News

POST TYPE

ARTICLE

သူ ဘာတွေဖြစ်သွားတာလဲ
20-Aug-2019



ယခုဆောင်းပါးမှာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် Ben Rhodes ရေးသားသည့် What happened to Aung San Suu Kyi? ဟုအမည်ရသည့် ဆောင်းပါးကို The Voice Daily က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ The Atlantic မဂ္ဂဇင်းပါ အဆိုပါ ဆောင်းပါးမှာ အတော်အတန်ရှည်လျားသည်ဖြစ်ရာ အပိုင်းခွဲ၍ ဖော်ပြသွားမည် ဖြစ်ပါသည်။ (အယ်ဒီတာ)

(၁) အမွှမ်းတင်ခံရသည့်ပုဂ္ဂိုလ် 

ပထမဆုံးတစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တွေ့ခဲ့စဉ်က ၂၀၁၂ ခုနှစ်က ဖြစ်သည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ က သူမ၏ နေအိမ်မှာဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက် ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် အိမ်လည်းဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ မျှော်လင့်ချက်ကို ပုံဖော်ပေးသည့် ပုဂ္ဂိုလ်တစ်ဦး သဖွယ်ဖြစ်ခဲ့သည်။ သူမသည် စားပွဲဝိုင်းလေးတစ်ခုတွင် သမ္မတအိုဘားမား၊ ဟီလာရီကလင်တန် (ထိုစဉ် ကနိုင်ငံခြားရေးဝန်ကြီး)၊ မစ္စတာဒဲရစ်မစ်ရှဲလ်တို့နှင့် အတူထိုင်ကာ စကားပြောခဲ့သည်။ ဒဲရစ်မစ်ရှဲလ်မှာ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ပထမဆုံးပြန်လည် ခန့်အပ်ခံခဲ့ရသူလည်းဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်း စုကြည်မှာ အသက် ၆၇ နှစ်အရွယ်ဖြစ်ပြီး ကျော့ကျော့ မော့မော့နှင့် တက်တက်ကြွကြွရှိလှသည်။ သူမ၏ အနက် ရောင်ဆံပင်ရှည်ကို ထုံးထားသည့် ဆံထုံးတွင် ပန်းတစ်ပွင့်ပန်ဆင်ထားသည်။ သူမ ကျောပေးထိုင်နေ သည့်နောက်ဘက်က စာအုပ်စင်မှ ဖန်တရာထေ အောင်ဖတ်ထားသော စာအုပ်အဟောင်းများကို ကြည့်ပြီး ကျွန်တော်တစ်ခုတွေးမိသည်။ “ဒေါ်အောင် ဆန်းစုကြည်ဟာ တစ်ယောက်တည်းနေခဲ့ရတုန်းက ဒီစာအုပ်တွေကိုဖတ်ပြီးပဲ အချိန်ကုန်ဆုံးခဲ့ရမှာပါပဲ” ဟူ၍။ ဓာတ်ပုံထဲက မဟာတ္တမဂန္ဓီကလည်း တည်ငြိမ် အေးချမ်းသောအပြုံးဖြင့် လှမ်းကြည့်နေသလိုပင်။ 

ထိုတွေ့ဆုံစကားပြောဆိုမှုမှာ သမိုင်းဝင်သည့် ပုဂ္ဂိုလ်သုံးဦး (ဒေါ်စု၊ အိုဘားမား၊ ဟီလာရီ)အတွက် လွန်စွာအဖိုးထိုက်တန်လွန်းလှသည့် မှတ်တမ်းတစ်ခု လည်းဖြစ်သည်။ ထိုစဉ်က အိုဘားမားမှာ သမ္မတဒုတိယ သက်တမ်းအတွက်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြတ် ပြတ်သားသားနိုင်ပြီးခါစဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှာမူ နောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ရတော့မည့် အချိန်ကာလလည်းဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင် ဆန်းစုကြည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ မကြာသေးခင်အချိန်ကာလအထိ လူစုလူဝေးလုပ်ခွင့် မရှိခဲ့သော တိုင်းပြည်တွင် သမ္မတာအိုဘားမား၏ မော်တော်ယာဉ်တန်းကို မြန်မာပြည်သူ ထောင်ပေါင်းများစွာစုဝေးကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ သမ္မတအိုဘားမားအနေနှင့် ဒီမိုကရေစီရေးလှုပ်ရှားခဲ့သည့် ကျောင်းသားများ ပစ်ခတ်ခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောဆိုခွင့်ရခဲ့သည်။ ယင်းတက္ကသိုလ်မှာ အိုဘားမားရောက်မလာခင်ကာလအထိ စစ်အစိုးရက ပိတ်ပင်ထားခဲ့သည့်နေရာလည်းဖြစ်သည်။ အိုဘားမား ခရီးစဉ်တွင် ကြုံတွေ့ရသည့်ခံစားချက်မှာ မြန်မာပြည်ကို ပိတ်ကာထားသည့် ဧရာမသံကွန်ချာကြီး စတင်ဖယ်ခွာခြင်းခံရသည့် အနေအထားမျိုးဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ ခြံနံပါတ် ၅၄ နေအိမ်တွင် သူမ၏ နိုင်ငံရေးပါတီအကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလေသည်။ သူမ၏ နိုင်ငံရေးပါတီမှာ အားလုံးသိကြသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဖြစ်သည်။ လွှတ်တော်တွင် NLD အနေနှင့် ဘာတွေလုပ်ကိုင်နေကြောင်း၊ စစ်တပ် ကို မည်သို့မည်ပုံ ရင်ဆိုင်နေရသည့်အကြောင်း၊ လွှတ် တော်နှင့်သက်ဆိုင်သော လုပ်ဆောင်ချက်များကို NLD အနေနှင့် လေ့လာသင်ယူနေရပုံများအကြောင်း ပြောပြသည်။ ဒီမိုကရေစီနှင့်ပတ်သက်၍ သူမလုပ်ချင် သမျှ အသေးစိတ် အခြေခံအချက်အလက်များကို ပြောပြသည်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးအကျဉ်းသူဘဝရောက်ရှိခဲ့စဉ် အချိန်ကစ၍ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဖြစ်စဉ်၏ ပြယုဂ်ဖြစ်ခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားခဲ့သူတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထိုမျှမကသေး၊ စစ်အာဏာ ရှင်စနစ်အောက်ရောက်နေသည့် မြန်မာပြည်သူများ၏ နောက်ဆုံးမျှော်လင့်ချက်သဖွယ်လည်း ဖြစ်ခဲ့ပေသည်။ သို့သော် သူမက သူမအနေနှင့် ထိုသို့သော ပြယုဂ် တစ်ခုဖြစ်ရန် စိတ်မဝင်စားကြောင်း ကျွန်တော်တို့အဖွဲ့ကို ပြောပြခဲ့သည်။ “ကျွန်မ အမြဲတမ်းနိုင်ငံရေးသမား တစ်ယောက်ပဲဖြစ်ခဲ့တာပါ” ဟု သူမက သမ္မတ အိုဘားမားကို ဗြိတိသျှလေယူလေသိမ်းဖြင့် အင်္ဂလိပ်လိုပြောလေသည်။ 

တွေ့ဆုံမှုပြီးဆုံးသွားချိန်တွင် သမ္မတအိုဘားမား၏ မော်တော်ယာဉ်တန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော လူတန်းကြီးကြားမှ ထိုးထွက် သွားတော့သည်။ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပိုစတာများကို ကိုင်ဆောင်ထားကြသည်။ Beast ဟုလူသိများသည့် အမေရိကန်သမ္မတစီးနင်းသော အထူးဇိမ်ခံကားကြီး၏ နောက်ခန်းတွင် ပြောဆိုခဲ့သော အိုဘားမား၏ စကားအချို့မှာ ကျွန်တော့်စိတ်ထဲ တွင် ယခုထိတိုင်စွဲနေပေသည်။ “ပိုစတာပေါ်က မျက်နှာ ပိုင်ရှင်ရဲ့နေရာကို ကျုပ်လည်း ရောက်ခဲ့ဖူးပါတယ်။ ပုံရိပ်တို့၊ ဓာတ်ပုံတို့ဆိုတာ တဖြည်းဖြည်းချင်းကွယ်ပျောက်သွားကြရတာချည်းပါပဲ” ဟူ၍။ 

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှား ကျော်ကြားမှု၊ ဂုဏ်သတင်းကျော်စောမှုတို့မှာ ဗားကလက်ဟာဗဲလ်၊ လက်ခ်ျဝေါ်လ်ဆာနှင့် နယ်လ် ဆင်မင်ဒဲလားတို့လို ပုဂ္ဂိုလ်ကြီးများရရှိခဲ့သည့် ကြီးမြတ် မြင့်မားမှုအထိရှိခဲ့သည်မှာ မယုံနိုင်စရာပင်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် စတင်ပါဝင်ခဲ့ ချိန်မှစ၍ နိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်ကြီးတစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နေအိမ်အကျယ်ချုပ်ခံခဲ့ရသလို ဖမ်းဆီးထိန်းသိမ်းခြင်းလည်း ခံခဲ့ရသည်။ အသက်အန္တရာယ်လည်း ခြိမ်းခြောက်ခံခဲ့ရသည်။ စိန်ခေါ် မှုပေါင်းများစွာကို အသာတကြည် ရင်ဆိုင်နိုင်ခဲ့ရာ နောက်ဆုံးတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးကိုပင် ဆွတ်ခူးနိုင်သူဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားသည့် အစိုးရအတိုက်အခံ ပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရလေသည်။ “တကယ့်စစ်မှန်တဲ့ အကျဉ်းထောင်ဆိုတာ ကြောက်ရွံ့မှုပါပဲ” ဟူ၍ သူမက စာရေးသားခဲ့ဖူးပေသည်။ “စစ်မှန်တဲ့ လွတ်မြောက်မှုဆိုတာဟာ အဲဒီကြောက်ရွံ့မှုတွေကနေ လွတ်မြောက်သွားတာပါ”ဟူ၍။ 

သို့သော် အိုဘားမားမှာ ရှေ့ဖြစ်လာမည့်ကိစ္စကို တပ်အပ်ပြောနိုင်သူဟု ဆိုရပေမည်။ ၂၀၁၆ ခုနှစ်က စတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်ခဲ့သည့် အစိုးရသည် အရပ်ဘက်လွတ်လပ်ခွင့်များ၊ သတင်းစာလွတ်လပ်ခွင့်များ လျော့ကျ အောင်ပြုလုပ်ခဲ့ရုံသာမက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက လူမျိုးဖြုတ်ရှင်းလင်းမှုအတွက် စံပြနမူနာဟုပင် သမုတ်လောက်သည်အထိ ဖြစ်ခဲ့သောလုပ်ရပ်များကို ပြုလုပ်ခဲ့လေသည်။ အခြားသောသူများကတော့ လူမျိုးဖြုတ်သတ်ဖြတ်မှုဟု ဆိုကြလေသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ရိုဟင်ဂျာမွတ် စလင်(ဘင်္ဂါလီလူမျိုး) ၇ သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ် ဘက်သို့ နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ယင်းနိုင်ငံက ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။ ယင်းဒုက္ခသည်စခန်းများတွင် ရောဂါဘယများ ထူပြောလှသလို ရိုဟင်ဂျာတို့၏ ကလေးငယ်များမှာ လည်း အာဟာရပြတ်လပ်ချို့တဲ့မှုကို ခံစားနေကြရသည်။ ပညာလည်း သင်ကြားခွင့်မရှိကြပေ။ 

Burma ဟု ယခင်က ခေါ်ဆိုခြင်းခံခဲ့ရသော မြန်မာနိုင်ငံသည် အလွန်တရာ ရှုပ်ထွေးနက်နဲလွန်းလှသော သမိုင်းကြောင်းကြီးကို ပိုင်ဆိုင်ထားသည့်နိုင်ငံ ဖြစ်လေသည်။ ရှေးယခင် ဗမာမင်း နေပြည်တော်များသည် အိမ်နီးချင်းတိုင်းပြည်များ၏ ကံကြမ္မာ အတက် အကျပေါ်မူတည်ပြီး နယ်ပယ်မြောက်မြားစွာကို ပိုင်ဆိုင်ခဲ့ဖူးသည်။ အင်္ဂလိပ်ကိုလိုနီတို့၏အုပ်စိုးမှု၊ ဖက်ဆစ်ဂျပန်တို့၏ ရက်စက်သော ကြမ်းတမ်းသော အုပ်စိုးမှုအောက် သို့ နှစ်အတန်ကြာရောက်ခဲ့သည့် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့ သည်။ ထိုအချိန်မှစ၍ ပြည်တွင်းစစ်များ ဆက်တိုက်ဖြစ် ပွားခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အုပ်စုများအကြား နှစ်ကာလအကြာမြင့်ဆုံးဖြစ် ပွားခဲ့သည့် ပြည်တွင်းစစ်တစ်ခုလည်းဖြစ်သည်။ (မြန်မာ နိုင်ငံရှိ လူမျိုးများအနက် ၆၅ ရာခိုင်နှုန်းမှာ ဗမာလူမျိုး များဖြစ်သော်လည်း အခြားသော တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်ရှိသည်။ ယင်းအနက် လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလူမျိုးစု ဒါဇင်ပေါင်းများစွာရှိသည်) မြန်မာ့တပ်မတော်သည် ၁၉၆၂ ခုနှစ်ကစတင်ကာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးကြီးမှာ အတော်အတန် ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများကို အစိုးရက လွှတ်ပေးခဲ့သည်။ အခြားတိုင်းပြည်အချို့နှင့်ယှဉ်လျှင် အတော်အတန် လွတ်လပ်မျှတမှုရှိသော ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ခဲ့သည်။ အစိုးရက မြန်မာပြည်သူပြည်သားများကို အင်တာနက် လွတ်လပ်စွာ သုံးခွင့်ရအောင် ဖန်တီးပေးလာသည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကြီးနှင့် မြန်မာနိုင်ငံချိတ် ဆက်ခွင့်ရရှိလာသည်။ သို့သော် ခေတ်သစ်မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆိုသည်ကို သိခွင့်မရှိခဲ့ပေ။ နယ်စပ်ဒေသ များအားလုံးမှာလည်း ထိန်းချုပ်ခံထားရဆဲသာပင်ဖြစ်သည်။ 

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေမှာ ဇာတ်ကြောင်းရှည်လျားလှသည့် အရေးကိစ္စကြီးတစ်ရပ်ပင်ဖြစ်သည်။ မြန်မာလူမျိုး အတော်များများက ရိုဟင်ဂျာဟူသည် အခြားတိုင်းပြည်မှ လူမျိုးများသာဖြစ်သည်ဟု ဆိုကြသည်။ ဘင်္ဂါလီဟု ဆိုသည့်အတိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်အခြေချကြသူများသာဖြစ်သည်ဟု မြန်မာလူမျိုးများက ယုံကြည်ကြသည်။ ယင်းကိစ္စမှာ ၁၉၈၂ ခုနှစ်တွင် ဥပဒေတစ်ရပ်ဖြစ်လာသည်။ ထိုစဉ်က ရေးဆွဲခဲ့သောဥပဒေအရ ဗြိတိသျှကိုလိုနီတို့ အုပ်စိုးစဉ် ကာလအတွင်း မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာသူ မည်သူ့ကိုမဆို နိုင်ငံသားဖြစ်ခွင့်မရှိပေ။ စစ်အစိုးရက ယင်းဥပဒေကိုအသုံးပြုပြီး ရိုဟင်ဂျာ (ဘင်္ဂါလီ) များကို နိုင်ငံသားဖြစ်ခွင့်မပေးခဲ့ပေ။ ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်း ကာလများနှင့် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများတွင်မူ မြန်မာစစ်တပ်သည် ရိုဟင်ဂျာမွတ်စလင် သုံးသိန်း ကျော်ခန့်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ရောက်ရှိအောင် မောင်းထုတ်သည့် ကြောက်မက်ဖွယ် စစ်ဆင်ရေးကြီးများကို ပြုလုပ်ခဲ့လေသည်။ 

မြန်မာလူမျိုး အတော်များများကလည်း တောင်အာရှဒေသမှ မျိုးနွယ်များကို မကျေမချမ်းကြပေ။ အကြောင်းမှာ ဗြိတိသျှကိုလိုနီတို့အုပ်စိုးစဉ် မြန်မာနိုင်ငံကို အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့်ပင်ဖြစ်ပေသည်။ (ထိုစဉ်က) ယင်းသို့သတ်မှတ်မှုကြောင့် အိန္ဒိယသားတို့အနေနှင့် မြန်မာနိုင်ငံအပေါ် လုပ်ပိုင်ခွင့်အာဏာအချို့ ရရှိခဲ့သည်။ မြန်မာဗုဒ္ဓဘာ သာဝင်အတော်များများကလည်း အာဖဂန်နစ္စတန်နှင့် အင်ဒိုနီးရှားလိုနိုင်ငံများကဲ့သို့ အစ္စလာမ်ဘာသာ သွတ်သွင်းခံရသော ကံကြမ္မာမျိုး မြန်မာနိုင်ငံဖြစ်လာမည်ကို စိုးရိမ်ထိတ်လန့်ကြလေသည်။ ထိုစဉ်က အာဖဂန်နှင့် အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာကို အစ္စလာမ်ဘာသာ ဖြင့်အစားထိုးခံခဲ့ရသည့်ဖြစ်စဉ်ကို ဆော်ဒီအာရေဗျက ငွေကုန်ကြေးကျခံခဲ့ပေသည်။ (ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်သည်လည်း သူမကိုယ်တိုင် ယင်းသို့သော စိုးရိမ်ထိတ်လန့်မှုမျိုးရှိကြောင်းကို ကျွန်တော်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ဖူးပါသည်) တိုင်းရင်းသားလူနည်းစုတစ်ဦး အနေနှင့်၊ မွတ်စလင်တို့အနေနှင့်၊ အိန္ဒိယတိုက်ငယ်ဘက်မှ ဝင်ရောက်လာသူများအနေနှင့်မူ ရိုဟင်ဂျာ (ဘင်္ဂါလီ) တို့မှာ အလွန့်အလွန်ပင် သိမ်ငယ်ရသောလူမျိုးစုများဖြစ်ပေသည်။ မဝေဝေနုဟု အမည်ရသည့် ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ကျွန်တော့်ကို ယခုလို ပြောဖူးပါသည်။ “ဒါတွေ အားလုံးဟာ အာဏာနဲ့ပတ်သက်တာပါ၊ မြန်မာဗုဒ္ဓဘာသာတွေ အာဏာဆက်ရှိဖို့အတွက်ပါပဲ”ဟု ဆိုလေသည်။ ဝေဝေနု ကိုယ်တိုင်သည်လည်း စစ်အစိုးရလက်ထက်တွင် နှစ်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသည်။ ၂၀၁၂ ခုနှစ် သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတွေ့ဆုံမီ လအနည်းငယ်ကတည်းက ရခိုင်ပြည်နယ်တွင် မွတ်စလင်အမျိုးသားတစ်စုက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သည့် ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်ရပ်ကို တုံ့ပြန်သည့်အနေနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များက ရိုဟင်ဂျာများကို တိုက်ခိုက်ခဲ့သည်၊ ၎င်းတို့ရွာများကို မီးရှို့ပစ်သည်။ နောက်ဆုံးတွင် ရိုဟင်ဂျာ(ဘင်္ဂါလီ) တစ်သိန်း ကျော်ခန့်မှာ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ရသည်အထိဖြစ်ခဲ့ရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ(ဘင်္ဂါလီ) ၁ ဒသမ ၁ သန်းကျော်ခန့်၏ အခြေ အနေမှာ ပို၍ မရေရာ မသေချာသည့် အနေအထားသို့ ရောက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၇ ခုနှစ် အစောပိုင်းကာလများတွင် ရိုဟင်ဂျာ(ဘင်္ဂါလီ) လက်နက်ကိုင်အုပ်စုများ၏ တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ သည်။ ယင်းတိုက်ခိုက်မှုများကို မြန်မာစစ်တပ် (တပ်မတော်) က အဆမတန်ကြမ်းတမ်းသည့် အနေအထားဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ရိုဟင်ဂျာလူမျိုး ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ထွက်ပြေး ခဲ့ရသည်အထိဖြစ်ခဲ့သည်။ လွန်စွာကြမ်းတမ်းပြီး စနစ် တကျရှိလှသည့် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။ 

ထိုသို့သော မြန်မာစစ်တပ်၏ ရက်စက်ကြမ်း တမ်းမှုများရပ်တန့်သွားအောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မဆိုစလောက်မျှသာ လုပ်ဆောင်ပေးနိုင်ခဲ့သည်။ သူမ၏ စာနာစိတ်ကင်းလွန်းလှသော ဥပေက္ခာတရားတို့က ဘေးမှစောင့်ကြည့်နေသူများအတွက် သစ္စာဖောက်ခံရသလိုဖြစ်စေခဲ့သည်။ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးဆိုင်ရာ စံပြပုဂ္ဂိုလ်တစ်ဦးသဖွယ်ဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ အစိုးရက ရိုဟင်ဂျာ လူနည်းစုများကို ဖိနှိပ်နေသည်ကို ဘာမှမတုံ့ပြန်ဘဲ မည်သို့မည်ပုံ မတ်တတ်ရပ်ကြည့်နေနိုင်ခဲ့သနည်းဟု မေးစရာဖြစ်ကုန်သည်။ အနောက်နိုင်ငံများမှ နိုင်ငံရေးသမားများနှင့် မီဒီယာများက သူမကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည့် အဖွဲ့အစည်းများကလည်း ၎င်းတို့ပေးခဲ့သည့် ဆုတံဆိပ်များကို ပြန်လည်ရုပ်သိမ်းလာကြကုန်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ အပြောင်းအလဲတစ်ခုမျှ မလုပ်ခဲ့ပေ။ “အဲဒီလို ခေါင်းမာမှုကြောင့်ပဲ စံပြပုဂ္ဂိုလ်ဖြစ်လာတာ၊ အဲဒီ ခေါင်းမာမှုကြောင့်ပဲ လမ်းလွဲသွားတာ။ သူမက လွန်လွန်ကဲကဲမြှောက်စားခံရတာတွေ၊ ဆုတံဆိပ်တွေကို ကြိုက်တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမသာ မှန်ပြီးတခြားသူတွေက မှားနေတယ်လို့ပဲ သူ့ဘာသာသူ ထင်နေတာ” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အလုပ်လုပ်ဖူးသည့် အနောက်တိုင်းသံတမန်တစ်ဦးက ပြောကြားသည်။ 

အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ (အမေရိကန် အစိုးရ) တွင် ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်အဖြစ်ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ် ကျွန်တော့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖြစ်ခဲ့ပါသည်။ နေရာအမျိုးမျိုးတွင် တွေ့ဆုံဖူးသည်။ ရန်ကုန်က သူမမိသားစုနေထိုင်ရာ နေအိမ်တွင်လည်း တွေ့ဆုံဖူးသည်၊ နေပြည်တော်က လွှတ်တော်နှင့် သူမ၏ နိုင်ငံတော်အတိုင်ပင်ခံနေအိမ်တွင်လည်း တွေ့ဆုံဖူးပါသည်။ ဝါရှင်တန်ဒီစီမှာလည်း သူမနှင့် တွေ့ဆုံဆွေးနွေးဖူးပါသည်။ ကျွန်တော် ယုံကြည်တာတစ်ခုကတော့ သူမ၏ လူ့အခွင့်အရေးဆိုင်ရာ ခံယူချက်သည် ရိုးသားဖြောင့်မတ်မှုရှိသည်။ သို့ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူမပြောသမျှ လူတွေယုံကြည်လက်ခံလာအောင် လုပ်ရာတွင် တော်သလို သူမကို လူတွေယုံကြည်လာအောင်လုပ်ဆောင်ရာတွင်လည်း တော်သူတစ်ဦးဖြစ်ပေသည်။ ပြီးတော့၊ အနောက်ကမ္ဘာက လူအတော်များများကလည်း သူမကို ကယ်တင်ရှင်ကြီးတစ်ဦးသဖွယ် အလွန်အမင်း မြှောက်စားလိုစိတ်ရှိခဲ့ကြသည်။ အတိတ်ကအကြောင်း ကိုပြန်စဉ်းစားကြည့်တော့ ကျွန်တော် မှတ်မိတာတွေ ရှိနေသည်။ သူမသည် ဂုဏ်ပုဒ်များစွာကို ရယူပိုင်ဆိုင်ထားခဲ့သည်၊ အတွေးအမြင်သမား၊ တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား၊ လက်တွေ့အကျိုးမျှော်ဝါဒီ စသည်ဖြင့်။ 

“သူမက အဲဒီဖြစ်ရပ်ကြီးကို အမြဲတမ်းလိုလို မြန်မာပြည်ရဲ့ ဒုတိယမြောက် တော်လှန်ရေးကြီးလို့ ပြောလေ့ရှိတယ်” ဟု ၁၉၈၈ အရေးအခင်းနှင့်ပတ်သက်၍ သံအမတ်ကြီး ဒဲရစ်မစ်ရှဲလ်က ကျွန်တော့်ကို ပြောဖူးသည်။ “အခုတော့ သူမမှာ အာဏာရှိလာပြီ၊ အဲဒါ ဘာအဓိပ္ပာယ်ဖြစ်မလဲ၊ အဲဒါတွေအားလုံးကဘာလဲ” ဟု သံအမတ်ကြီးကမေးခွန်းထုတ်လေသည်။

ဆက်လက်ဖော်ပြပါမည်။