News

POST TYPE

ARTICLE

ဖိလစ်ပိုင် သက်တမ်းဝက် ရွေးကောက်ပွဲများတွင် ဒူတာတေးအာဏာကို ဆက်လက်ထိန်းသိမ်း
22-May-2019

မနီလာ၊ မေ ၂၂

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ယခင်အပတ်က ကျင်းပသော သက်တမ်းဝက် ရွေးကောက်ပွဲများတွင် သိသာထင်ရှားစွာ ထောက်ခံမှုရရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့က တရားဝင်ရလဒ်များအရ ဒူတာတေးနှင့် မဟာမိတ်များသည် ၎င်းတို့၏ အငြင်းပွားဖွယ် မူဝါဒများအပေါ် တုံ့ပြန်ထိန်းညှိမှု ပြုလုပ်နေသော ဆီးနိတ်လွှတ်တော်ကို ယခုအခါ ထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။

ထို့အတွက် ဒူတာတေးသည် ဖက်ဒရယ်ပြည်နယ်များကို အခွင့်အာဏာပိုပေးရန် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သေဒဏ်ပြန်လည်ကျင့်သုံးရေး အပါအဝင် ၎င်း၏အစီအစဉ်များကို တွန်းအားပေးနိုင်မည့် အာဏာကို ရရှိသွားပြီဖြစ်သည်။ ထို့ပြင် အုပ်ချုပ်မှုအလွှာရှိ ၎င်း၏မိသားစုဝင်များကိုလည်း အခြေခိုင်သွားစေမည်ဖြစ်သည်။

ဒူတာတေးသည် ၎င်း၏ ရက်စက်သော မူးယစ်ဆေးဝါး နှိမ်နင်းမှုများကြောင့် လူ့အခွင့်အရေးအုပ်စုများ၏ ပြစ်တင်ဝေဖန်မှုကို ခံရသော်လည်း ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် လူကြိုက်များနေဆဲဖြစ်သည်။

မေလ ၁၃ ရက် ရွေးကောက်ပွဲတွင် နေရာပေါင်း ၁၈,ဝ၀၀ ခန့်အတွက် ယှဉ်ပြိုင်ကြသော်လည်း အများစုစောင့်ကြည့်ကြသောပွဲမှာ အထက်လွှတ်တော်အမတ် ၂၄ နေရာအနက်မှ ၁၂ နေရာ ရွေးချယ်သော ယှဉ်ပြိုင်မှုများဖြစ်သည်။

အဆိုပါ ၁၂ နေရာအနက် ဒူတာတေးလိုလားသူများက ၉ နေရာ အနိုင်ရခဲ့ပြီး ကျန် ၃ နေရာကို တစ်သီးပုဂ္ဂလများက အနိုင်ရခဲ့သည်။ အတိုက်အခံများက တစ်နေရာမှ မရခဲ့ပေ။

လူပေါင်းထောင်ချီ သေဆုံးခဲ့ရသော ဒူတာတေး၏ မူးယစ်ဆေးဝါးစစ်ပွဲကို ကြီးကြပ်ခဲ့သူမှာ ဆီးနိတ်အတွက် ရွေးချယ်ခံရသော ဒူတာတေး၏ မဟာမိတ်အမတ်များထဲတွင် ပါဝင်ခဲ့သည်။

မူးယစ်ဆေးနှိမ်နင်းရေး လူသတ်ပွဲများကို ကြီးကြပ်ခဲ့သော ယခင်ရဲချုပ် ရော်နယ်ဒီလာရိုဆာသည် ဆီးနိတ်အမတ် ဖြစ်သွားသောကြောင့် ဥပဒေ အကာအကွယ် ရသွားမည့်အရေးကို လူ့အခွင့်အရေး လှုပ်ရှားသူများက စိုးရိမ်နေကြသည်။

အခြားရွေးချယ်ခံရသော ဆီးနိတ်အမတ်များထဲတွင် ကွယ်လွန်သူ အာဏာရှင် ဖာဒီနန်မားကို့စ်၏သမီးဖြစ်သူနှင့် ဖိလစ်ပိုင်၏ အကြွယ်ဝဆုံး သူဌေးကတော်တစ်ဦးတို့လည်း ပါဝင်သည်။

အတိုက်အခံများမှာမူ ၂၀၂၂ တွင် ကျင်းပမည့် အခြားဆီးနိတ်အမတ် ၁၂ နေရာအနက်မှ အနည်းစုအချိုးကိုသာ ရရှိထားကြသည်။ ထိုအခြေအနေသည် ဒူတာတေးနှင့် မဟာမိတ်များ၏ လက်ထဲသို့ ဆီးနိတ်လွှတ်တော် လုံးလုံးလျားလျား ကျရောက်သွားခြင်းကို ညွှန်ပြနေသည်။

F-04