News

POST TYPE

ARTICLE

ကယားရိုးရာ တံခွန်တိုင် (ခေါ်) ကေ့ထျိုးဘိုးပွဲတော်မှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံသလား
02-Aug-2019
တိုင်းရင်းသားများတွင် ရိုးရာဓလေ့ကိုယ်စီနှင့် အထွတ်အမြတ်ထားရသည့် ပွဲတော်များ၊ ကိုးကွယ်ရာ ဘာသာများရှိကြသည်။ ကယားလူမျိုးတို့တွင် ရိုးရာကို ကိုးကွယ်ကြသူများရှိကြသလို ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း ရှိကြသည်။

ကယားရိုးရာကို ကိုးကွယ်သည့် ကယားလူမျိုးများ အလေးထားရသည့် ပွဲတော်တစ်ခုမှာ တံခွန်တိုင် (ခေါ်) ကေ့ထျိုးဘိုးပွဲဖြစ်ပြီး ကယားတို့၏ “ကမ္ဘာဦး အစ ကိုးကွယ်ရာအရှင်”ဟု ယုံကြည်ကာ ကျင်းပလေ့ရှိကြသည်။

ပွဲတော်ကို ပြည်နယ်၊ တိုက်နယ်နှင့် ကျေးရွာအလိုက် အဆင့်ဆင့်ပြုလုပ်ကြသည်။

“ကေ့”ဆိုသည်မှာ တိုင်းပြည်ဖြစ်ပြီး “ထျိုး”မှာ ဖြစ်မြောက်ခြင်း၊ “ဘိုး”မှာ တိုင်တော်ဖြစ်သည်။ ထို့ကြောင့် “တိုင်းပြည်ဖြစ်မြောက်ခြင်းတိုင်တော်”ဟု အဓိပ္ပာယ်ရပြီး စပါးဆန်ရေ ပေါကြွယ်ဝခြင်းအတွက် ဖန်ဆင်းရှင်ဘုရားကို ပူဇော်ပသသည့်ပွဲတော်ဖြစ်သည်ဟု ကယားတံခွန်တိုင်ဖြစ်မြောက်ရေးနာယက ဦး(ခူး)လိရယ်က ပြောသည်။

“ကျွန်တော်တို့ကို ကမ္ဘာဦးအစ ဖန်ဆင်းရှင်က သစ်ပင်တွေကို ဖန်ဆင်းပေးခဲ့တယ်။ အင်၊ သပြေနဲ့ ကျွန်းပေါ့၊ ဒီသုံးမျိုးထဲက တစ်မျိုးမျိုးကိုပဲ တိုင်တော်အဖြစ် သုံးပါတယ်”

ကေ့ထျိုးဘိုးတွင် သုံးမျိုးသုံးစားရှိပြီး ၎င်းမှာ “အဖို”၊ “အမ”နှင့် “အနှံ”တို့ဖြစ်သည်။ အဖိုမှာ တိုင်တော် ပေ ၂၀ မှ ၂၀ ကျော်အထိရှိပြီး အမမှာ ၂၅ ပေသာရှိကာ အနှံမှာ အသေးဆုံးဖြစ်သလို အနှံကိုတော့ သီးနှံများ စိုက်ပျိုးပြီးချိန်မှသာ စိုက်ထူကြသည်။

အဖို၊ အမ စိုက်ထူသည့်အချိန်ကာလမှာ တစ်နေရာနှင့် တစ်နေရာမတူဘဲ နှစ်အလိုက် ကြားညှပ်ပြီး စိုက်ထူလေ့ရှိကာ နှစ်စဉ်နှစ်တိုင်း ပြည်နယ်လုံးဆိုင်ရာ တံခွန်တိုင်ပွဲတော်ကို ဧပြီလဆန်းပိုင်းလောက်တွင် ကျင်းပကြသည်။ တိုက်နယ်နှင့် ကျေးရွာအဆင့်ကိုတော့ ဧပြီလ တစ်လလုံးတွင် ကျင်းပခွင့်ရှိသည်။

ပွဲလုပ်မည့် နေ့ကောင်းနေ့မြတ် ရွေးချယ်ရာတွင် ကြက်ရိုးဗေဒင်တွက်ချက်ကာ တိုင်ထုတ်မည့်ရက် တိုင်ထူမည့်ရက်နှင့် တိုင်အမျိုးအစားကို ရွေးချယ်ရသည်ဟု ဦး(ခူး)လိရယ်က ပြောသည်။

“အရင်ဆုံး အဘိုးတို့က ကြက်ရိုးထိုးဗေဒင် တွက်တယ်၊ နေ့ကောင်းနေ့မြတ်နဲ့ တိုင်အမျိုးအစားအတွက်ပေါ့။ တံခွန်တိုင်ရဲ့ အကြီးအကဲအုပ်ချုပ်သူ (အီလူး ဘျာစယ်)နဲ့ နောက်လိုက်တွေက တောထဲမှာ တံခွန်တိုင်ကို အရှာထွက်ရတယ်။ တွေ့ပြီဆိုတာနဲ့ ရွာထဲကို ပြန်လာအကြောင်းကြားရတယ်”

အမျိုးသား (ယောက်ျား)များသာ တောထဲသို့ အပင်ခုတ်ရန် သွားခွင့်ရှိပြီး အမျိုးသမီး (မိန်းမ)များမှာ လိုက်သွားခြင်းမပြုရဘဲ အိမ်မှာသာ ချက်ပြုတ်ကြကာ အမျိုးသားများအတွက် အပြန်လမ်းတွင် ထမင်းထုပ်ဝေခြင်းကိုသာ ပြုလုပ်ရသည်ဟု ဆိုသည်။

ဦးစွာ အပင်မခုတ်မီ တောတောင်ရေမြေကို ပိုင်သောနတ်ဘုရားကို ဖယောင်းတိုင်မီးနှင့် ကန်တော့ပူဇော်ပသကြပြီး တံခွန်တိုင်၏ အကြီးအကဲသည် စတိသဘောဖြင့် ခုတ်လှဲပေးရကာ နောက်လိုက်များက အပြီးခုတ်လှဲပေးရသည်။

လဲကျသွားသော အပင်ခြေရင်းတွင် ညီညာဖြောင့်ဖြူးမှသာလျှင် တံခွန်တိုင်အဖြစ် ရွေးချယ်သည်။ ခုတ်လှဲပြီးသောအပင်ကို နွယ်ကြိုး၊ ဝါးနှီးများနှင့်ချည်ပြီး မော်တော်ယာဉ်ဖြင့် သယ်ယူခြင်းမပြုလုပ်ဘဲ ထမ်းပြန်ရသည်ဟု ဦး(ခူး)လိရယ်က ဆိုသည်။

“တံခွန်တိုင်တော်ကို သံကြိုးနဲ့ မချည်ရဘူး၊ ချည်ရင် သူ့ကိုချည်နှောင်ထားတယ်လို့ သဘောသက် ရောက်တယ်။ အကောင်းဆုံးကတော့ လျှော်ကြိုးတွေနဲ့ချည်ပြီး ထမ်းပြန်ရတယ်။ ခုခေတ်ကတော့ တောနက်သွားပြီဆိုတော့ လမ်းတစ်ဝက်ကို လူထမ်းပြီးနောက် တစ်ဝက်ကိုတော့ ကားနဲ့ ရွာအထိ သယ်လာကြပါပြီ”

ကယားအမျိုးသမီးများသည် ရွာအဝင် လမ်းခုလတ်တွင် သပြေခက်လေးများနှင့် စောင့်ကြိုနေကာ ရေဖြင့် ပက်ဖျန်းပေးကြသည်။ ထို့အပြင် တံခွန်တိုင် ထမ်း ပြန်လာသော အမျိုးသားများကိုလည်း ရေဖြင့်ပက်ကြရသည်ဟု ဦး(ခူး)လိရယ်က ပြောသည်။

“အမျိုးသမီးတွေက မထိရ မကိုင်ရဘူး၊ ရေနဲ့ ပက်ဖျန်းပေးတာ တစ်ခုတည်းပဲ လုပ်ရတယ်”

တံခွန်တိုင်အထီး တိုင်ထောင်ရမည့်အချိန်တွင် ထိုတိုင်ပေါ်တွင် ချည်ရမည့် ချည်ထည်များကို အမျိုးသမီးများကသာ ရက်ကန်း ရက်ပေးရသည်ဟု ဆိုသည်။ ဆွေမျိုး၊ ရပ်နီးရပ်ဝေး ဧည့်သည်တော်များကိုလည်း ဖိတ်ကြားကာ အမျိုးသမီးများ ချက်ထားသည့် ခေါင်ရည်နှင့် ထမင်းဟင်းများဖြင့် ဧည့်ခံကြသည်။

တံခွန်တိုင်ကို ရွာထဲရှိ တံခွန်တိုင်ကွင်းထဲတွင် အမျိုးသားများက ရိုးရာဓလေ့ဖြင့် ကြက်၊ ဝက်တို့ကို ပူဇော် ပသကြကာ ဗုံမောင်းတို့ဖြင့် ဂါရဝပြုကြသည်။

တံခွန်တိုင်တည်ထားသော ကွင်းထဲသို့ အမျိုးသမီးများ ဝင်ခွင့်ရသော်လည်း ဖိနပ်ချွတ်ပြီး တံခွန်တိုင်ကို ရေနှင့်ပက်ဖျန်းရသည်။ တံခွန်တိုင်ကို ဂါရဝပြုသည့်အချိန်တွင် အမျိုးသားများက ကွင်းထဲတွင် ဂါရဝပြုခွင့်ရပြီး အမျိုးသမီးများက အပြင်မှာသာ နေရသည်။ သို့သော် ထိုအတွက် စိတ်တွင် သိမ်ငယ်မှုမရှိကြောင်း ပြည်နယ်အဆင့် ကယားတံခွန်တိုင်အမျိုးသမီး (မော်မား)အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်(မော်)ပလျားမြာက ပြောသည်။

“အထဲကို ဝင်ခွင့်မရကောင်းလားဆိုပြီး ကျွန်မတို့တွေက မပြောဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ အထွတ်အမြတ်ထားရတဲ့ဘုရားကို ရိုသေသမှုပြုတဲ့အနေနဲ့ အပြင်မှာပဲနေရတာ ကျေနပ်တယ်”

ထို့အပြင် ဂါရဝပြုပြီး ဗုံမောင်းတီးနေသည့်အချိန်တွင် အမျိုးသားများက ဘယ်ညာယိမ်းကနေချိန်တွင် အမျိုးသမီးများက အမျိုးသားများနှင့်တန်းတူ တစ်ပြိုင်တည်း ဂါရဝပြုခွင့်မရှိဟုလည်း ဆိုသည်။ သို့သော် ယခုအချိန်တွင် အပြင်မှနေ၍ အမျိုးသမီးများလည်း တခြားအကများနှင့် ကပြီး ဂါရဝပြုခွင့်ရှိလာပြီဟု သူမက ဆိုသည်။

“အခုနှစ်တွေမှာဆိုရင် အဒေါ်တို့က ကွင်းရဲ့အပြင်ဘက်မှာ ဝိုင်းကြပြီး ဗုံမောင်းမဟုတ်ဘဲနဲ့ ရိုးရာသီချင်းတွေနဲ့ ကိုယ့်ဘာသာကိုယ် ဂါရဝပြုကြတယ်”

တံခွန်တိုင်ဆိုသည်မှာ ကယားတို့၏ ရိုးရာဆိုသော်လည်း အထွတ်အမြတ်ထားရသည့် ဘုရားဖြစ်သည့်အတွက် ဂါရဝပြုသည့်အချိန်တွင် အမျိုးသမီးများက အပြင်တွင် နေရခြင်းဖြစ်သည်ဟု ဒေါ်(မော်)ပလျားမြာက ဆိုသည်။

“ယောက်ျားဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် နဂိုကတည်းက ပိုမြတ်တယ်၊ အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် နည်းနည်းတော့ ပိုနိမ့်ကျတာပေါ့၊ ဘုန်းနိမ့်တယ်လို့ ပြောရမှာပေါ့။ အဲဒီအထွတ်အမြတ်ထားတဲ့ ဘုရားတည်တဲ့နေရာကို အမျိုးသားတွေကသာ အထဲမှာနေရတယ်။ အမျိုးသမီးတွေကျတော့ ရေပဲပက်ဖျန်းပေးရတာပေါ့”

ရှေးယခင်ကပင် ကယားတို့သည် တောတောင်၊ ရေမြေကို ကိုးကွယ်ယုံကြည်ကြပြီး အလုပ်တစ်ခု စတင်ဖို့ရန်အတွက် ဦးစွာ တောတောင်ရေမြေများကို ပူဇော်ပသကြသည့် ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်ကြသလို အချို့ကန့်သတ်ချက်များမှာလည်း ရှေးယခင်က အမြင်ဗဟုသုတ နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကယားရိုးရာအစဉ်အလာများကို ထိန်းသိမ်းရာတွင် လူသိများသည့်နေရာတစ်ခုဖြစ်သည့် ဖရူဆိုမြို့နယ်၊ ကေးလျားရွာမှ ကယားအမျိုးသမီးလူငယ် တစ်ဦးဖြစ်သူ မ(မော်)ရှားမာက ပြောသည်။

“အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင် တော တောင်ရေမြေကို အစာကျွေးတယ်၊ ကိုးကွယ်တယ်၊ ယုံကြည်ကိုးစားတယ်။ အမျိုးသမီးတွေ ရာသီလာတာကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံတယ်၊ ဘုန်းနိမ့်တယ်၊ ကံနိမ့်တယ်လို့ ပြောကြတယ်”

ရှေးလူကြီးများ ပြောခဲ့သော စကားများကို ခိုင်မာစွာ ယုံကြည်သက်ဝင်ကြပြီး အမျိုးသမီးများသည် အိမ်မှုကိစ္စများနှင့် ဧည့်ခံကျွေးမွေးသော အလုပ်ဟူသမျှ တာဝန်ယူရမည်ဆိုသည်ကို ယခုအချိန်ထိ အရိုးစွဲနေဆဲဖြစ်သည်ဟု မော်ရှားမာက ပြောပြသည်။

တံခွန်တိုင်ပွဲတော်သည် ရိုးရာအဖြစ် ဘိုးဘွားအစဉ်အဆက် ပြုလုပ်လာသည့် ပွဲတော်ဖြစ်သော်လည်း ရိုးရာဓလေ့ထက် ပိုပြီးအဆင့်မြင့်သည်ဟု ဆိုကြသည်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီဒုက္ခသည်စခန်းတွင် တံခွန်တိုင်ပွဲတော်ကို အမျိုးသမီးများက အမျိုးသားများနှင့်အတူ ဂါရဝပြုခွင့်ရှိသော်လည်း ပြည်တွင်းမှာတော့ အချို့နေရာများမှာ အမျိုးသမီးများ ပါဝင်ခွင့်ရပြီး အချို့နေရာများတွင်တော့ ပါဝင်ခွင့်မရသေးပါဟု ကရင်နီအမျိုးသမီးအစည်းအရုံးမှ မမီးမီးက ပြောသည်။

“တံခွန်တိုင်ကြီးကို ထောင်လိုက်တယ်ဆိုတာက ကိုယ့်ဒေသရဲ့အလံပုံစံဖြစ်တယ်၊ ဒီပြည်ကြီးကို ပိုင်ဆိုင်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ နောက်ပြီး တံခွန်တိုင်မှာ ကုက္ကိုင်းဆိုတာရှိတယ်၊ အဲဒါက ကယားတို့ဟာ မြစ်ချောင်း၊ အင်းအိုင်၊ နယ်မြေ၊ သဘာဝ သယံဇာတတွေ ပိုင်တယ်ဆိုပြီး အဲဒီလို အဆင့်မြင့်တဲ့ ယူဆချက်၊ ယုံကြည်ချက်တွေ ရှိကြတယ်”

တံခွန်တိုင်ကို ဂါရဝပြုရခြင်းအကြောင်းရင်းမှာ ကျန်းမာချမ်းသာသော ဆုလာဘ်ကို ရယူလိုသောကြောင့်ဖြစ်ပြီး အမျိုးသမီးများသည်လည်း ကျန်းမာချမ်းသာသောဆုလာဘ်ကို အမျိုးသားများနည်းတူ ရယူလိုသောဆန္ဒရှိကြသည်။

ထိုသို့ ဂါရဝပြုခွင့်မရသဖြင့် အမျိုးသမီးများအနေနှင့် စိတ်မကောင်းဖြစ်ကြသည်ဟု မမီးမီးက ဆိုပါသည်။

“အမျိုးသမီးတွေကို ပေးမဝင်ဘူးဆိုတာက ခွဲခြားမှုတစ်ခုပဲဖြစ်တယ်၊ ပေးမဝင်ခြင်းဟာ ယုံကြည်ကိုးကွယ်မှုကို ဟန့်တားတာနဲ့အတူတူပဲ။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အမျိုးသမီးတွေမှာလည်း ယုံကြည်ချင်တယ်၊ ပူဇော်ပသချင်တယ်၊ ဂါရဝပြုချင်တယ်”

ယခုလိုအချိန်တွင် အမျိုးသမီးများကိုယ်တိုင်ကလည်း ဂါရဝပြုခွင့်ရလာအောင် ကြိုးစားလုပ်ဆောင်သင့်ပြီး ရိုးရာအရ မဝင်သင့်ဆိုသည်ကို လက်ခံထားပါက အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုတစ်ခုကို ခွင့်ပြုနေသည့်သဘောဖြစ်သွားပြီဟု သူမက ဆက်လက် ပြောဆိုသည်။

“အမျိုးသမီးဆိုတာက တံခွန်တိုင်ဝင်းထဲမှာ ကရိုးထုံးစံမရှိဘူး၊ ဘုန်းနိမ့်တယ်လို့တော့ မဟုတ်ဘူးပေါ့။ မသင့်တော်ဘူးလို့ ပြောကြတယ်။ အမျိုးသားတွေကပဲ ဂါရဝပြုကြရမယ်ဆိုတာက ရိုးရာအစဉ်အလာဖြစ်နေပြီလေ”ဟု ကေးလျားရွာမှ ကယားအမျိုးသား လူငယ်တစ်ဦးဖြစ်သည့် “လိရယ်အန်းဂျလို”က ပြောသည်။

တံခွန်တိုင်စိုက်ထူပြီး အမျိုးသားများ ဆုတောင်းဂါရဝပြုပြီးချိန် နောက်ဆုံးမှ အမျိုးသမီးများက မိသားစု အိမ်သူအိမ်သားများအားလုံးအတွက် လိပ်ပြာခေါ် (ဆုတောင်းပေးခြင်း) ပြုလုပ်ပေးရသည်ဟု ချိကယ် ထေးသမရွာနေ ဒေါ်(မော်)ဆူမြာက ဆိုသည်။

“အမျိုးသားတွေ၊ အိမ်သားတွေ တံခွန်တိုင် ခုတ်သွားနေချိန် ကောင်းမွန်စွာ အိမ်ပြန်လာနိုင်ဖို့၊ တံခွန်တိုင်ထူပြီး ပူဇော်ပသခြင်းအမှုအတွက် ရပ်ဝေး ရပ်နီး ဆွေမျိုးမိသားစုများရဲ့ တစ်ယောက်ချင်းနာမည်ကို အမျိုးသမီးတွေက ခေါ်ပေးရတယ်။ ကျန်းကျန်းမာမာနဲ့ ဒီထက် ဆတက်ထမ်းပိုးတိုး ကောင်းချီးတွေရဖို့ ဆုတောင်းတဲ့သဘောဖြစ်တယ်”

ဘုရားစေတီပုထိုးပေါ် အမျိုးသမီးများ မတက်ရဆိုသော စည်းကမ်းအတိုင်းပင် ကယားတို့ တံခွန်တိုင်ကွင်းထဲ အမျိုးသမီးများ မဝင်ရ၊ အမျိုးသားများနှင့်အတူ ဂါရဝမပြုရဆိုသော ပညတ်ချက်သည်လည်း ကယားအမျိုးသမီးများကို နှိမ့်ချလိုသောသဘော မဟုတ်ပါဟု ဒေါ်(မော်)ဆူမြာက သူမ၏ယုံကြည်မှုကို အခိုင်အမာ ဆက်ပြောသည်။

“ဒါဟာ ကျွန်မတို့ ကယားဓလေ့ထုံးစံပဲဖြစ်တယ်”

ကောကော်/Honest Information