News

POST TYPE

ARTICLE

တပ်မတော်၏ တရားစွဲဆိုမှု ကန့်ကွက်သည့် Blue Shirt ကမ်ပိန်း ပြုလုပ်မည်
16-May-2019
ရန်ကုန်၊ မေ ၁၅

တပ်မတော်အနေနှင့် လက်တလော ကာလအတွင်း ဝေဖန်ပြောဆိုသူများကို တရားစွဲဆိုမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်နေခြင်းကို ကန့်ကွက်သည့် အနေနှင့် အရပ်ဘက်အဖွဲ့များက အပြာရောင် ရှပ်အင်္ကျီများ ဝတ်ဆင်သည့်လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းလှုပ်ရှားမှု စီစဉ်နေသူများထံမှ သိရသည်။

မေလ ၁၄ ရက်နေ့ကလည်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၅ ဖွဲ့ ပါဝင်သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံပေးပို့ကာ တရားစွဲဆိုမှုများကို ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုမှုအပြင် တရားစွဲဆိုခံရသူများ၏ တရားရုံး ရုံးထုတ်များတွင် အပြာရောင် တီရှပ်များ ဝတ်ဆင်ကာ Blue Shirt ကမ်ပိန်းများ လုပ်ဆောင်ကာ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးရေး တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သည့်အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့) မှ ကဗျာဆရာ မောင်ဆောင်းခက ပြောသည်။

“တပ်မတော်အနေနဲ့ နောက်ပိုင်းမှာ သဘောထား တော်တော်ကြီးကို မကြီးတော့ဘူးလို့ မြင်တယ်ဗျာ။ တစ်ခုခုဆိုရင် ဆတ်ဆတ်ထိမခံ ဖြစ်ပြီးတော့ တရားစွဲတဲ့ နည်းလမ်းကို ထုတ်သုံးတာတွေ့ရတယ် အမှန်တကယ်ကတော့ ဒီလိုဝေဖန်ပြောဆိုမှုတာကို တပ်မတော်လို အဖွဲ့အစည်းအနေနဲ့ လူထုရဲ့ ဒီလိုဝေဖန်ပြောဆိုမှုကို တရားစွဲတာမျိုး မလုပ်သင့်ဘူးလို့ မြင်တယ်”ဟု ၎င်းကဆိုသည်။

လာမည့် မေလ ၁၇ ရက်နေ့တွင် တပ်မတော်က တရားစွဲခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ တရားရုံးထုတ်ရှိပြီး အဆိုပါရုံးထုတ်တွင် Blue Shirt ကမ်ပိန်းကိုစတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

တပ်မတော်အနေနှင့် လက်ရှိအချိန်ထိ တရားစွဲဆိုမှုများအနေနှင့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ၊ ဧရာဝတီ သတင်းဌာန၊ ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာန၊ ဇွဲအငြိမ့်အဖွဲ့ အစရှိသည့် တရားစွဲဆိုများကို ဆက်တိုက်ဆိုသလို ပြုလုပ်ထားခဲ့သည်။

J-08