News

POST TYPE

ARTICLE

အမျိုးသမီးများသီးသန့် ချီတက်ဆန္ဒထုတ်ဖော်မှု အမေရိကအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင်ပြုလုပ်
20-Jan-2019

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ 

အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်း၌ အမျိုးသမီး ထောင်ပေါင်းများစွာ စုံရုံးကာ ကျား၊ မ တန်းတူ အခွင့်အရေးရရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု၊ ရွှေ့ပြောင်း အခြေချသူများ အခွင့်အရေး အစရှိသည်တို့အပေါ် အာရုံစိုက် အလေးပေးရေးအတွက် ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ဝါရှင်တန်တွင် ဆန္ဒပြသူများက အိမ်ဖြူတော်နှင့် နှစ်ဘလောက်အကွာမှနေ၍ ချီတက်ခဲ့ကြသည်။ ချီတက်ဆန္ဒပြပွဲကို ဦးဆောင်သူနှင့် လိင်ပြောင်းလဲထားသူများ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အေဘီစတိန်းက ဆန္ဒပြ အမျိုးသမီး အင်အားစုကို မည်သူကမျှ ဟန့်တား၍ ရမည်မဟုတ်ဟုဆိုသည်။

“လူတွေအတော်များများ ကျွန်မတို့တစ်တွေကို ခွဲခြားသတ်မှတ်ချင်နေကြတယ်၊ မီဒီယာတွေမှာလည်း ပြောဆိုနေကြတယ်။ ကျွန်မတို့ကို အတူတကွ ဖြစ်စေခဲ့တာက ကျွန်မတို့တစ်တွေ အားလုံးတူညီနေတာ ကြောင့်မဟုတ်ပါဘူး။ ကျွန်မတို့ကို အတူတကွဖြစ်စေတာက ကျွန်မတို့ရဲ့ မတူခြားနားခြင်းတွေကပဲ ဖြစ်စေတာပါ”ဟု ၎င်းက ပြောကြားသည်။

“နယ်စပ်ဒေသတွေမှာ ကလေးငယ်တွေနဲ့ မိဘတွေ ပြန်လည်မဆုံစည်းနိုင်သေးသရွေ့ ကျွန်မတို့ချီတက်ဆန္ဒပြတာတွေကို ရပ်တန့်ပစ်မှာမဟုတ်ပါဘူး။ ရွှေ့ပြောင်းအခြေချသူ ကလေးငယ်တွေ ပညာကို လွတ်လွတ်လပ်လပ် သင်ယူခွင့် မရမချင်း၊ လူတိုင်း ကုန်ကျစရိတ်မျှတတဲ့ ဒါမှမဟုတ် အခမဲ့ဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရသေးသရွေ့ ကျွန်မတို့ ဒီချီတက်ဆန္ဒပြမှုကြီးကို မရပ်နိုင်ပါဘူး”ဟု ချီတက်ဆန္ဒပြမှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် လီဒေါက်ထရီက ပြောကြားသည်။

အမျိုးသမီးများ ဦးဆောင်သည့် ချီတက်ဆန္ဒပြပွဲကို ၂၀၁၇ ခုနှစ် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ 

အမျိုးသမီးများ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဗြိတိန်(ယူကေ)နိုင်ငံ လန်ဒန်မြို့၊ ဂျာမနီနိုင်ငံ ဘာလင်မြို့အပါအဝင် မြို့ပေါင်း ၃၁ မြို့၌ ပြုလုပ်ခဲ့ကြသည်။ ကျား၊ မ တန်းတူအခွင့်အရေး ရရှိရေးအတွက် ချီတက်ဆန္ဒပြပွဲပေါင်း ၈၀ ကျော်ထိရှိခဲ့ သည်ဟု သတင်းများက ဖော်ပြသည်။

သို့သော် အမေရိကန်ပြည်ထောင်စုတွင်မူ ကျား၊ မ တန်းတူအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် အရေးကိစ္စတို့သာမက ဆန္ဒပြပွဲ၏ ဦးတည်ချက်မှာ သမ္မတ ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေးသဘောမျိုးသို့ သက်ရောက်ခဲ့သည်။

ဆန္ဒပြသူအမျိုးသမီးများက မက္ကဆီကို နယ်စပ်ဒေသ တံတိုင်းတည်ဆောက်မည့်ကိစ္စ ဖျက်သိမ်းရန်နှင့် နယ်စပ်ဂိတ်ပေါက်များ ဖွင့်ထားရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ချီတက်ဆန္ဒပြသည့်နေရာတစ်ခုတွင် အမျိုးသမီးတစ်ဦးက ထရမ့်အရုပ်ပုံ မိုးပျံလေပူဖောင်းတစ်လုံးကို မိုးပေါ်သို့လွှတ်တင်လိုက်ရာ အမျိုးသမီးလူအုပ်ကြီးက “ဒိုးလိုက်တော့ ဘိုင့် ဘိုင်”ဟု သံပြိုင် အော်ဟစ်ပြခဲ့ကြသည်။

F-01