News

POST TYPE

ARTICLE

အိပ်စက်နေတဲ့ သုညများ
18-Aug-2019


ကျွန်တော် ငွေကြေးအခက်အခဲနဲ့ ကြုံတွေ့ခဲ့ရတဲ့ နေ့ရက်တွေအများကြီးကို ဖြတ်သန်းခဲ့ရဖူးတယ်။ ခုထိလည်း ဖြတ်သန်းနေရတုန်းပါပဲ။ ဒါပေမဲ့ ဟိုအရင်ကလောက် မခက်ခဲတော့ ဘူးလို့ဆိုရမယ်။ မခက်ခဲတော့ဘူး ဆုံရုံလေးပါပဲ။ အရပ် ထဲပြောနေကြသလို မတ်တတ်စာရှိပေမယ့် တုံးလုံးစာတော့ မရှိဘူးပေါ့။ ကိုယ်တိုင်အသုံးစရိတ်အပြင် အိမ်ကိုပါ အနည်းငယ်တော့ ထောက်ပံ့နိုင်လာတယ်။ ကျောင်းဆရာတစ်ယောက်ရဲ့ လစာဟာ လူ့လောဘနဲ့ တွက်ဆရင် မလောက်ငသော်လည်း လူ့အဖြစ်မှာ ရောင့်ရဲတတ်ခြင်းဆိုတာ ရှိသင့်တဲ့အရာပဲ မဟုတ်လား။ ရရှိတဲ့လစာကို ချွေတာသုံးစွဲရတယ်ပဲဆိုပါတော့။ ကျွန်တော်ဟာ လစာထုတ်တိုင်း ငွေစက္ကူတွေကို ကြည့်ရင်း သတိထား မိတာတစ်ခုကတော့ ငွေစက္ကူပေါ်က သုညတွေပါပဲ။

ဟိုအရင်ငယ်စဉ်က သုညဆိုတာ ဘာမှမရှိတာ ကိုခေါ်တာ၊ သုညဆိုတာ ဘာတန်ဖိုးမှမရှိခြင်းကို ပြောတာလို့ နားလည်ထားခဲ့ပေမယ့် တကယ်တော့ သုည တွေဟာ သိပ်ကိုတန်ဖိုးကြီးမားလှတယ်ဆိုတာကို ငွေစက္ကူတွေနဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ကြားမှာ ကျွန်တော် တွေ့လာရတော့တယ်။ ကျွန်တော် လူ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းကို တစေ့တစောင်း အကဲခတ်စူးစမ်း တတ်လာတော့ လူတချို့က ငွေမှငွေ၊ ငွေဆိုတာ ဘဝမှာ အရေးအကြီးဆုံး၊ ငွေမျက်နှာကလွဲလို့ ဘာကိုမှ ကြည့် စရာမလို၊ အဲဒီလို ရူးသွပ်နေကြသူတွေကို တွေ့လာရတယ်။ တချို့က စကားပြောတတ်တဲ့ ပါးစပ်ပေါက်တွေကို ငွေနဲ့ပိတ်ကြတယ်။ တချို့က ထိုးလာတော့မယ့် လက်ညှိုးတွေကို ငွေနဲ့ ရုပ်သိမ်းစေလိုက်ကြတယ်။ တချို့ကလည်း နေရာနဲ့လုပ်ပိုင်ခွင့်တွေကို ငွေနဲ့ ရယူလိုက်ကြတယ်။ လူတွေဖန်တီးခဲ့တဲ့ငွေက လူတွေကိုပဲ ပြန်လည်လှည့်စားလာခဲ့ကြတော့တယ်။ အဲဒီလှည့်စားမှုတွေထဲမှာ အဲဒီသုညတွေရဲ့ ပယောဂတွေလည်း မကင်းဘူးလို့ ကျွန်တော်ထင်နေမိတယ်။

တကယ်တော့ အဲဒီသုညတွေဟာ ငွေစက္ကူတွေရဲ့ အပေါ်မှာ မဟုတ်ဘဲ တခြားတစ်နေရာရာမှာဆိုရင်ရော ဘယ်လိုအဓိပ္ပာယ်သက်ရောက်နေလိမ့်မလဲလို့ ကျွန်တော် တွေးနေမိတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကရော သုညတွေထဲမှာ ရှင်သန်နေထိုင်နေကြရတာ မဖြစ်နိုင်ဘူးလားလို့ ကျွန်တော် ဆက်တွေးမိတယ်။ သုညဆိုတာ အခြားသော ကိန်းဂဏန်းတွေကို တန်ဖိုး မြှင့်ပေးနေတဲ့ အဖြည့်ခံတစ်ခုအဖြစ်လည်း မှတ်ယူကြည့် လို့ မရဘူးလားလို့လည်း တွေးမိတယ်။ ဘာမှမရှိတဲ့ နေရာကနေ ဘာမှမရှိတဲ့နေရာတွေကို ရောက်ရှိကြဖို့ ကျွန်တော်တို့အနေနဲ့ သုညတွေကို ထမ်းပိုးထားကြဖို့ လိုအပ်နေပါလိမ့်ဦးမယ်။ ငွေစက္ကူတွေပေါ်က သုညတွေအဖြစ်နဲ့ဖြစ်စေ၊ တခြားသောကိန်းဂဏန်းတွေကို တန်ဖိုးမြှင့်တင်ပေးနေတဲ့ သုညတွေအဖြစ်နဲ့ ဖြစ်စေပေါ့၊ ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ သုညတွေကို ဆက်လက်သယ်ဆောင်သွားကြရဦးမှာပါပဲ။

ကျွန်တော် အဆိုလေးတစ်ခုကို သတိရနေမိတယ်။ “Zero is zero, going to zero.”တဲ့။ သုညဟာ သုညပဲဖြစ်တယ်၊ သုညဟာ သုညဆီကိုပဲ သွားနေတယ်။ အဲဒီသုညဟာ ကမ္ဘာလုံးကြီးလား။ အဲဒီသုည ဟာ စကြဝဠာကြီးလား။ အဲဒီသုညဟာ သက်ရှိတွေလား။ အဲဒီသုညဟာ ကျွန်တော်တို့ရဲ့ ဘဝတွေလား။ အဲဒီသုညဟာ ငွေစက္ကူတွေလား။ အဲဒီသုညဟာ ကျွန်တော်တို့ နေ့စဉ်ရက်ဆက်မက်နေခဲ့ကြတဲ့ အိပ်မက်တွေများလား။ တစ်ခုခုတော့ ဖြစ်နိုင်တာပဲလေ။ ကျွန်တော်ကိုယ်တိုင်က အဆုံးမှာ သုညတစ်လုံးဖြစ်သွားခဲ့တဲ့အခါ အဲဒီသုညရဲ့ အဓိပ္ပာယ်တွေကို နားလည်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်နေမိပါတယ်။ တချို့သော အကြောင်းခြင်းရာတွေဟာ ကိုယ်တိုင်တွေ့ ကြုံခံစားဖူးမှ နားလည်လက်ခံ သိရှိလာရတာမျိုး မဟုတ်လား။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ ကိုယ်တိုင် သုညတစ်လုံးရဲ့နေရာမှာ ရောက်ရှိသွားကြဖို့ လိုအပ်နေခဲ့ကြလိမ့်မယ်ထင်ပါတယ်။

လပြည့်ည ရာသီဥတု သာသာယာယာရှိတဲ့ အချိန် လမင်းကြီးကို မော့ကြည့်တဲ့အခါ လမင်းကြီးဟာ သုညပဲ။ ညချမ်းအခါ ဟိုးမိုးပေါ်က ကြယ်ကလေးတွေကို မော့ကြည့်မိတဲ့အခါ ကြယ်ကလေးတွေဟာ သိပ်ကိုသနားစရာကောင်းတဲ့ သုညလေးတွေပါပဲ။ တောင်စွယ်နေမကွယ်ခင် နေလုံးနီနီကြီးကို ငေးရီမိတဲ့ အခါ နေလုံးကြီးဟာ သုညပဲ။ သဘာဝတရားကြီးဟာ သုည။ အရာရာဟာ သုည။ အဆုံးမှာ သုညထဲ ပြန်ဝင် သွားတဲ့ သုညတွေပဲ။ ကျွန်တော် တွေးနေမိတာပါ။ သုညတွေနဲ့ ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဘယ်လိုမှ ခွဲခြားထားလို့ မရနိုင်ဘူး။ အဲဒီသုညတွေနဲ့ ကျွန်တော်တို့ဟာ အမြဲလက်ပွန်းတတီး ရှိနေခဲ့လည်း မကောင်းပြန်ဘူး။ ဒါဆို သုညဟာ မရှိမကောင်း၊ ရှိမကောင်းလား။ သေချာတာကတော့ သုညတွေဟာ ဟောဒီကမ္ဘာ လောကကြီးထဲမှာ အသေအချာ တည်ရှိနေခဲ့ကြတယ် ဆိုတာပါပဲ။

ကျွန်တော့်အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ တိုင်ကပ် နာရီတစ်လုံးထဲမှာ လက်ယာယက်ရွေ့လျားနေကြတဲ့ နာရီလက်တံသုံးချောင်းကိုကြည့်ရင်း အဲဒီလက်တံ လေးတွေဟာ သုညတစ်လုံးကို သူတို့ရဲ့ဘာသာစကားတွေနဲ့ ရေးဆွဲနေခဲ့ကြတာပဲလို့ ကျွန်တော်တွေးထင် မြင်နေမိပါတယ်။ အဲဒီသုံးချောင်းထဲမှာ စက္ကန့်အချက်ပြလက်တံလေးက သုညတစ်လုံးကို ခပ်မြန်မြန်ရေးဆွဲနေခဲ့တယ်။ မိနစ်လက်တံလေးကတော့ ခပ်နှေးနှေး လေးဆိုသလို သုညတစ်လုံးကို ရေးဆွဲနေခဲ့ပြီး အတိုဆုံးနာရီအချက်ပြလက်တံလေးကတော့ သုညလေးကို အနှေးဆုံးရေးဆွဲနေခဲ့ပါတယ်။

ဒါဟာ ကျွန်တော့်စိတ်အာရုံရဲ့ ထင်မြင်နေချက်ပါပဲ။ ကျွန်တော်ဟာ စက္ကန့်လက်တံလေးကို လူ့သက်တမ်းရဲ့ ပထမအရွယ်အဖြစ် သတ်မှတ်ကြည့်လိုက်တယ်။ မိနစ်လက်တံလေးကိုတော့ ဒုတိယအရွယ်လို့ သတ်မှတ်လိုက်တယ်။ အတိုဆုံးနာရီလက်တံလေးကိုတော့ လူ့သက် တမ်းရဲ့ တတိယအရွယ်လို့ သတ်မှတ်ကြည့်လိုက်ပါ တယ်။ တိုင်ကပ်နာရီလေး ဓာတ်ခဲကုန်လို့ နာရီလက်တံ လေး ၃ ခုဟာ ရပ်တန့်သွားခဲ့ရင်တော့ အဲဒါကို ကျွန်တော်က လူ့သက်တမ်းရဲ့ စတုတ္ထအရွယ်အဖြစ် သတ်မှတ်ကြည့် လိုက်ပါတယ်။ အဲဒီလို နာရီလေးဟာ ဓာတ်ခဲအားကုန်နေတဲ့အခါ အလွန်ပီပြင်ထင်ရှားလှတဲ့ သုညတစ်လုံးရဲ့ ပုံပန်းသဏ္ဌာန်ကို ကျွန်တော့်စိတ်ရဲ့အာရုံမှာ ထင်ဟပ် လာခဲ့တော့တယ်။ သိပ်ချစ်စရာကောင်းတဲ့ သုညလေးတွေပဲ။

ကျွန်တော် သုညတွေအကြောင်းကိုတွေးရင်း ကျွန်တော့်မျက်လုံးထဲ သုညတွေကိုပဲ မြင်နေမိပါတော့တယ်။ ခက်ပြီ။ ကျွန်တော် တွေ့သမျှလူတိုင်းကို သုညလို့မြင်နေမိတယ်။ ကျွန်တော့်ရှေ့က ခေါင်းပေါင်းနဲ့ဖြတ် လျှောက်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သုညကြီး ဖြစ်နေပါလား။ ဟင် ပခုံးတွေ၊ ရင်ဘတ်တွေမှာ အပွင့် တွေ အခက်တွေနဲ့ ပုဂ္ဂိုလ်ကြီးဟာလည်း သုညကြီးပါလား။ ရပ်ကွက်ထဲက ငွေတိုးချေးစားနေတဲ့ ကတ်ကတ်လန်အန်တီကြီးလည်း ကျွန်တော့်အမြင်အာရုံထဲ သုည ကြီးဖြစ်နေပြီ။ ဟောဟိုမှာ အိမ်ခြံမြေတွေလက်ညှိုးထိုးမလွဲပိုင်ဆိုင်ထားတဲ့ သူဌေးကြီးဟာလည်း ကျွန်တော့်မျက်လုံးထဲ သုညကြီး။ ကျွန်တော့်အိတ်ကပ်ထဲက ငါးရာတန်ငွေစက္ကူတစ်ရွက်ဟာလည်း သုညကြီး။ ကျွန်တော်ဟာ အရာရာကို သုညအဖြစ်မြင်နေမိတာ ဘာကြောင့်များပါလိမ့်။ အဲဒီသုညတွေဟာ ကျွန်တော့်ရဲ့ အိပ်စက်ချိန်တွေကိုပါ နေရာယူနေခဲ့ကြပြီ။ ကျွန်တော် မက်သမျှအိပ်မက်တွေတိုင်းမှာ အဲဒီသုညတွေချည်းပဲ။ ကြာလာတော့ ကျွန်တော်ဟာ သုညတွေကို ကြောက်လာတယ်။ သုညတွေကို လန့်လာတယ်။ ဟောဒီကမ္ဘာ လောကကြီးပေါ်မှာ အရာရာဟာ သုညတွေချည်းပဲလား။ ကျွန်တော်ဟာ နေ့စဉ်နဲ့အမျှ အဲဒီသုညတွေနဲ့ပဲ ထိတွေ့ဆက်ဆံနေခဲ့ရတော့မှာလား။ 

ကျွန်တော် တစ်ခုခုလုပ်မှရတော့မယ်။ သုညတွေဟာ ကျွန်တော့်ရဲ့အမြင်အာရုံတွေထဲက ကွယ်ပျောက်သွားဖို့ လိုအပ်နေခဲ့ပြီ။ ကျွန်တော့် ဝင်သက်ထွက်သက်တွေကို ဂရုတစိုက် ကျွန်တော် ရှူထုတ်နေလိုက်တယ်။ ကျွန်တော် မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ သုညတွေဟာ ကျွန်တော့်အာရုံတွေထဲက တရွေ့ရွေ့ထွက်ခွာနေခဲ့ကြပြီ။ သုညတွေဟာ မရှိသလောက်ဖြစ်လာခဲ့ပြီ။ ကျွန်တော်မျက်လုံးကို ဖွင့်လိုက်ပါတယ်။ လောကကို ပကတိအတိုင်း ကျွန်တော်မြင်နေရပြီ။ 

ကျွန်တော်ဟာ အရာရာကို ပုံမှန်အတိုင်းမြင်တွေ့နေလာရပေမယ့် ကမ္ဘာကြီးပေါ်မှာ သုညတွေဟာ ရှိမြဲအတိုင်း ရှိနေကြလိမ့်ဦးမယ် ဆိုတာကိုတော့ ကျွန်တော်သိနေခဲ့ပါတယ်။ ကျွန်တော်ဟာ တစ်ခုတော့ သတိထားနေရလိမ့်မယ်။ အဲဒီ ငွေစက္ကူတွေပေါ်က သုညတွေကို မကြည့်မိဖို့နဲ့ အဲဒီသုညတွေအကြောင်း အတွေးနယ်မချဲ့မိဖို့ပေါ့။

ဧရာသစ္စာ (ငဖဲ)