News

POST TYPE

ARTICLE

မြို့သာစက်မှုဇုန်စိုက်ခင်းမှ အပင်များကို ဆေးခြောက်ပင်ဟု အတည်ပြု၊ အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးကိုအမှုဖွင့်
24-Apr-2019

မန္တလေး၊ ဧပြီ ၂၄

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်စိုက်ခင်းဧရိယာအတွင်း စိုက်ပျိုးထားသည့် ချဉ်ပေါင်လျှော်ပင်များဟု ယူဆထားသည့် အပင်များမှာ ဆေးခြောက်ပင်များဟု တာဝန်ရှိသူများက စစ်ဆေးအတည်ပြုလိုက်ပြီး စိုက်ခင်းပိုင်ရှင်များဖြစ်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ကို မူးယစ်ဆေးဝါးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ယင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အမှုဖွင့်ထားတာ မှန်ပါတယ်။ အချက်အလက်တွေကတော့ ပြောလို့မရသေးပါဘူး။ တချို့လည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဘယ်သူတွေဆိုတာတော့ မပြောလိုသေးပါဘူး”ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါစိုက်ခင်းကို ဧပြီလ ၂၂ ရက်နေ့က မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦး ဦးစီးသည့်အဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေး၊ ဓာတုဗေဒဝန်ရုံးခွဲ (မန္တလေး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းကြည်၊ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ အဆိုပါစက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ၅၀ ဧကခန့်၊ စိုက်ခင်းအတွင်းရှိ ပင်မ အဆောက်အအုံအတွင်း ဆေးခြောက်ဟု ယူဆရသည့် အစေ့၊ အဆီ၊ အစေး၊ Formic Acid ဟု ယူဆရသည့် အရည်၊ အက်သနောဟု ယူဆရသည့်အရည်၊ အယ်ကိုဟောဟု ယူဆရသည့်အရည်၊ Bio Maxs ဟု ယူဆရသည့် အစိမ်းအရည်၊ Acetone ဟု ယူဆရသည့်အရည်၊ Acetonitrile ဟု ယူရသည့်အရည်၊ Concort Water၊ Methonal ဟုယူရသည့် အရည်၊ အမိုနီယံဖော့စဖိတ်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြား ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ယင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

“သူတို့ကတော့ လျှော်အနေနဲ့စိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စစ်ဆေးတွေ့ရှိချက်တွေအရကျတော့ ဒီနိုင်ငံရဲ့ ဥပဒေအရ ဒါကမူးယစ်ဆေးဝါးပဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့ ဥပဒေနဲ့ဆိုရင် ဒါကဆေးခြောက်ပင်ပဲ ဖြစ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ ရုက္ခဗေဒပညာရှင်တွေနဲ့ ဆက်ပြီးစစ်ဆေးတုန်းပဲ။ ဒီမှာရှိတဲ့ လူတွေကိုတော့ ထိန်းသိမ်းထားပါပြီ”ဟု မူးယစ်ဆေးဝါးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောဆိုသည်။

စစ်ဆေးတွေ့ရှိသည့် ပစ္စည်းများတွင် ဓာတ်ခွဲခန်းတစ်ခု အပါအဝင် ဓာတ်ခွဲခန်းသုံး ပစ္စည်းများမှာလည်း တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ အသုံးပြုလုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ အမှုဖွင့်ထားရခြင်းဖြစ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။

စိုက်ခင်းတာဝန်ခံ ဦးရှိုင်းလတ်နှင့် ဓာတ်ခွဲခန်း လက်ထောက်အကူ မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့ကို မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)/ ၁၉(က)/ ၂၀(က)/ ၂၁ တို့အရ ငါန်းဇွန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး Mr. Alexander Skemp Todoroki ကိုလည်း ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

M-04