News

POST TYPE

ARTICLE

ကျိုင်းတုံတွင် အသက် ၁၄ နှစ်အရွယ် အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၆ ဦးဖမ်းမိ
05-Mar-2019
ကျိုင်းတုံ၊ မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ရှာဖွေဖမ်းဆီးလျက်ရှိရာ မတ်လ ၄ ရက်က အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၆ ဦးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းလတ်က ပြောကြားသည်။

“ဖာနဒေရွာလယ်လမ်းမှာ လူငယ်နှစ်ဦးထံကနေ မူးယစ်ဆေးဝါးနဲ့ဆေးရှူ ကိရိယာစဖမ်းမိတော့ အဲဒီရွာမှာနေတဲ့ ၁၄ နှစ်အရွယ် ကောင်းလေးထံကနေ ဝယ်တယ်ဆိုလို့ သူ့အိမ်ကိုထပ်ရှာတော့ သူ့ထံကနေ မူးယစ်ဆေးဝါးတွေ ထပ်မိတယ်။ နောက်ထပ်သုံးဦးကတော့ နောင်နွန်းရွာက နေအိမ်တစ်လုံးမှာ ဖမ်းမိခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

ဖာနဒေရွာတွင် အောင်ဖြိုးဝေလှိုင် (၁၉ နှစ်) နှင့် ဘိုဘို (၃၄ နှစ်) တို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြား၊ ဆေးရှူကိရိယာတစ်ခုနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး အောင်နိုင် (ခ) နိုင်နိုင် (၁၄ နှစ်) ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄ ပြား၊ မူးယစ်ဆေးဝါးရောင်းချငွေ ၁၃၉၀၀ ကျပ် ဖမ်းဆီးရမိခဲ့ကြောင်း၊ နောင်နွန်းကွက်သစ်ရွာရှိ နေအိမ်တစ်လုံးတွင် ကိုမျိုး (၂၇ နှစ်)၊ အားဂျူး (၃၀ နှစ်)နှင့် ကျနူး (၄၄ နှစ်)တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ပြားကို ဖမ်းဆီးရမိခဲ့၍ ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများအရ အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16