သားတွေ အများကြီး။ 

ဒီလို စွယ်စုံရဘုရင့်တပ်မတော်အတွက် စိုပြေတင်မဟုတ် တစ်တိုင်းပြည်လုံး ဂုဏ်ယူကြမှာ သေချာသည်။ 

စိုပြေ အကြံတစ်ခု ပြုချင်သည်။ သီချင်းဆို ဝါသနာပါသူတွေ၊ အက ဝါသနာပါသူတွေ၊ အတီးအမှုတ် ဝါသနာပါသူတွေလည်း ဘုရင့်တပ်မတော်ထဲကို ဝင်သင့်သည်။ အပြင်မှာ အခွေထုတ်၊ တီးဝိုင်းတွေမှာ လိုက်တီးရတာ မလွယ်ကူလှ။ ဘုရင့်တပ်မတော်ထဲမှာ သာဆိုလျှင် ကမ္ဘာသိအနုပညာရှင်ဖြစ်ဦးမည်။ ကောသလတိုင်းပြန်ဆိုသည့် နာမည်လည်း တပ်လို့ရမည်။ ဘယ်လောက်ကောင်းလဲ။ 

အရင်ကတော့ ကြမ်းချင်ရမ်းချင်လျှင် တပ်ထဲဝင်။ အခုကတော့ ဆိုချင် ကချင် တီးချင်ရင် တပ်ထဲဝင် ဆိုပြီး ဖြစ်လာမည်ထင်သည်။ 

အဲ...။ တိုက်ချင် ခိုက်ချင်ရင်တော့ သူပုန်လုပ် ချင်လုပ်ပေါ့လေ။ 

စိုပြေတို့ ဘုရင့်တပ်မတော်ကြီး ကောသလတိုင်းက ဘယ်တော့ပြန်လာမလဲ စုံစမ်းလိုက်ဦးမည်။ ကုန်းကြောင်းနဲ့ပဲပြန်မလား၊ ရေကြောင်းနဲ့ ပြန်မလားကို သေချာမသိရသေး။ နှစ်ခုစလုံးရှိတာဆိုတော့ ဘာနဲ့ ပြန်ပြန် အေးဆေးပင်။ 

စိနတိုင်းကိုဖြတ်ပြီး ကုန်းကြောင်းဖြင့် လမ်းလျှောက်ပြန်မလာတာတော့ သေချာသည်။ စိနတိုင်းကို ဖြတ်ပြီး လမ်းလျှောက်ပြန်လာလျှင် အခြေအနေသိပ် မကောင်း၊ တိုက်ပွဲတွေဖြစ်နေတော့ လုံခြုံရေးသိပ်မကောင်း။ ဒါကြောင့် ကောသလတိုင်းကပြန်လာမည့် ဘုရင့်တပ်မတော်ကို လေကြောင်းဖြစ်ဖြစ်၊ ရေကြောင်း ဖြစ်ဖြစ် တစ်ခုခုကို ရွေးပြီးစီးစေချင်သည်။ 

စိုပြေ



  • VIA