News

POST TYPE

ARTICLE

ပါရီကျဆုံးခန်းနှင့် မြသန်းတင့်
20-Aug-2019



တစ်ခါက ကျွန်တော်တို့ နှစ်ယောက်တည်း တွေ့ချိန်မှာ ဆရာက ကျွန်တော့်ကို မေးဖူးပါတယ်။ ကျွန်တော့် စာအုပ်တွေထဲမှာ ဘယ်စာအုပ်ကို ခင်ဗျား အကြိုက်ဆုံးလဲတဲ့။ ဘာသာပြန်တွေထဲမှာ စစ်နှင့် ငြိမ်းချမ်းရေးကို အကြိုက်ဆုံးပဲ ဆရာ၊ ပင်ကို ရေးထဲမှာတော့ ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများကို အကြိုက်ဆုံး။ ဆရာက ဆက်မေးပါတယ်။ ဓားတောင်ကိုကော။ ဓားတောင်ကို ကြိုက်တော့ ကြိုက်တယ်၊ အကြိုက်ဆုံးတော့ မဟုတ်ဘူး ဆရာ ဆိုတော့ဆရာက ဘာမှ ဆက်မပြောခဲ့ပါ။

စစ်နှင့် ငြိမ်းချမ်းရေးကို ကျွန်တော် စဖတ်ချိန်က အထက်တန်းကျောင်းသား ဘဝ။ စာအုပ်က ကျွန်တော့် အစ်ကိုအကြီးဆုံးရဲ့ စာအုပ်။ စာအုပ်ကို တွေ့တော့ ကျွန်တော် ယူဖတ်လိုက်မိတယ်။ အဲဒီအချိန်က မြသန်းတင့်လည်း မသိ၊ တော်လ်စတွိုင်းလည်း မသိ။ကမ္ဘာကျော်ဂန္ထဝင် စာအုပ်ဆိုတာလည်း မသိ။ စာအုပ်ရဲ့အဖွင့်မှာတင် ကျွန်တော် အကြိုက် တွေ့သွားတယ်။ပထမက ဖတ်ရခက်မယ် ထင်ပေမယ့် တကယ်တမ်း ဖတ်ကြည့်တော့ ကျွန်တော် ခံစားနားလည်နိုင်တာကို တွေ့ရတယ်။

စစ်နှင့် ငြိမ်းချမ်းရေး အတွဲ ၃ သို့မဟုတ် ၄ လောက်မှာလား မသိ၊ အင်ဒရေနှင့် ပီယာတို့ စကားပြောခန်းကို ဖတ်ရတော့ ကျွန်တော့်အဖို့ အင်မတန် ထူးဆန်းနေတယ်။ မှတ်မိသလောက် ပြောရရင် အင်ဒရေက တစ်သက်လုံး အများအကျိုးကြည့်သူ။သို့သော်လည်း သူ့ဘဝက သူထင်သလို ဖြစ်မလာ။ ပီယာက တစ်သက်လုံး သောက်စားမူးယစ်ပြီး သူများအတွက် မစဉ်းစားသူ။ သူလည်း သူ့ဘဝကို မကျေမနပ် ဖြစ်နေတယ်။ သူတို့ နှစ်ယောက် စကားပြောခန်းကို စာအုပ် တစ်ဝက်ကျော်ကျော်လောက် ရေးထားတယ်။ တကယ်တော့လောကကြီးက ဘယ်လိုနေနေ အဆင်မပြေပါဘူး။

နောက် နပိုလီယန် တိုက်ခဲ့တဲ့ စစ်ပွဲကြီးတွေ။ စစ်ဗိုလ်ချုပ်ကြီးတွေ တိုက်ပွဲကို ဘယ်လို တိုက်၊ ဘယ်လို စီမံကိန်းချ။ တကယ်တမ်းကျတော့ စစ်ပွဲတစ်ပွဲကို တိုက်ရာမှာ မမြင်ရတဲ့ အချက်တွေကလည်း လွှမ်းမိုးမှုရှိနေပြန်တယ်။ ကျွန်တော့်လို ၆ တန်း၊ ၇ တန်း ကျောင်းသားလေး တစ်ယောက်အဖို့၊ လောကကြီးအကြောင်း ဘာမှ မသိသေးသူတစ်ယောက်အဖို့ အင်မတန်ကြီးကျယ်၊ အင်မတန် ခမ်းနား၊ အဆန်းအပြားတွေချည်း ဖြစ်နေပါတယ်။

စစ်နှင့် ငြိမ်းချမ်းရေးကို ကျွန်တော် ဘယ်လောက် စွဲလမ်းသလဲဆိုတော့ သုံးကြိမ်သုံးခါ ဖတ်ခဲ့တယ်။ ပထမအကြိမ်ကတော့ ပုဂံ စာအုပ်တိုက်ထုတ် အတွဲ ၁ မှ ၉ အထိ။ နောက်တစ်ကြိမ် ဆရာ ပြန်လွတ်လာပြီး အတွဲ ၁၀၊ ၁၁၊ ၁၂ ထွက်တော့ အစအဆုံး တစ်ကြိမ် ထပ်ဖတ်တယ်။

နောက်တစ်ခေါက်ကတော့ သင့်စာပေက အုပ်ကြီး နှစ်တွဲထွက်တယ်။ သည်စာအုပ်ကို သုံးကြိမ်မြောက် ထပ်ဖတ်ပြန်တယ်။ တစ်ကြိမ် ဖတ်တိုင်း ဖတ်တိုင်း ပိုပိုပြီး နားလည် ခံစားမိလာတယ်။ အသက်အရွယ် အရလည်း ပါပေမပေါ့။ တကယ်တမ်းကျတော့ သုံးကြိမ်လုံး ကျောင်းသားဘဝက ဖတ်ခဲ့တာချည်း။အလုပ်ထဲရောက်မှ၊ အသက်အရွယ်ရမှ ပြန်မဖတ် ဖြစ်သေးပါ။ ခု ပြန်ဖတ်ရင် ပိုလို့တောင် အရသာ ရှိမလား ထင်မိတယ်။

စစ်နှင့် ငြိမ်းချမ်းရေးလို စာအုပ်မျိုးကို ထုတ်ချင်တဲ့စိတ် အသေအလဲရှိသော်ငြားလည်း ကျွန်တော် မထုတ်ဖြစ်ခဲ့ပါ။ ဘာကြောင့် မထုတ်ဖြစ်တဲ့အကြောင်း သူ့နေရာ ရောက်မှ ပြောပါဦးမယ်။

နောက်တစ်အုပ်။ ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ။ သည်စာအုပ်ကလည်း ဖတ်မိမိချင်း ကျွန်တော့်အတွက် အတော်လေးကို ထူးဆန်းနေပါတယ်။ စာဆိုတာ သည်လိုမျိုးလည်း ရေးလို့ ရပါလား။ ကျွန်တော် အရင်က မဖတ်ဖူးသော၊ ယောင်လို့မှ မတွေး ဖူးသော ပုံစံမျိုးနှင့် ရေးထားတာ ဖတ်ရတော့ သိပ်ကို သဘောလည်းကျ၊ အံ့လည်းအံ့ဩမိတယ်။ စာရေးဆရာက ရေးတတ်လှချည်လားလို့ ဩချမိပါတယ်။ သည်စာအုပ်ကိုလည်း ကျွန်တော်အကြောင်းကြောင်းကြောင့် ပြန်မထုတ်ဖြစ်ခဲ့ပါဘူး။ သည်စာအုပ်နှစ်အုပ်လုံးကို ကျွန်တော် ငယ်နုစဉ်က ဖတ်ဖူးတာမို့ စွဲလမ်းနေတာလည်း ပါမလား မသိပါ။

နောက်ပိုင်း ဆရာ မြသန်းတင့် စာအုပ်တွေထက် ငယ်ငယ်က ဖတ်ထားဖူးတဲ့ သည်စာအုပ်တွေကို ပိုလို့ စွဲလမ်းမိပါတယ်။ ဒါကြောင့် ဆရာ မြသန်းတင့် မေးတော့ ကျွန်တော်က သည်နှစ်အုပ်ကို အကြိုက်ဆုံးလို့ ဖြေခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်း ဆရာမြသန်းတင့် စာအုပ်ကို ပထမဆုံး ထုတ်ဖြစ်ဖို့ ကြုံလာတာက ပါရီကျဆုံးခန်း။ ပါရီကျဆုံးခန်းကို ဆရာက ပထမဆုံး မိုးဝေမဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့တာပါ။ ဘဝတက္ကသိုလ်က ပထမအကြိမ် ၁၉၈၂ ဒီဇင်ဘာလမှာ ပ၊ ဒု၊ တ သုံးတွဲ ထုတ်ဝေခဲ့ပါတယ်။ ပထမတွဲ တန်ဖိုး ၂၅ ကျပ်၊ ဒုတိယတွဲနှင့် တတိယတွဲ ၂၀ စီ။ ပထမတွဲ အဖုံးကို ပန်းချီစံတိုး၊ ဒုတိယတွဲ ပန်းချီတင်မောင်မျင့်နှင့် တတိယတွဲကို သူတို့ နှစ်ယောက်ပေါင်း ရေးဆွဲခဲ့တာပါ။ ပါရီကျဆုံးခန်းကို ယူကရိန်း ပြည်နယ်သား ရေဝတီ လူမျိုးဖြစ်ပြီး ငယ်စဉ်ကတည်းက ပါရီမှာ သာအနေများတဲ့ စာရေးဆရာ အီလျာအာရင်ဘတ်က ရေးသားခဲ့ပါတယ်။

အာရင်ဘတ်က . . .

ကျွန်တော့်ရဲ့ ဝတ္ထုမှာ ဇာတ်ဆောင်တွေ အများကြီးပါပေမယ့် ဇာတ်လိုက် တစ်ယောက်မှ မပါဘူးလို့ ဝေဖန်ရေးဆရာတစ်ယောက်က ရေးသွားတယ်။ ကျွန်တော့် အထင်ကို ပြောရမယ်ဆိုရင်တော့ ဒီဝတ္ထုရဲ့ ဇာတ်လိုက်ဟာ ပါရီမြို့ကြီးပါပဲလို့ ပြောခဲ့တယ်။ ပါရီ ကျဆုံးခန်းအကြောင်းကို ထားပါဦး။ တကယ်တော့လည်း ဘဝတက္ကသိုလ်ဆိုတဲ့စကားလုံး ကိုက ဆရာ့ရဲ့ ကျေးဇူးမကင်းဘူးလို့ ပြောပါရစေ။

နောက်တစ်ပုဒ်မှာ ဆရာ မြသန်းတင့်နှင့် ဘဝ တက္ကသိုလ်အကြောင်းဆက်ရေးပါဦးမယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။

နေဝင်း (ဘဝတက္ကသိုလ်)