News

POST TYPE

ARTICLE

မန်စီးတီးအမျိုးသမီးအသင်း ပြည်တွင်း ပြိုင်ပွဲနှစ်ခုလုံးတွင် ချန်ပီယံဖြစ်
05-May-2019

မန်ချက်စတာ၊ မေ ၅

မန်စီးတီး အမျိုးသမီး ဘောလုံးအသင်းသည် အမျိုးသမီး အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ဝက်စ်ဟမ်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ပြီး မန်စီးတီး အမျိုးသမီးအသင်းမှာ လက်ရှိ ဘောလုံးရာသီ၌ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲနှင့် အက်ဖ်အေဖလားပြိုင်ပွဲ နှစ်ခုလုံးတွင် ချန်ပီယံဆုဖလားများကို ဆွတ်ခူးရရှိသွားခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီး အမျိုးသမီးအသင်းသည် ကီရာဝေါ့ရှ်၊ ဂျော်ဂျီယာ စတန်ဝေးနှင့် လော်ရင်ဟန့်တို့၏ သွင်းဂိုးများဖြင့် ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအတွက် ဂိုးသွင်းယူပေးခဲ့သူများအနက်မှနေ၍ ဂျော်ဂျီယာ စတန်ဝေးမှာ လက်ရှိဘောလုံးရာသီ၌ ပရော်ဖက်ရှင်နယ် ကစားသမားများအစည်းအရုံး (PFA)က ပေးအပ်ချီးမြှင့်ခဲ့သည့် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး လူငယ်ဘောလုံးသမားဆုကို ဆွတ်ခူးရရှိထားသူလည်းဖြစ်သည်။

ဝက်စ်ဟမ်းသည် အမျိုးသမီး အဆင့်မြင့်တန်းလိဂ်သို့ တန်းတက်ရောက်လာနိုင်ခဲ့သည့် ပထမဆုံးသော ဘောလုံးရာသီ၌ပင် အက်ဖ်အေဖလားဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်ပြီး မန်စီးတီးမှာ ပထမပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ဒုတိယပိုင်း ၄၅ မိနစ်သို့ရောက်မှ အနိုင်ဂိုးသုံးဂိုးလုံးကို သွင်းယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီး အမျိုးသားအသင်းသည်လည်း ပြည်တွင်းပြိုင်ပွဲများအားလုံးတွင် ချန်ပီယံဆုဖလားများ ဆွတ်ခူးရယူနိုင်ရန် အခွင့်အလမ်းကောင်းမွန်နေပြီး လက်ရှိတွင် ခရာဘောင်းဖလားပြိုင်ပွဲ၌ ချန်ပီယံဖြစ်ထားပြီးသော မန်စီးတီး အမျိုးသားအသင်းမှာ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့တွင်လည်း ဆုဖလားလမ်းကြောင်းထက်တွင် ရပ်တည်လျက်ရှိသည်။