News

POST TYPE

ARTICLE

ထိုင်းပဒေသရာဇ်စနစ်နှင့် အနာဂတ်အရေး
28-Jul-2016

ထိုင်းနိုင်ငံတွင် ယနေ့တိုင် ဘုရင်စနစ် ထွန်းကားနေရခြင်းမှာ ရှိတ်စပီးယား ပြဇာတ်ရှည်ကြီးကို ကြည့်နေရသလိုပင်။ နိဂုံးဘယ်တော့ချုပ်မလဲ ဟုလည်း စိတ်ဝင်စားစရာဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘုရင်စနစ်များ တစ်ခုပြီး တစ်ခု ချုပ်ငြိမ်းနေသည်။ သို့သော် ထိုင်းနိုင်ငံ ဘုရင်စနစ်က ဆက်လက်စိုးမိုးနေသည်။ ဇာတ်ကမပြီးသေး။ ဇာတ်စင်ပေါ်တွင် သွေးတွေလွှမ်းနေသည်။ အလောင်းတွေပြည့်နေသည်။ ကံကောင်းသူတွေက နိုင်ငံရပ်ခြား ထွက်ပြေးသွားနိုင်ခဲ့သည်။

ဘုရင်ကြီး၏ ကျန်းမာရေး အခြေအနေကလည်း နေ့လားညလား။ နန်းတွင်းသူ နန်းတွင်းသားများ ကလည်း ဘုရင်ကြီးတစ်ခုခုများ ဖြစ်သွားလျှင် မည်သူက ဆက်ခံမည်လဲ ဆိုသည်ကို စိတ်ဝင်စားနေကြသည်။ နန်းတွင်း၌ ထီးနန်းကို မည်သူဆက်ခံရမည် ဆိုခြင်းမှာ ပဟေဠိလိုဖြစ်နေသည်။

ထိုင်းနိုင်ငံ လူချမ်းသာနှင့် သူကောင်းမျိုးများ ကြားတွင် အိမ်ရှေ့မင်းသား မဟာဗဂျီရာလောင်ကွန်ကို ဆန့်ကျင်မှုများ၊ မနှစ်သက်မှုများ ရှိနေသည်။ အကယ်၍ သူ့ခမည်းတော် ကွယ်လွန်သွားပါက သူ့ကို ထီးနန်း ဆက်ခံခွင့် မရစေရန် လှုပ်ရှားမှုများ ရှိနေသည်။ ဗန်ကောက်ရှိ ပါတီပွဲများတွင် လောင်ကွန် ဆန့်ကျင်လှုပ်ရှားမှု စကားသံများကို ကြားနေရသည်မှာ ကြာခဲ့ပြီ။

ထိုင်းနိုင်ငံရှိ ပြည်သူများသည် မင်းဆွေမင်းမျိုးနှင့် ဘုရင်အပါအဝင် ဆွေတော်မျိုးတော်တို့ကို ဝေဖန်ခွင့်မရှိ။ ပြစ်တင်ဝေဖန်ခဲ့လျှင် ထောင်ချအပြစ်ပေးနိုင်သည်။ သို့ဖြစ်ရာ နန်းတော်ဂိတ်တံခါးဝနောက်က အဖြစ်အပျက်များသည် ပြည်သူများ စိတ်ဝင်စားသော်လည်း ဝေဖန်ပြောဆိုခွင့် မရှိဖြစ်ခဲ့ရသည်။ တစ်ခုခု ပြစ်တင်ပြောဆို ဝေဖန်မိသောကြောင့် ထောင်ထဲရောက် သူတွေလည်း မနည်းတော့ပေ။

ထိုင်းပြည်သူများတွင် အခြားပြဿနာတစ်ခု ကလည်း ရှိနေသေးသည်။ ရိုင်းစိုင်းသည့် စစ်ဗိုလ်ချုပ် တစ်ယောက်က နိုင်ငံရေးအာဏာကို သိမ်းပိုက်ထားသည်မှာ ၂ နှစ်ခန့်ပင် ရှိသွားခဲ့ပြီဖြစ်သည်။ ထို အာဏာသိမ်းဗိုလ်ချုပ်နှင့် ထိုင်းဘုရင်တို့၏ ဆက်ဆံရေး အနေအထားကလည်း မည်သို့ရှိနေမှန်း ခန့်မှန်းရခက်လှသည်။ သို့သော် စစ်ဗိုလ်ချုပ်နှင့် သူ့တပည့် စစ်ဘက်အရာရှိကြီးများ စိုးရိမ်နေကြသည်မှာ ဘုရင်ကြီး ကွယ်လွန်သွားလျှင် နိုင်ငံရေး၊ လူမှုရေးအားလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည့်အရေးဖြစ်သည်။ ထို့ကြောင့် စစ်ဘက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို မျှော်လင့်နေကြသည်။ ထိုဥပဒေသစ်ထဲတွင် သူတို့ ဆက်လက်စိုးမိုးအုပ်ချုပ်နိုင်ရေး များကို ပြည်သူများက ဆန္ဒမည်ကဲ့သို့ ရှိသည်ဖြစ်စေ သူတို့ လိုချင်ရာကို ထည့်သွင်းနိုင်ရန် အကွက်ချ နေကြသည်။ 

ဘုရင်ကြီး ဘူမိဘော အဒူရာဒက်သည် အသက် ၈၈ နှစ်ခန့်ရှိနေပြီ။ သူသည် ၁၉၄၆ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် ထီးနန်းကိုရယူခဲ့ခြင်းဖြစ်သည်။ သူကွယ်လွန်ပါက နန်းဆက်သဘောတရားအရ ထီးနန်း ဆက်ခံရမည့်သူမှာ ဗီလိန်လိုဖြစ်နေသော သူ၏သား ဗာဂျီရာလောင်ကွန်ဖြစ်သည်။ သူ့ကိုပြည်သူအများစုက ဘုရင်ကြီးလို ချစ်ခင်မြတ်နိုးမှု မရှိကြပေ။ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်သည် အသက် ၆၃ နှစ်ရှိနေပြီ။ ပြည်သူတို့ကြားထဲတွင် ချစ်ခင်မြတ်နိုးခြင်းကို ခံနေရသူမှာ အသက် ၆၁ နှစ်အရွယ်ရှိ မင်းသမီး မဟာချာကရီ သီရိဒုံဖြစ်သည်။ သူမကို ထိုင်းပြည်သူများက သူတော်စင်နတ်သမီး တစ်ပါးဟု တင်စားကြသည်။ သူမ၏ ဓလေ့စရိုက်နှင့် အလုပ်များသည် သူ့အစ်ကိုတော် လောင်ကွန်နှင့် တခြားစီဖြစ်နေသည်။ ၁၉၇၄ ခုနှစ် ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဘုရင်ကြီး ဘူမိဘောအနေဖြင့် ထီးနန်းကို သားတော်အား မပေးဘဲ၊ သမီးတော်ကို အပ်နှင်းသွားလျှင်လည်း ရနိုင်သည့် သဘောရှိနေသည်။

ဗာဂျီရာလောင်ကွန်သည် ထီးနန်းနှင့် ဆက်နွှယ်နေသော်လည်း ပေါက်လွှတ်ပဲစား နေချင်သလိုနေထိုင်သူ ဖြစ်သည်။ မကြာသေးမီက ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်တွင် ဂျင်းဘောင်းဘီ၊ စွပ်ကျယ်၊ ထိုးကွင်းများနှင့် ဗိုက်ပေါ်ချက်ပေါ် ဖြစ်ချင်တိုင်း ဖြစ်နေသည့် မြင်ကွင်းက သူ့ကိုထိုင်းနိုင်ငံသူ နိုင်ငံသားများ စိတ်ပျက်သွားစရာ ဖြစ်ခဲ့ရသည်။ ထို့ပြင် လောင်ကွန်သည် မိန်းမလိုက်စားလွန်းသူ ဖြစ်နေခြင်းက ထိုင်းထီးနန်းကို ပိုပြီး သိက္ခာကျဆင်းစေခဲ့သည်။

ထိုင်းပြည်သူတွေက ဘုရင်ကြီး ဘူမိဘောကို လေးစားကြည်ညိုသလောက်၊ အိမ်ရှေ့စံ လောင်ကွန်ကို ပြည်သူများက အမြင်ကပ်ကြသည်။ သူ့ကို ထီးနန်းဆက်ခံသူ ဖြစ်လာမည်ကိုလည်း ပြည်သူများရော အထက်တန်းလွှာကပါ စိုးရိမ်နေကြသည်။ သူသာ ထီးနန်းဆက်ခံလိုက်လျှင် အားလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီး ထိုင်းလူ့ဘောင်က လက်ခံထားသည့် ဘုရင်စနစ်နှင့် ထီးဟန်နန်းဟန်များ အားလုံးကွယ်ပျောက် သွားမည်ကိုပါ ကြောက်ရွံ့နေကြသည်။

နန်းတော်ရှိ ဝန်ထမ်းတစ်ဦးက ခိုးရိုက်ထားသည့် ဗီဒီယိုပြကွက်တွင် လောင်ကွန်က အချစ်ဆုံးခွေးလေး ဖူးဖူးအတွက် မွေးနေ့ပါတီပွဲကို ကျင်းပပေးနေကြောင်း တွေ့ရသည်။ အိမ်ရှေ့မင်း၏ တတိယဇနီး မင်းသမီး ဆရီရာဆမ်တစ်ဦးတည်း ထိုပွဲကို ခွေးလည်ပတ်နှင့် တက်ရသည်။ လောင်ကွန်က မင်းသမီးကို သူ့ခွေးဖူးဖူးနှင့်အတူ မွေးနေ့ကိတ်မုန့်ကို ကြမ်းပြင်ပေါ် တွင်ဝပ်ကာ စားခိုင်းနေသည်။ 

ခွေးလေး ဖူးဖူးက ဖေဖော်ဝါရီလက သေသွားသည်။ ထိုင်းပြည်သူတွေကလည်း ထိုင်းဘုရင့်မျိုးနွယ်များကို ဝေဖန်လျှင် ထောင် ၁၆ နှစ်ခန့် ကျခံရမည့်အရေးကို ဂရုမစိုက်တော့ဘဲ ခွေးကိုဝိုင်းပြီး ဆိုရှယ်မီဒီယာ များပေါ်တွင် ဝေဖန်ရေးသားကြတော့သည်။ အသက် ၁၇ နှစ်အရွယ် ခွေးကို ဗုဒ္ဓဘာသာ ထုံးတမ်းဓလေ့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပွဲကျင်းပပြီး အသုဘချခြင်းအား ပြည်သူများက ဆိုရှယ်မီဒီယာများပေါ်တွင် ရွဲ့တဲ့တဲ့ စောင်းချိတ်ချိတ် ဝိုင်းရေးကြတော့သည်။ 

ယမန်နှစ် ဒီဇင်ဘာလက လောင်ကွန်သည် တတိယဇနီးကို စွန့်ပစ်လိုက်ပြန်သည်။ သူမကို ပေးအပ်ချီးမြှင့်ထားသည့် ဘွဲ့ထူးဂုဏ်ထူးများကို ပြန်ပြီး ရုပ်သိမ်းလိုက်သည့်အပြင် နန်းတော်ထဲကလည်း နှင်ထုတ်လိုက်သည်။ မင်းသမီး၏ ဆွေမျိုးများကိုလည်း လာဘ်စားသည်ဆိုပြီး ဖမ်းဆီးအရေးယူသည်အထိ မတရား လုပ်ဆောင်ခဲ့သည်။ မင်းသမီးကို နှင်ထုတ်ပြီးနောက် လေယာဉ်မယ်တစ်ယောက်နှင့် ဇာတ်လမ်းရှုပ်ပြီး ဂျာမနီနိုင်ငံတွင် သွားနေသည်က များသည်။ 

လောင်ကွန်တစ်ယောက် ထင်တိုင်းကြဲကာ ယူချင်သလိုယူ၊ နှင်ချင်သလိုနှင်နေသည့် အဖြစ်ကို လည်းကောင်း၊ ဂျာမနီကို သွားလိုက်ပြန်လိုက် လုပ်ပြီး  ငွေတွေကို ထင်တိုင်း သုံးဖြုန်းနေခြင်းများ ကိုလည်းကောင်း မည်သူမျှ တားဆီးနိုင်ခြင်းလည်း မရှိပေ။ လောင်ကွန်၏ သက်တော်စောင့် အကြီးအကဲတစ်ယောက်သည် ထောင်ထဲတွင် သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေသွားသလို၊ လောင်ကွန်၏ အခါတော်ပေး နာမည်ကျော် မော်ယန်းဟုခေါ်သည့် ဗေဒင်ဆရာလည်း ထောင်ထဲတွင် သေဆုံးသွားခဲ့ရသည်။ မော်ယန်းသေဆုံးခြင်းမှာ သွေးဆိပ်တက်ကာ သေဆုံးရခြင်းဖြစ်ကြောင်း ထောင်အာဏာပိုင်များက သတင်းထုတ်ပြန်သော်လည်း သူသေဆုံးချိန်တွင် ကျောက်ကပ် မရှိတော့ကြောင်း လည်း ပြောဆိုသံများ ပေါ်ထွက်လာခဲ့သည်။ ထောင်ထဲတွင် သေဆုံးမှုများနှင့် ပတ်သက်ပြီး ယနေ့တိုင် ရှင်းလင်းစွာ မရှိခဲ့ပေ။

အခြားသုတ်သင်မှု တစ်ခုသည် တစ်ချိန်တည်း လိုလိုဖြစ်ပွားခဲ့ပြန်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးဖြစ်သူ မေဂျာ ဂျင်နရယ် ချန်ချိုင်ဆဝါထရာ ဆိုသူလည်း သူ့ကိုယ်သူ သတ်သေသွားကြောင်း သတင်းတွေ ပေါ်ထွက်လာ ခဲ့ပြန်သည်။ အာဏာသိမ်းဗိုလ်ချုပ်ကြီး ပရာရုသ်ကို ဆန့်ကျင်ခဲ့မိသည့် ရလဒ်ဖြစ်ကြောင်း လူတိုင်းနားလည် ထားကြသည်။ 

အခြားသော ရဲတပ်ဖွဲ့ဝင်များကလည်း စစ်တပ်၏ ခြိမ်းခြောက်မှုများကို ခံနေကြရသည်။ ရဲအရာရှိ မေဂျာဂျင်နရယ် ပါဝမ်ပွန်ဆီရင် ဆိုသူသည် သြစတြေးလျ နိုင်ငံသို့ ယမန်နှစ်က ထွက်ပြေးသွားခဲ့သည်။ သူ့အသက် အန္တရာယ်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ နယ်စပ်တွင် ဒုက္ခသည် ၃၆ ဦးကို သတ်ပြီး မြေမြှုပ်ထားမှုကို သူကဦးဆောင်ပြီး စစ်ဆေးခဲ့ရသူဖြစ်သည်။ နယ်စပ်တွင် လူကုန်ကူးခြင်း သတ်ဖြတ်ခြင်းများကြောင့် စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦးကို သူက ဖမ်းဆီးအရေးယူခဲ့သည်။ သူနှင့်အတူ အခြားရဲအရာရှိ သုံးဦးလည်း ထိုင်းနိုင်ငံမှ ထွက်ပြေးသွား ခဲ့ကြရသည်။ သူတို့အားလုံး လူကုန်ကူးမှုများ သတ်ဖြတ်မှုများတွင် စစ်တပ်က ပါဝင် ပတ်သက်နေသည် ဆိုခြင်းကို သိထားကြသူများ ဖြစ်သောကြောင့် အသက်ဘေး စိုးရိမ်ရသဖြင့် ထွက်ပြေးကြရသူများ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဗိုလ်ချုပ်ကြီး ပရာရုသ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ အာဏာကို ချုပ်ကိုင်မှုများမှာ ပိုပြီး ခိုင်မာလာခဲ့သည်။ မကြာသေးမီက သူတို့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကိုလည်း ကိုယ်တိုင် ရေးဆွဲနေကြသည်။ သြဂုတ်လ ၇ ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပမည်ဟုလည်း ထုတ်ပြန် ကြေညာထားသည်။ 

စစ်တပ်သည် ဗီတိုအာဏာကို ကိုင်ထားပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို မဖြစ်မနေ ပြဋ္ဌာန်းတော့မည်။ ပရာရုသ်သည် လွှတ်တော်အမတ် ၂၅၀ ကို ခန့်အပ်ပိုင်ခွင့်အား ချုပ်ကိုင်ထားမည်သာ ဖြစ်သည်။ နောက်တက်လာမည့် အစိုးရသည် စစ်တပ်က ထိန်းချုပ်ထားသည့် အစိုးရဖြစ်မည်မှာ သေချာသည်။ ထိုအစိုးရအဖွဲ့သည် ပုဒ်မ ၄၄ ဆိုသည်ကို ကိုင်စွဲထားမည်သာ ဖြစ်သည်။ ယင်းဥပဒေအရ စစ်အုပ်ချုပ်ရေး ဥပဒေကို အချိန်မရွေး ပြန်လည် ထုတ်ပြန်ခွင့် ရှိနေမည်သာ ဖြစ်သည်။ 

ထိုင်းနိုင်ငံပြည်သူများအဖို့ လမ်းဆုံးနေပြီဖြစ်သည်။ ပရာရုသ် ခင်းပေးထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး ဆိုလျှင်လည်း သူ့အရာရှိများက နောက်တစ်ကြိမ် အကွက်တစ်မျိုးဆင်ကာ အာဏာပြန်သိမ်းမည်သာ ဖြစ်သည်။ 

ပရာရုသ်နှင့် ထိုင်းနိုင်ငံတော်ဝင် မိသားစုများသည် ဘုရင်ကြီး ကံတော်ကုန်သွားမည်ကို စိုးရိမ်နေ ကြခြင်းမှာ စစ်မှန်သောဒီမိုကရေစီ ခေါင်းထောင် ထလာမည်ကို ဖြစ်သည်။ ဘုရင်ကြီးသာ ကွယ်လွန်သွားလျှင် ပဒေသရာဇ်စနစ်လည်း ချုပ်ငြိမ်းသွားပြီး သူကောင်းမျိုးတို့ပါ သြဇာအာဏာ ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။

ထိုကဲ့သို့သော ထိတ်လန့်စိုးရိမ်ရမှုမျိုး ၂၀၀၁ ခုနှစ် သက်ဆင်ရှင်နာဝါထရာ ဝန်ကြီးချုပ်ဘဝက တစ်ကြိမ် ကြုံတွေ့ခဲ့ရဖူးပြီးဖြစ်သည်။ သက်ဆင်တစ်ယောက် သူစိုးမိုးအုပ်ချုပ်သည့် ကာလတွင် မည်သူ့သြဇာနှင့် ထိန်းချုပ်မှုကိုမှ လက်မခံဘဲ သက်တမ်းစေ့ အုပ်ချုပ်နိုင်ခဲ့ကြောင်း သက်သေပြသွားခဲ့ပြီး ဖြစ်သည်။ စစ်တပ်နှင့် နိုင်ငံရေးသမားများ သူ့ကိုချုပ်ကိုင်မလွှမ်းမိုးနိုင်ဘဲ ၂၀၁၅ ခုနှစ်တွင်လည်း သူ၏ပါတီနှင့် သူ့ကို ရှေ့တန်းပြန်ရောက်လာစေရန် စွမ်းဆောင်နိုင်ခဲ့သူတစ်ယောက် ဖြစ်ခဲ့သည်။ ပရာရုသ်က သက်ဆင်လို နောက်တစ်ယောက် ပေါ်လာမည်ကို ကြောက်နေခြင်းဖြစ်သည်။

ဘုရင်ကြီးက ကျန်းမာရေးမကောင်းတော့။ ထိုင်းနိုင်ငံ ဘုရင်စနစ်ကလည်း အိမ်ရှေ့စံသာ နန်းတက်လာလျှင် ပိုပြီး ကုန်းကောက်စရာ မရှိလောက်အောင် ဖြစ်သွားနိုင်သည့် အနေအထားကို ရောက်နေသည်။ တော်ဝင်မိသားစုများသည် ယနေ့တိုင် သက်ဆင်၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ဆိုရမည်။

၂၀၀၆ ခုနှစ် စက်တင်ဘာလက သက်ဆင်ကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အာဏာသိမ်းခြင်းကို နန်းတော်ကလည်း မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားသည်။ သက်ဆင်တစ်ယောက် ပြည်ပြေးဘဝကို ရောက်ခဲ့ရသည်။ အကယ်၍ ဒီမိုကရေစီ ခေါင်းပြန်ထောင်လာလျှင် သူ့ပါတီနှင့် သက်ဆင်တစ်ယောက် ပြန်ပြီး ရွေးကောက်တင် မြှောက်ခံရသွားနိုင်သည်။ လက်ရှိလည်း ပရာရုသ်ကိုယ်တိုင် ၂၀၁၄ ခုနှစ်က သက်ဆင်၏ နှမတစ်ဦး ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖြုတ်ချပြီး အာဏာသိမ်းထားသည်။ ယင်းလပ် တစ်ယောက်လည်း စီးပွားရေးကိစ္စတစ်ခုဖြင့် လက်ရှိအမှုများကို ရင်ဆိုင်နေရသည်။ 

ဘူမိဘော ကွယ်လွန်လျှင် ဘုရင်၏ Privy Council သည် သားတော်အိမ်ရှေ့စံကို မရွေးဘဲ သမီးတော် သီရိဒုံကို နန်းလျာအဖြစ် ရွေးချယ်တင်မြှောက်ခွင့် ရှိသည်။  သို့သော် ရေရှည်ပဒေသရာဇ်စနစ်ကို သက်ဆိုးရှည်စေမည့် အစီအစဉ်တော့ မဟုတ်။ အဘယ်ကြောင့်ဆိုသော် သီရိဒုံက အပျိုကြီးဖြစ်နေသည်။ သားသမီးမရနိုင်။ ထိုသို့ဆိုလျှင် ထီးမွေ နန်းလျာလည်း ထားခဲ့နိုင်မည်မဟုတ်။ ထိုင်းနိုင်ငံ ဘုရင်စနစ်အရေးမှာ ရင်လေးစရာ ဖြစ်တော့သည်။

(Ref: The crown crisis that could tear Thailand apart, Johathan Manthorpe)

ကျော်ဗလ