News

POST TYPE

ARTICLE

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန် ပြည်နယ်အစိုးရ ထပ်မံကြိုးပမ်းမှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟုဆို
30-Jan-2019

တောင်ငူ၊ ဇန်နဝါရီ ၃၀

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးဦးဆောင်ပြီး ထပ်မံကြိုးပမ်းသည့်အနေဖြင့် ဇန်နဝါရီ ၂၉ ရက်နေ့က ကြေးရုပ်တုကိုစိုက်ထူမည့် ကန္တာဟေဝန်ပန်းခြံသို့ သယ်ဆောင်လာသည့်အပေါ် ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် တုံ့ပြန်ကန့်ကွက်မည်ဖြစ်ကြောင်း တရားစွဲခံထားရသည့် ကရင်နီလူငယ်များကဆိုသည်။

“ကျွန်တော်တို့လက်မခံတဲ့ကိစ္စကို ဇွတ်လုပ်နေတဲ့အတွက် ပြင်းထန်စွာ တုံ့ပြန်ကန့်ကွက်မယ်။ ဆန္ဒဖော်ထုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်။ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မယ်၊ ဘယ်နေ့လုပ်ဆောင်မယ်ဆိုတာကို ဆွေးနွေးနေပါပြီ။ လတ်တလောတော့ ရုပ်တုထားမယ့် အုတ်ခုံနားမှာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာတွေ့ရတယ်”ဟု ကြေးရုပ်ကိစ္စကန့်ကွက်မှုကြောင့် တရားစွဲဆိုခံထားရသူ မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်က ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်ဦးပိုင်းမှစတင်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ လွိုင်ကော်မြို့နယ် ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုစိုက်ထူရန် ပြင်ဆင်ခဲ့ခြင်းကို ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ဒေသခံအရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ကရင်နီလူငယ်များက ကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) (ဂ)နှင့် ငြိမ်းစုစီပုဒ်မ ၁၉/၂၀ တို့ဖြင့် ကရင်နီလူငယ် ၂၃ ဦးတရားစွဲဆိုခံထားရသည်။

“ကရင်နီလူငယ်တွေ ဒီမော့ဆိုအပါအဝင် မြို့နယ်တရားရုံး ငါးခုမှာ တရားရင်ဆိုင်ကြရတယ်။ ဒီလိုပြင်ဆင်မှုအပေါ် လက်မခံကြောင်း ကရင်နီလူငယ်အဖွဲ့ ၁၀ ခုလောက်က ကန့်ကွက်တဲ့ကြေညာချက်တွေထုတ်ပြီးပြီ။ ဘာဆက်လုပ်မယ်၊ ဘယ်လိုနည်းလမ်းနဲ့တုံ့ပြန်မယ်ဆိုတာ မကြာမီထုတ်ပြန်ပေးသွားမယ်”ဟု ကရင်နီလူငယ် ဒီဒီးက ပြောဆိုသည်။

ယခုဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ပြင်ဆင်နေမှုကို အစိုးရက တိတ်တဆိတ် လုပ်ဆောင်နေသော်လည်း ပြည်ထောင်စုနေ့ (သို့မဟုတ်) ဗိုလ်ချုပ်မွေးနေ့တွင် စိုက်ထူမည့်အနေအထားမျိုးမြင်တွေ့နေရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန်အစိုးရက ပြီးခဲ့သည့်နှစ်ဦးပိုင်းအတွင်းက စတင်ပြင်ဆင်ခဲ့ခြင်းကို လူငယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သည့်အတွက် အစိုးရနှင့် လူငယ်များအကြား ပဋိပက္ခပြင်းထန်လာခဲ့သည့်အတွက် ပြည်နယ်အစိုးရက ကြေးရုပ်စိုက်ထူရေးကော်မတီကို ရပ်ဆိုင်းပေးခဲ့သော်လည်း ယခုကဲ့သို့ကြေးရုပ်တုကို ကန္တာဟေဝန်ပန်းခြံသို့ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဝန်တင်ကရိန်းဖြင့် ကားပေါ်မှချထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း လွိုင်ကော်မြို့ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန်ပန်းခြံတွင် စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုကို ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့အထိ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

လတ်တလော ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူရန်ကိစ္စကို ကန့်ကွက်မှုများကြောင့် ဒီမော့ဆိုမြို့နယ် တရားရုံး အပါအဝင် မြို့နယ်ပေါင်းငါးခုတွင် ကရင်နီလူငယ်ကိုးဦး ပုဒ်မ ၅၀၅ (ခ) နှင့် တရားရင်ဆိုင်နေကြရသည့်အပြင် ငြိမ်းစုစီပုဒ်မဖြင့် လူငယ် ၁၄ ဦးတရားရင်ဆိုင်နေကြရသည်။

R-15