News

POST TYPE

ARTICLE

အခွင့်ထူးခံနေကြတုန်းပဲလား
25-Apr-2019
အခွင့်ထူးခံလိုစိတ်ဆိုသည်မှာ မိမိအား တခြားကူးလူးဆက်ဆံရသည့် ပတ်ဝန်းကျင်မှ အရေးပေး အလေးထား ဦးစားပေးစေလိုသောစိတ်ဟု ဖွင့်ဆိုရပေမည်။ တစ်နည်းအားဖြင့် တခြားသူများ၏ အခွင့်အရေး၊ ရပိုင်ခွင့်ကိုမျက်ကွယ်ပြု၍ ခေါင်းပုံဖြတ်၍ မိမိ၏ဆန္ဒ၊ ရပိုင်ခွင့်နှင့် အခွင့်အရေးကို ရှေ့တန်းတင်သောစိတ်ဖြစ်ပါသည်။ ထို့အပြင် အများလိုက်နာရမည့် စည်းကမ်းများကို မလိုက်နာဘဲ ကင်းလွတ်ခွင့်ရလိုခြင်းဟုဆိုလျှင် ပိုမိုပြည့်စုံပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ယခင်တုန်းက အခွင့်ထူးခံလိုသူများကို အများပြည်သူများရှေ့မှောက်တွင်ပင် တွေ့ခဲ့ကြရသည်။ အများနှင့် တန်းတူ ဆောင်ရွက်ရသည့်ကိစ္စများတွင် အများက သဘောတူထားသည့် စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်၍ အခွင့်အရေး ထူးထူးကဲကဲ ရချင်ကြသည်။ အချို့ကလည်း အခြားသူတစ်ဦး၏ အာဏာပါဝါကို စိန်နားကပ်ရောင်ဖြင့် ပါးပြောင်သကဲ့သို့ ပြုမူဆောင်ရွက်တတ်ကြသည်။ ထိုသို့ အပြုအမူ အမူအကျင့်များကြောင့် အများပြည်သူတို့မှာ စိတ်မချမ်းမြေ့စရာ ဖြစ်ကြရသည်။ သည်းညည်းခံ၍ လိုက်လျောပေးကြရသည်။ နောက်ဆုတ်ပေးကြရသည်။

ဥပမာအနေနှင့် တင်ပြရလျှင် စာရေးသူ မြို့နယ်တစ်ခု၌ တာဝန်ထမ်းဆောင်စဉ် အခွင့်ထူးခံလိုသောစိတ်ကို မျက်ဝါးထင်ထင် ကြုံခဲ့ရသည်။ ဌာနပေါင်းစုံပါဝင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး ဆောင်ရွက်ကြရာ အဓိကအားဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းမလာသောသူ မည်သူမဆိုကို စစ်ဆေးဖမ်းဆီးကြသည်။ သို့ရာတွင် ဌာနတစ်ခုမှ ဝန်ထမ်းတစ်ဦး ဦးထုပ်ဆောင်းမလာ၍ ဖမ်းဆီးကြရာ ထိုဝန်ထမ်းက ဝန်ထမ်းအချင်းချင်းပဲဗျာ မဖမ်းပါနဲ့တဲ့။ ဖမ်းရင် သူ့ဌာနအကြီးအကဲကို သွားတိုင်မယ်ဆိုတော့ ဖမ်းတဲ့သူတွေလည်း စဉ်းစားစရာ ဖြစ်သွားသည်။ နောက်ဆုံး အဖွဲ့ခေါင်းဆောင်ဆီ သွားတင်ပြတော့ ဝန်ထမ်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် တာဝန်အရ ညွှန်ကြားလာတာမို့ ဖမ်းပါဆိုတော့ ဖမ်းထားလိုက်ကြသည်။ ဆိုလိုသည်မှာ ဝန်ထမ်းမို့လို့ စည်းကမ်းမလိုက်နာခြင်းကို မျက်ကွယ်ပြုရမည်ဆိုသော ထိုဝန်ထမ်း၏ အခွင့်ထူးခံလိုသောစိတ်ကို ဖော်ပြလိုခြင်းဖြစ်ပါသည်။

ထို့အပြင် ခရီးသွားလာသည့်အခါ ကုန်းလမ်းတွင် လိုင်းကားပဲစီးစီး၊ ဘတ်စ်ကားပဲစီးစီး၊ ရေကြောင်းတွင် အမြန်ရေယာဉ်ပဲစီးစီး VIP ဟူသော ထိုင်ခုံတန်းများ ချန်လှပ်ထားကြသည်ကို ယခင်တုန်းကလည်း ကြုံနေရသလို ယခုလည်း ကြုံနေရတုန်းဖြစ်ပါသည်။ VIP ခုံတန်းများတွင် သာမန်လူထိုင်ခွင့်မရှိ။ ဈေးနှုန်းတူတူ လက်မှတ်ဝယ်စီးရသော်လည်း VIP များက ထိုင်ခုံနေရာကောင်းများတွင် ကျကျနနထိုင်၍ အိုမင်းမစွမ်းသော အဘိုးအဘွားများမှာ ကား၏နောက်ပိတ်ဆုံးခုံများတွင် ထိုင်နေကြသည်ကိုတွေ့လျှင် အတော်လေး စိတ်မကောင်းဖြစ်မိသည်။ ပြည်သူအရေး အလေးထားပါသည်ဆိုသော်ငြားလည်း သာမန်ပြည်သူများနှင့် ထိပ်တိုက်ဦးစားပေးရမည်ဆိုသည့်အခါ VIP ဆိုပြီး အခွင့်ထူးခံနေခြင်းများကို တွေ့ရသည်မှာ စိတ်ပျက်စရာ ကောင်းလှပါသည်။

လူမှုရေးနယ်ပယ်မှအစ စီးပွားရေးနယ်ပယ်အလယ် နိုင်ငံရေးနယ်ပယ်အဆုံး အခွင့်ထူးခံလိုသည့်စိတ်မှာ အချိန်အတော်ကြာ ရိုက်ခတ်ခဲ့ဖူးသည်။ အခွင့်ထူးခံကြသည့် စနစ်တစ်ခုအောက်မှာ စာရေးသူတို့ ကြီးပြင်းခဲ့ရသည်။ အခွင့်ထူးခံကြသည့် အုပ်ချုပ်သူ လူတန်းစားတစ်ရပ်လည်း ရှိခဲ့သည်။ သို့သော် စနစ်ကိုမလွန်ဆန်နိုင်၍ မည်သူမျှ ပြစ်တင်ရှုတ်ချခြင်းမပြုနိုင်ဘဲ အသာတကြည်သာ နေခဲ့ကြရသည်။ အခွင့်ထူးခံနေသည်ကို သိသိကြီးနှင့် မျက်စိမှိတ်ထားခဲ့ကြရသည်။

နှစ်ရှည်ကြာလာသောအခါ ထိုလူများမှာ အခွင့်ထူးခံလူတန်းစားတစ်ရပ်အနေနှင့် ပုံပေါ်လာခဲ့သည်။ အခွင့်ထူးခံခြင်းနှင့်ပတ်သက်၍ အများသိကြသည့်ကိစ္စအချို့မှာ စီးပွားရေးနယ်ပယ်၌ဆိုလျှင် ဟိုလူကြီးသား ကုမ္ပဏီမို့ တင်ဒါအောင်သွားသည်။ ပွင့်လင်းမြင်သာမှုမရှိဟုဆိုပြီး ရှုံးနိမ့် ကျန်ခဲ့သည့်လူတစ်စုမှာ မကျေမချမ်းဖြစ်ကြသည်။ သို့သော် ဘာမှမတတ်နိုင်။ ဤသည်ကိုပင် စီးပွားရေးလောကတွင် ခရိုနီဆိုသော စကားလုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ လက်သင့်ရာစားတော်ခေါ်သည့်စနစ်။ တစ်နည်းအားဖြင့် အခွင့်ထူးခံသော စီးပွားရေးဟု နားလည်မိသည်။

ထိုအခါ အခွင့်ထူးခံလိုသူများက လုပ်ပိုင်ခွင့်ရှိသူများဆီ နည်းမျိုးစုံ ဖြင့်ချဉ်းကပ်ပြီး နှစ်ဦးနှစ်ဖက် လက်ဝါးချင်းရိုက်ကာ အပေးအယူ မျှတစွာဖြင့် တခြားလူများအပေါ် လှည့်စားဖို့ ကြိုးစားကြသည်။ အခုခေတ်အရဆိုလျှင် ဆန္ဒာဂတိမြောက်သောလုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ခဲ့ကြသည်။ သို့သော် ထိုအပြုအမူဆောင်ရွက်ချက်များကို မကျေနပ်သူများကလည်း တွန်းလှန်ဖို့ မကြိုးစားဘဲ သူတို့လို အခွင့်ထူးရလိုစိတ်ဖြင့် ပုံစံတူ အားထုတ်လာကြရာ အဆက်အသွယ်တွေ ရှာကြ၊ လက်ဆောင်ပဏ္ဏာ ဆက်သလို ဆက်သကြနှင့် လုပ်ပိုင်ခွင့်ရှိသူများဆီ ချဉ်းကပ်သူ များသထက် များလာပြီး အခွင့်ထူးခံခြင်းသံသရာထဲမှာ လည်ပြီးရင်း လည်နေတော့သည်။

သို့ရာတွင် အခွင့်ထူးခံကြသူများက ထိုကဲ့သို့ အခွင့်ထူးခံနိုင်ခြင်းကိုပင် အခြားစကားလုံးများဖြင့် ဖုံးကွယ်ဖို့ ကြိုးစားကြသည်။ အဆက်အသွယ်ကောင်းလို့၊ ပါးရည်နပ်ရည်ရှိလို့၊ ဆက်ဆံရေးပြေပြစ်လို့၊ အလိုက်အထိုက် သိတတ်လို့ဆိုပြီး အခွင့်ထူးခံခြင်းကို ဖုံးကွယ်၍ မသိမသာ ရှောင်လွှဲကြသည်။ မည်သို့ပင်ဆိုစေကာမူ မူရင်းအဓိပ္ပာယ်မှာ အခွင့်ထူးခံလိုသောစိတ်သာ ဖြစ်ပါသည်။ သူများထက် တစ်ပန်းသာစေချင်ပြီး အမြတ်ထုတ်လိုသောစိတ်ဖြစ်သည်။

ကံကောင်းစွာဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရတာဝန်ယူချိန်ကစ၍ လုပ်ပိုင်ခွင့်ရှိသူများကို တင်းကျပ်စွာ တားမြစ်လိုက်သည့်အခါ ထိုကဲ့သို့သော အဂတိမကင်းသော ရိုးရာဓလေ့လိုဖြစ်နေသော အခွင့်ထူးခံအလေ့အထများမှာ လူမြင်ကွင်းကနေ တစ်စတစ်စ ပျောက်ကွယ်သွားသည်ဟု ယူဆရသော်လည်း တစ်လောက တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးကို အဂတိဖြင့် အရေးယူလိုက်ချိန်တွင် ခေတ်ဟောင်းက အမွေဆက်ခံခဲ့သည့် အခွင့်ထူးခံလိုသော စိတ်ပိုင်းဆိုင်ရာ အရောင်အသွေးတို့ ရှိနေတုန်းပဲဆိုတာ သတိချပ်စရာ ဖြစ်သွားပေသည်။ သူနှင့် နီးစပ်ရာလူများအပေါ် အဂတိတရားဖြင့် အခွင့်ထူးခံခွင့်ပေးခဲ့သည်ဟု ကောက်ချက်ချရမည်သာ ဖြစ်ပါသည်။

အချို့သူများကလည်း အခွင့်ထူးခံလိုသူများကို အရေးတယူ လုပ်ကိုင်ဆောင်ရွက်ပေးရသည်ကိုပင် ဂုဏ်ယူတတ်ကြပေသည်။ လုပ်ပိုင်ခွင့်အာဏာရှိသူတို့နှင့်ပတ်သက်၍ သူတို့၏အရေးကိစ္စများကို ဆောင်ရွက်ပေးရသည်ကို ကျေနပ်ကြသည်။

ထို့ကြောင့် အခွင့်ထူးခံလိုသူများ ရှင်သန်နိုင်ခြင်းမှာလည်း ၎င်းအခွင့်ထူးများကို ရက်ရက်ရောရော ပေးလိုသည့်လူများရှိခြင်းကြောင့်ဟုဆိုရမည်ဖြစ်သည်။ နိုင်ငံတစ်ခုတွင် အခွင့်ထူးခံလူတန်းစားများ ပွားများလာလျှင် ပျက်စီးတတ်သည်ဟု ဆိုကြသည်။ ဥပဒေ၏အထက်၌ မည်သူမျှမရှိဆိုသည့်အတိုင်း လူတိုင်းလူတိုင်းသည် တန်းတူညီမျှသည့် အခွင့်အရေးကိုရရှိကြရန် အထူးလိုအပ်ပေသည်။ မျှတမှုရှိရမည်။ ကျောသားရင်သားမခွဲခြားပဲ သာတူညီမျှမှုရှိရန် လိုအပ်သည်။

ပြီးခဲ့သည့်အပတ်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရာ တစ်သီးပုဂ္ဂလများလည်း ပါသလို ပါတီအချို့မှ ပါတီဝင်များလည်း ပါသည်ဟု သိရသည်။ သို့သော် ရွေးကောက်ပွဲပြီးသွားသည့်အခါ ဝေဖန်သံများ ထွက်ပေါ်လာသည်။ ပါတီကိုအသုံးချ၍ ပါတီအားကိုယူ၍ မဲဆွယ်တာ၊ မဲပေးရမည့် မဲလက်မှတ်တွင် ပါတီတံဆိပ်ကို အသုံးပြုတာ စသည်ဖြင့် ရှုံးသည့်ဘက်က မျှတမှုမရှိဘူးဆိုပြီး ထောက်ပြဝေဖန်ကြသည်။ ဤကဲ့သို့ ပါတီအရောင်ပြဆောင်ရွက်ခြင်းမှာ အခွင့်ထူးခံလိုသော အရိပ်အရောင်သာ ဖြစ်သည်ဟု ကောက်ချက်ချရမည်။ လူထုထောက်ခံမှုကိုရလို၍ ပါတီအားကို အသုံးချလိုက်ခြင်းသာ ဖြစ်ပါသည်။

မည်သို့ပင် ဥပဒေနှင့်ညီစွာ ဆောင်ရွက်သည်ဟု ဆိုစေကာမှု လူတို့၏စိတ်ထဲမှာတော့ ပါတီကို အသုံးချသည်ဟု ကောက်ချက်ချ ထင်မြင်လိုက်ကြသည်။ ရွေးချယ်ခံရသူ မည်သို့ပင် တော်၍ လူအများက အားတက်သရော မဲပေးခဲ့စေကာမူ ဝေဖန်သံတွေ ရှိလာခဲ့တော့ မိမိကိုယ်ကိုယ် လိပ်ပြာလုံမည်တော့ မဟုတ်ပေ။ မိမိ၏အရည်အချင်းဖြင့် ရွေးချယ်ခံရသည်ဟု ရဲရဲတင်းတင်း ပြောဖို့ တွန့်ဆုတ်စရာ ဖြစ်သွားပေလိမ့်မည်။ သို့သော် ဥပဒေနှင့်အညီသာ ဆောင်ရွက်သည်ဟု ဆိုသည့်အတွက် မည်သို့မျှ မတတ်နိုင်ပေ။

ထိုကဲ့သို့ မမျှတမှုဖြစ်မည်ကို သိရှိ၍လား၊ သို့တည်းမဟုတ် မဲပေးခြင်းကို စိတ်ပျက်စိတ်ကုန်၍လားတော့ မသိပါ။ မဲပေးနိုင်သူဦးရေ၏ ဆယ်ပုံ တစ်ပုံသာ မဲပေးခဲ့ကြသည်ဟု သိရသည်။ ဒါလည်း စဉ်းစားစရာ စိတ်ဝင်စားဖွယ် အချက်တစ်ချက် ဖြစ်နေပေသည်။

ပြန်ဆက်ရလျှင် အခွင့်ထူးခံခြင်းနှင့်ပတ်သက်၍ အင်္ဂလန်နိုင်ငံ၌ မှတ်သားစရာ ကောင်းသည့်အချက်တစ်ခုရှိပါသည်။ သူတို့နိုင်ငံ၌ ဘုရင်မကြီး Elizabeth မှလွဲ၍ မည်သူမျှ အခွင့်ထူးခံစားခွင့်မရှိဟု မှတ်သားဖူးသည်။ တော်ဝင်မိသားစုသည်ပင်လျှင် သာမန်ပြည်သူများနှင့် တန်းတူဆောင်ရွက်ရသည်။ ပစ္စည်းတစ်ခုဝယ်ရန် တန်းစီးကြလျှင် အတူတူ တန်းစီရသည်။ ဘုရင်မသားတော် ဝီလီယံမို့လို့ ဦးစားမပေးဘူး။ နိုင်ငံကြီးသားပီသသည့် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့်သူတို့၏ စိတ်ဓာတ်မှာ လေးစားစရာကောင်းပါသည်။ တန်းတူညီမျှမှုအရသာကို လူတိုင်း ခံစားကြရပေသည်။

ဒီနေရာမှာ စာရေးသူ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံတစ်ခုကို ထပ်မံ ဖော်ပြလိုပါသည်။ တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ တာဝန်ကျတဲ့ အုပ်ချုပ်ရေးပိုင်းက အရာရှိတစ်ဦး ဆေးခန်းသွားပြသည်။ အဲဒီမြို့လေးမှာ ဆေးခန်း သိပ်များများမရှိပေ။ ဆေးခန်းတစ်ခုပဲရှိသည်။ ဆေးခန်းပြမည်ဆိုလျှင် လာပြသူများသည့်အတွက် အချိန်ကြာကြာစောင့်ရသည်။ ထိုအရာရှိကလည်း ဆေးခန်းက စာရေးမထံ စာရင်းပေးပြီးတော့ စောင့်နေသည်။ ထိုအချိန်တွင် ထိုဆေးခန်းတည်ရှိရာ ရပ်ကွက်က အုပ်ချုပ်ရေးမှူး တိုက်တိုက်ဆိုင်ဆိုင် ရောက်လာသည်။ သူ့ကိုမြင်သည့်အခါ အုပ်ချုပ်ရေးမှူးက ဆရာ ဆေးခန်း လာပြတာလား။ ဆရာရောက်နေတာ ကြာပြီလား။ ဆရာကို ဆရာဝန်နဲ့ အရင်တွေ့ပြီး အရင်ဝင်လို့ရအောင် ကျွန်တော် ပြောပေးမယ်။ ကျွန်တော်တို့ရုံးက လူကြီးဆိုပြီးတော့။ ထိုအခါ အဲဒီအရာရှိက မလုပ်ပါနဲ့ အုပ်မှူး၊ ကျွန်တော်ဟာ ကျွန်တော့်ရုံးမှာ ဘာပဲဖြစ်ဖြစ် ဒီလိုနေရာမျိုးမှာ ကျွန်တော်ဟာ သာမန်ဆေးခန်းလာပြတဲ့ ပြည်သူတစ်ဦးပါ။ နောက်ကလူတွေကိုကျော်ပြီး မမျှတတဲ့အခွင့်အရေးကို မလိုချင်ဘူး၊ ကျွန်တော် နောက်မှရောက်တဲ့အတွက် ရှေ့ကလူတွေပြီးမှ ဝင်မယ်၊ လာတဲ့သူတွေထဲမှာ နယ်ဝေးက လာတဲ့သူတွေလည်း ပါကောင်းပါမယ်၊ အဲဒီလို အတ္တဆန်တဲ့ အခွင့်အရေးမျိုး ယူရမှာ ကျွန်တော့်ကို ကျွန်တော် လိပ်ပြာမလုံဘူးဗျာ။ ထားလိုက်ပါတော့ ဟူ၍ဖြစ်သည်။ သူ့ကို စာရေးသူ အတော်လေး လေးစားသွားပါသည်။

သူ့ကိုလေးစားသည်မှာ မည်သို့ပင် အခွင့်ထူးခံရစေရန် အခြေအနေပေး၍ လုပ်ကိုင်ဆောင်ရွက်ပေးသော်လည်း ထိုအခွင့်ထူးကိုယူရမှာ သူ့အနေနဲ့ လိပ်ပြာမလုံတဲ့ စိတ်ဓာတ် အရည်အချင်းကို ဖြစ်သည်။ အများနှင့်တစ်ပြေးညီ မျှမျှတတ ဖြစ်စေလိုသော စိတ်ဓာတ်ပင်ဖြစ်သည်။ သာမန်လူ တစ်ဦးဆိုလျှင် ထိုကဲ့သို့ အခွင့်ထူးကို လက်လွတ်မည် မဟုတ်ပေ။ တရားတာ၊ မတရားတာ အပထား လောလောဆယ် မိမိအဆင်ပြေဖို့ လိုသည်ဟူသော တစ်ကိုယ်ကောင်းဆန်သူများမှာ စာရေးသူတို့ လူ့အဖွဲ့အစည်းတွင် အများအပြား တွေ့ရသည်။ တစ်ဖက်သားအပေါ် ထောက်ထားငဲ့ညှာသည့် စိတ်အဆင့်အတန်း မရှိကြတာ များသည်။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စိတ်အခံလေးတွေ ရှိကြသည်။

ဒီလိုမျိုး အခွင့်ထူးခံလိုတဲ့စိတ်တွေ ဘယ်ကနေ မွေးဖွားလာကြသလဲ။ အခြေခံအားဖြင့် စဉ်းစားလျှင် နှစ်ပေါင်းများစွာ အဂတိတရား အမြစ်တွယ်ရာမှ ပေါက်ဖွားလာခြင်းသာ ဖြစ်ပါသည်။ အဂတိတရားလေးပါးမှာ ဆန္ဒာ ဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိဟူ၍ရှိရာ အခွင့်ထူးခံလိုသော စိတ်မှာ ဆန္ဒာဂတိ၊ ဘယာဂတိတို့ကြောင့် အဓိက ရှင်သန်လာသည်ဟု ဆိုနိုင်သည်။

အခွင့်ထူးခံသူများကို သာမန်ပြည်သူတို့က မနှစ်မြို့ကြသလို ဒီမိုကရေစီနိုင်ငံတစ်ခုဆီ ချီတက်နေသည့် ယနေ့အခါသမယတွင် အခွင့်ထူးခံလိုသောသူများ ဆက်လက် ပေါ်ထွန်းလာမည်ဆိုပါက တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုကို လိုလားတောင့်တနေသည့် ပြည်သူများအတွက် ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်နေပေလိမ့်မည်။ အရာရာကို ဆူကြုံနိမ့်မြင့်မခွဲခြားဘဲ ဥပဒေနှင့်အညီသာ ဆောင်ရွက်လုပ်ကိုင်ကြဖို့ လိုပါသည်။

နိုင်ငံသားတိုင်း ဥပဒေအရာမှာ တစ်ပြေးညီဖြစ်ဖို့ လိုအပ်သလို အများနှင့် ဆောင်ရွက်သည့် လုပ်ငန်းကိစ္စရပ်များတွင်လည်း ဆင်းရဲချမ်းသာ မရွေး၊ ပညာမဲ့ ပညာတတ်မရွေး၊ ပြည်သူ့ဝန်ထမ်းမရွေး၊ အုပ်ချုပ်သူ အုပ်ချုပ်ခံသူမရွေး၊ တစ်သီးပုဂ္ဂလ ပါတီကျောထောက်နောက်ခံမရွေး ညီတူညီမျှဖြစ်ဖို့ အရေးကြီးပါသည်။ အထက်မှာ တင်ပြခဲ့သလို အင်္ဂလန် နိုင်ငံ၏ နမူနာကို ယူတတ်ဖို့လိုပါသည်။ သို့မှသာ နိုင်ငံသားများ အားလုံး တန်းတူမှု၊ ညီမျှမှုအရသာများကို ခံစားကြရမည် ဖြစ်ပါသည်။ အခွင့်ထူးခံခြင်းဟူသော မညီမျှသော အခွင့်အရေးရယူခြင်းမှ လွတ်မြောက်ကြပါစေ။

သားညိုထွေး