News

POST TYPE

ARTICLE

ဒူတာတေးအတွက် အောင်လက်မှတ်
17-Jan-2019



၂ဝ၁၈ ခုနှစ်ကုန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ အပေါက်ဆိုးဆိုး သမ္မတရော့ဒရီဂို ဒူတာတေး (Rodrigo Duterte) အတွက် အောင်စာရင်းထွက်လာသည်။ ၂၀၁၆ ခုနှစ်ကတည်းက သူ့ကို ပြည်သူတွေက ယုံကြည်စွာမဲပေးပြီး ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူတို့ ယုံစားခဲ့သည့်အတိုင်း သမ္မတအဖြစ် တက်လာပြီးနောက် ဖိလစ်ပိုင်ကို ကြမ်းတမ်းစွာ ကိုင်တွယ် အုပ်ချုပ်ခဲ့သဖြင့် ဝေဖန်မှုတွေ ရှိနေသည့်ကြားက ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးကိုတိုးတက်အောင် လုပ်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ 

နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင် လုပ်နေသော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် မငြိမ်းချမ်းသေးဟု ဆိုရမည်။ လမ်းများပေါ်တွင် ယနေ့တိုင် လုံခြုံစိတ်ချရမှု မရှိသေးပေ။ နိုင်ငံအတွင်း လက်နက်ကိုင် ကွန်မြူနစ်သူပုန်တွေ ရှိနေဆဲဖြစ်သလို မိုရိုဟုခေါ်သည့် ခွဲထွက်ရေးဝါဒီတွေကလည်း အစိုးရကို လက်နက်စွဲကိုင် ပြိုင်ဆိုင်ပြီး စိန်ခေါ်နေကြသည်။

ဒူတာတေးတစ်ယောက် ၇၃ နှစ် အရွယ်ကို ရောက်လာပြီဖြစ်သည်။ သမ္မတတာဝန်ကို ဝမ်းမြောက်ဝမ်းသာ ထမ်းဆောင်ပြီး မူးယစ်သမားတွေကို အမြစ်ဖြုတ်ရန် စိန်ခေါ်ကာ စစ်ပွဲအသွင်ဖြင့် တိုက်ခိုက်နှိမ်နင်းခဲ့သည်။ သမ္မတတစ်ဦးအနေနှင့် ကိုယ့်ပြည်သူကို ပြန်ပြီးသတ်ရန် စိန်ခေါ်ရခြင်းမှာ မလွယ်ကူလှသော်လည်း သူ့နိုင်ငံ မူးယစ်ဆေးဝါးပြဿနာကို မည်သို့ ကိုင်တွယ်မှရမည်ကို သူသာအသိဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြေးဖောင်းပွမှု လျော့နည်းအောင် မလုပ်နိုင်သေးသော်လည်း စီးပွားရေးကောင်းလာသည်။ ထိုအချက်များကပင် ပြည်သူများသည် သူ့အပေါ် စိတ်ဆိုးဒေါသထွက်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်လာကြသည်။

သူက နိုင်ငံအတွင်း ထကြွသောင်းကျန်းနေသည့် ရာဇဝတ်မှုများကို နှိမ်နင်းရန်နှင့် အကျင့်ပျက်ခြစားမှုများကို အမြစ်ဖြုတ်ရန် ကြွေးကြော်လာသလို၊ ကွန်မြူနစ်များနှင့် မိုရိုသူပုန်တို့ကိုစေ့စပ်မရသည့် အဆုံးတွင် အပြုတ်တိုက်ရန် ဆုံးဖြတ်လိုက်ရတော့သည်။ 

ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတဖြစ်သည်။ ရွေးကောက်ပွဲတွင် သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သော သမ္မတတစ်ဦးဟုလည်း ဆိုနိုင်သည်။ ထောက်ခံမဲ ၁၆ ဒသမ ၆ သန်းကျော်ဖြင့် အနိုင်ရရှိခဲ့သဖြင့်လည်း ဖိလစ်ပိုင်သမိုင်းတွင် မဲအများဆုံးဖြင့် သမ္မတဖြစ်လာသူဟု ဆိုနိုင်သည်။ ပြည်သူက သူ့အပေါ် ယုံကြည်မှုအပြည့်ဖြင့် သူတို့ဘဝ၏ စိုးမိုးခြိမ်းခြောက်နေမှုများကို လွတ်မြောက်အောင် လုပ်ပေးနိုင်မည့်သူဟု မှတ်ယူကာ ရွေးကောက်တင်မြှောက်လိုက်ကြခြင်းလည်းဖြစ်သည်။ 

လူပြိန်းကြိုက် အပေါစား စကားလုံးများကိုသုံးကာ စည်းလွတ်ဝါးလွတ် လမ်းဘေးစကားများကို ပြောဆိုပြီး ကြမ်းရမ်းပြသော်လည်း သူ့ကိုမီဒီယာတွေက ကြိုက်ကြ၊ ထောက်ခံရေးကြသောကြောင့် စိတ်ဝင်စားစရာကောင်းသည့် သမ္မတတစ်ယောက်ဖြစ်လာရသည်။ သူ့ယခင် သမ္မတဟောင်း အကွီနိုအား စီးပွားရေးတွင် ပိုပြီးစွမ်းဆောင်နိုင်ခဲ့သူဟုဆိုစေ ဒူတာတေးသည် သူ့နည်း သူ့ဟန်နှင့် အောင်မြင်အောင် လုပ်ဆောင်နိုင်သူဖြစ်သည်။ သူ့လက်ထက်တွင် အဓိက အရေးယူဆောင်ရွက်နိုင်ခဲ့သော သုံးခုကပင် သူ့အပေါ် ပြည်သူတွေက ယုံလောက်အောင် ဖြုံကြောက်တွေ ဖြစ်ကုန်သည်။ သူက ကတိပေးထားသည့်အတိုင်း မူးယစ်ဆေး၊ လာဘ်ပေး လာဘ်ယူမှုနှင့် ရာဇဝတ်မှုတို့ကို အပြတ်သုတ်သင်ခဲ့ခြင်းကလည်း ထောက်ခံစရာများ ဖြစ်စေခဲ့သည်။

ဒူတာတေးက သမ္မတတာဝန်ယူပြီးကတည်းက “သုံးလကနေ ခြောက်လအတွင်း”ဟု မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်မည့် ကာလအား သတ်မှတ်ထားခဲ့သည်။ သူက ပြောသည့်အတိုင်းလည်း ကြမ်းကြမ်းရမ်းရမ်း ကိုင်တွယ်ဖြေရှင်းသည်။ သူကိုင်တွယ်သည့် ကာလများတွင် မူးယစ်ဆေးဝါး ပြဿနာသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။ မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွဲသည်။ သူ၏ သမ္မတသက်တမ်း ထက်ဝက်ကျိုးချိန်တွင် သူ့အပေါ် ပြည်သူတွေ ထောက်ခံအားက ပိုပြီးတိုးလာကြောင်း Pulse Asia Research ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် ကြွေးကြော်ထားသော်လည်း မင်ဒါနာအိုကျွန်းသည် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားရသည့် ဒေသဖြစ်နေသည်။ သူအုပ်ချုပ်နေသည့် ၂ နှစ်တာကာလအတွင်း မည်သို့ပြစ်တင် ဝေဖန်သည်ဆိုစေသူ၏ ချီးကျူးစရာကောင်းသော စိတ်ဓာတ်မှာ မဆုတ်မနစ် လုပ်ဆောင်တတ်ခြင်းပင်ဖြစ်သည်။ ယခင် ဒါဗာအိုမြို့၏ မြို့တော်ဝန်ဘဝကတည်းက သူ့လက်စောင်း မည်မျှထက်ကြောင်း လူဆိုးလူမိုက်တွေ ကောင်းကောင်းသိသည်။ မူးယစ်ဆေးပြဿနာကို ကိုင်တွယ်ရာတွင် ထင်ရှားသဖြင့် မူးယစ်ဗိုလ်ချုပ်ဟု လူမိုက်တွေက သူ့ကိုခေါ်ကြသည်။ သမ္မတဖြစ်လာတော့လည်း နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့များက မည်မျှ ဝေဖန်သည်ဆိုစေ သူလုပ်ဆောင်စရာရှိသည်များကို လက်သံပြောင်ပြောင် လုပ်ဆောင်ခဲ့သည်။

သူ့ကိုထောက်ခံသည် မထောက်ခံသည်မှာ လွှတ်တော်နှစ်ရပ်စလုံးတွင် အဖြေဖြစ်သည်။ ၂ နှစ် တာကာလအတွင်း သူ့လက်ထက်တွင် ပညာရေးဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် တက္ကသိုလ်တွင် အခမဲ့ပညာ သင်ကြားပိုင်ခွင့်ကို ဥပဒေဖြင့်ထုတ်ပြန်နိုင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဆင်းရဲသဖြင့် ဘွဲ့မရနိုင်သော သဘောတရားကို သူကဆန့်ကျင်ပြီး လူတိုင်း တက္ကသိုလ်တက်ပိုင်ခွင့်ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ထို့ပြင် သူ့လက်ထက်တွင် အစိုးရဌာနများအနေနှင့် စီးပွားရေး လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပေးရန် ဥပဒေ၊ အခွန်ဥပဒေသစ်၊ နိုင်ငံခြားဘဏ် ဥပဒေ၊ ဖိလစ်ပိုင်နိုင်ငံသားတိုင်းအတွက် နိုင်ငံကူးလက်မှတ် ၁၀ နှစ် သက်တမ်း ကိုင်ဆောင်ခွင့်ဥပဒေ၊ ဒရိုင်ဘာလိုင်စင် ၅ နှစ်သက်တမ်းဥပဒေစသည်တို့ကိုလည်း အောင်မြင်စွာ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းများက အဖြေဖြစ်မည်ထင်ပါသည်။ နှစ်ပေါင်းများစွာ ပြဿနာဖြစ်နေသည့် ဥပဒေများကို ပြီးပြတ်စေရန် ဆောင်ရွက်နိုင်ခဲ့ခြင်းကလည်း သူ့အရည်အချင်းတစ်ခုဟု ဆိုရမည်။

၁၉၇၀ ပြည့်နှစ်လောက်ကတည်းက ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှာ ပြဿနာတစ်ရပ် ဖြစ်လာသည်။ သူမတက်လာမီကတည်းက မူးယစ်ရာဇာကြီးတွေ ကြီးပွားချမ်းသာနေမှုကို စောင့်ကြည့်ပြီး အမြစ်လှန်ရန်ဆုံးဖြတ်ကာ အာဏာရလာချိန်တွင် ပြတ်သားစွာ ကိုင်တွယ်ခဲ့သည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူမှန်သမျှ ပစ်သာသတ် အရေးမယူဟု ပြတ်သားစွာ အမိန့်ထုတ်လိုက်သောကြောင့် လူပေါင်း ၅၀၀၀ မှ ၇၀၀၀ အတွင်း သေဆုံးကုန်သည်။ သူသမ္မတ ဖြစ်လာပြီးနောက် လူမိုက်လောကတွင် သူ၏ ဒါဗာအို သေမင်းတပ်ဆိုသည့်စကားကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်လာသည်။ သူ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့ကို လူမိုက်တွေ ကြောက်လာသည်။ ထောင်ထဲတွင် မူးယစ်ဆေးနှင့် ပတ်သက်သူတွေကို မမြင်ချင်ကြောင်း ပြတ်သားသည့်အမိန့်ကြောင့် လမ်းတွေပေါ်တွင် အပြတ်ရှင်းခဲ့ကြသဖြင့်လည်း မူးယစ်ဆေးနှင့် ပတ်သက်သည့် ရာဇဝတ်မှုများ လျော့နည်းသွားခဲ့ သည်။ သူ့နိုင်ငံမှ မူးယစ်ဆေးဖြင့် ကိုယ်ကျိုးရှာနေသူ လူတစ်စုအကျိုးကိုမကြည့်၊ ပြည်သူသန်း ၁၅၀ ခန့်အကျိုး ကိုကြည့်ကာ လုပ်ဆောင်မည်ဆိုသော ခံယူချက်ကြောင့်ပင် သွေးချောင်းစီးခြင်းကို လျစ်လျူရှုနေခဲ့ခြင်းဖြစ်သည်။

သူ့ကြောင့် မူးယစ်ဆေးနှင့် ပတ်သက်နေသည့် ရွာပေါင်း ၂၉,၇၄၉ ရွာတွင် ၁၈,၃၈၈ ရွာကို မူးယစ်ဆေးကင်းစင် ရွာအဖြစ် သတ်မှတ်ကြေညာနိုင်ခဲ့သည်။ မူးယစ်ဆေးစွဲနေသူ ၁ ဒသမ ၂ သန်းကျော်အနက် ၄၉,၂၆၅ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ မူးယစ်ရာဇာဟု သတ်မှတ်ထားသူပေါင်း ၄,၅၄၀ ကျော် ပျောက်ကုန်သည်။ မူးယစ်ဆေး သုံးစွဲသူပေါင်း ၂၀၈,၀၀၀ ဦး ကို ပြန်လည်ထူထောင်ရေးနှင့် ကုသရေးစခန်းများကို ပို့နိုင်ခဲ့သည်။ နိုင်ငံအတွင်းရှိ မူးယစ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းပေါင်း ၁၈၉ နေရာကို ဖြိုဖျက်နိုင်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဖိလစ်ပိုင်ငွေ ၁၃ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းဆေးဝါးတန်ဖိုး ဖိလစ်ပိုင်ငွေ ၁၉ ဒသမ ၆၇ ဘီလီယံကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်။ ယင်းသည် ဒူတာတေးလက်ထက်တွင် မည်သည့်ခေတ်ကမှ မလုပ်ဆောင်နိုင်ခဲ့သည့် မူးယစ်ဆေးပြဿနာ အဖြေဖြစ်သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲလာမှုများကလည်း သိသာစွာတိုးတက်လာကြောင်း တွေ့ရသည်။ ဝန်ဆောင်မှုအပိုင်းတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းတွင် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ လယ်ယာနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ဒသမ ၂ ရာခိုင်နှုန်းဖွံ့ဖြိုးတိုးတက်လာသည်။ 

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အပိုင်းတွင်လည်း မြင့်တက်လာသည်။ BSP (Bangko Sentral ng Pilipinas) အဖွဲ့၏ အစီရင်ခံစာတွင် ၂၀၁၈ ခုနှစ် ပထမလေးလပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဟု ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ် က ပထမလေးလပတ်အတွင်း ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသာရှိသေးသဖြင့် တိုးတက်လာသည်ဟု ဆိုနိုင်သည်။ 

ဖိလစ်ပိုင်နိုင်ငံသည် ဆိုရှယ်ကွန်ရက်တွင် Facebook ကို အသုံးအများဆုံးနိုင်ငံဟု ဆိုနိုင်သည်။ စမတ်ဖုန်းများဖြင့် Facebook သုံးစွဲမှု အများဆုံးဖြစ်ပြီး Facebook သုံးစွဲသူ ၉၇ ရာခိုင်နှုန်းသည် ဖုန်းများကို အသုံးပြုကြောင်း သိရသည်။ ဒူတာတေး ကိုယ်တိုင်က အစဉ်အလာကို ဆန့်ကျင်သူဖြစ်သည်။ သူကခရစ် ယာန်အဖွဲ့အစည်းများ၏ ဘာသာရေးဆိုင်ရာ တားမြစ်ပိတ်ပင်မှုများကို လက်မခံဘဲ ကျေးလက်နေ ပြည်သူများအထိ Facebook ကို မျက်စိပွင့် နားပွင့် သုံးစွဲနေခြင်းကို အားပေးသည့်အပြင်၊ သူကိုယ်တိုင်လည်း Facebook ကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေသူဖြစ်သည်။ 

သူ့ထံတွင် Blogger ပေါင်းများစွာရှိသည်။ ထို ဘလော့ဂ်ဂါတွေက သူ့ကို နည်းမျိုးစုံဖြင့် နောက်ကွယ်က အထောက်အပံ့တွေပေးနေသည်။ သူ့ဘက်က 

“တပ်ဝါ” ဆိုသည့် အွန်လိုင်းသူရဲကောင်းတွေကို မွေးထားပြီး သူ့ကိုအပုပ်ချနေသူများကို ချေဖျက်နိုင်သည့် အကြောင်းအရာများဖြင့် ချက်ချင်းတုံ့ပြန်နိုင်အောင် ကြိုးစားတတ်သည်။ အွန်လိုင်းပေါ်တွင် သူက ပြည်သူများကို မှားယွင်းစွာ ဝါဒဖြန့်နေမှုများအား သူ့တပ်ဝါများနှင့် ပြန်တိုက်နိုင်အောင် ကြိုးစားနေခြင်းကလည်း ထူးခြားမှုတစ်ခုဖြစ်သည်ဟု ဆိုရမည်။ သူ့ကိုသာမက ယခင်အာဏာရှင် မားကို့စ်ကိုပါ မတော်မတရား ပြောဆိုမှုများကို အကာအကွယ်ပေးနေသည့်သူများကို မွေးထားနိုင်ခြင်းကြောင့်လည်း ဆိုရှယ်မီဒီယာပေါ်တွင် တော်ရုံဝေဖန်ချက်များဆိုလျှင် ချေဖျက်ပြီးသားဖြစ်သွားပေလိမ့်မည်။ ဆိုရှယ်မီဒီယာကို မီဒီယာဖြင့် ပြန်တိုက်ခြင်းဖြင့် ကောင်းစွာထိန်းချုပ်နိုင်သည့်သူဟု ဆိုရမည်ဖြစ်သည်။ 

ဒူတာတေး အုပ်ချုပ်နေသည့်ကာလတွင် ကုန်ဈေးနှုန်းကြီးမြင့်လာမှုများကတော့ ရှိနေသည်။ ဆန်ဈေး၊ အစားအသောက်ဈေးတွေ တက်သည်။ ငွေကြေး ဖောင်းပွမှုနှုန်းက ၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ ယမန်နှစ် စက်တင်ဘာတွင် ၆ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သွားသောကြောင့် အာရှတွင် အမြင့်မားဆုံး စံချိန်တင်သွားသည်။ ကုန်ဈေးနှုန်းကြီးမြင့်လာမှုများကို မထိန်းနိုင်လျှင် ငွေကြေးတန်ဖိုးလည်း ထိုးကျမည်၊ ထိုသို့ဖြစ်သွားလျှင် ပြည်သူများ အယုံအကြည် ကင်းမဲ့သွားနိုင်သည်ဆိုသော သတိပေးချက်များကို သူကောင်းစွာသိသည်။ မည်သို့ အရေးယူ ဆောင်ရွက်မည်ကို ၂၀၁၉ တွင် လေ့လာစောင့်ကြည့်ရမည်ဖြစ်သည်။ 

သူ့လက်ထက်တွင် အခြားပြောင်မြောက်သည့် လုပ်ဆောင်ချက်မှာ ဘူဒိုဇာဖျက်ဆီးရေးဖြစ်သည်။ နိုင်ငံခြားမှ တရားမဝင် တင်သွင်းလာသည့် ဇိမ်ခံနှင့် ပြိုင်ကားအကောင်းစားများကို ဖမ်းဆီးပြီး ဘူဒိုဇာနှင့် နင်းချေဖျက်ဆီးပြသည့် ပုံများကို ထုတ်ပြန်လိုက်သည့်အခါတွင် အားလုံးအံ့အားသင့်ကုန်ကြသည်။ အကောက်ခွန်မဲ့ တင်သွင်းလာမှုများကို မူးယစ်ဆေးဝါး နှိမ်နင်းသလို နှိမ်နင်းမည်ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် ဒူတာတေးသည် အကောက်ခွန်ဌာနကို စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ထားကာ ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ အကောက်ခွန်အဖွဲ့အစည်း၏ မင်းမဲ့စရိုက်ဖြင့် နှစ်ပေါင်းများစွာ စိုးမိုးလာမှုများသည် နေဝင်သွားပြီဟု ဆိုရမည်။ မနီလာနှင့် ဖိလစ်ပိုင်အခြား ဆိပ်ကမ်းများကို စစ်တပ်က အချိန်မရွေး ဝင်စစ်ပြီး ဖမ်းဆီးအရေးယူပိုင်ခွင့်များကို အမိန့်ပေးလိုက်ခြင်းကြောင့် တရားမဝင် အကောက်ခွန်မဲ့ နိုင်ငံအတွင်း တင်သွင်းနေမှုများ ပပျောက်လာကြောင်းလည်းတွေ့ရသည်။ 

ဒူတာတေးအတွက် ကြောက်စရာအကောင်းဆုံးရန်သူမှာ ခရစ်ယာန်အဖွဲ့အစည်းမှ သူ့ကို မကြိုက်သူများနှင့် အတိုက်အခံအချို့သာဖြစ်သည်။ သူတို့က ဒူတာတေး တက်လာကတည်းက ဆန့်ကျင်ဝါဒဖြန့်ကာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သူကလည်း အာကြမ်းနှုတ်ကြမ်းစွာဖြင့် တုံ့ပြန်တတ်မှုများက ပြိုင်ဘက်များအတွက် ထိုးနှက်တိုက်ခိုက်စရာများဖြစ်သည်။ ပြိုင်ဘက်များသာမက ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကပါ သူ့အပေါ် စိတ်ပျက်ကြသည်။ မည်သို့ဆိုစေ သူ၏ ထင်ရာပြောတတ်ခြင်းက သူ့ကိုလူကြိုက်များအောင် ပိုပြီး လုပ်ဆောင်နေသလိုဖြစ်ရန် သူ့ဘက်တွင် အွန်လိုင်းဘက်တော်သားတွေ အပြည့်ရှိနေသည်။

ကျော်ဗလ

(Ref: Why Duterte Remains Popular, Gilbert Felongco; Philippine Politics Under Duterte: A Midterm Assessment, David G. Timberman)