News

POST TYPE

ARTICLE

အကြွေစေ့ဂိမ်းဆိုင်များတွင် လောင်းကစားလုပ်ခွင့် ပြုပါက မြို့နယ်မှူးများကို အရေးယူမည်ဟု နယ်/လုံဝန်ကြီးပြော
25-Oct-2016 tagged as လောင်းကစား


ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုထားသော အကြွေစေ့ ဂိမ်းဆိုင်များကို ငွေကြေး(လောင်းကစား) ပါဝင် ပတ်သက်ခွင့် ပြုထားသည့် မြို့နယ်မှူး၊ ခရိုင်မှူးများအား အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက အကြွေစေ့ဂိမ်းများ လောင်းကစားဆန်နေမှု အရေးယူပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာတွင် နယ်/လုံဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများကို လောင်းကစားဆန်သည့် အကြွေစေ့ဂိမ်းများ၊ ငါးမန်းဂိမ်းဆိုင်များကို ခွင့်မပြုရန်နှင့် ငွေကြေးဖြင့် ပါဝင်ပတ်သက်မှု မရှိစေရန် မှာကြားထားပြီး အဆိုပါ ဂိမ်းများအား ငွေကြေး ပါဝင် ပတ်သက်၍ ခွင့်ပြုထားပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်/လုံဝန်ကြီးက ပြောဆိုသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ခရိုင်ရဲတပ်ဖွဲ့ ခရိုင်မှူး၎ ယောက်ရယ်၊ မြို့နယ်မှူး ၄၄ ယောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၄၄ ယောက်ကို အားလုံး ကျွန်တော့်ရုံးခန်းမှာ ခေါ်ယူမှာကြားပြီး ဖြစ်ပါတယ်။ ခရိုင် အုပ်ချုပ်ရေးမှူး ၄ ဦး အပါအဝင် ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ငွေကြေး ပါဝင် ပတ်သက်ပြီးတော့ ခွင့်ပြုထားတယ်ဆိုရင် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်။ ပါဝင် ပတ်သက်တယ်လို့ စိစစ် ဖော်ထုတ်ပြီး တွေ့ရှိရတယ်ဆိုရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အကြွေစေ့ ဂိမ်းများသည် အပျော်တမ်း ကစားသည်ထက် ကျော်လွန်၍ လောင်းကစား အသွင်ဆောင်ပြီး ပြည်သူများ၏ စားဝတ်နေရေးကိုပါ ထိခိုက်လာသည့်အတွက် လောင်းကစားဝိုင်းများကို တရား ဥပဒေနှင့်အညီ ဖယ်ရှား ရှင်းလင်းပေးရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

“သူတို့က ခွင့်ပြုထားတာက ကလေး ကစားတဲ့ ဂိမ်းဆိုင်ပဲ ခွင့်ပြုထားတဲ့အတွက် အခုက ဥပဒေကို ကျော်လွန်လာလို့ ဖမ်းဆီး ဆောင်ရွက်ရမှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားဝင် လိုင်စင်ဖြင့် အကြွေစေ့ဂိမ်း၊ ငါးမန်း ဂိမ်းဆိုင်ပေါင်း ၄၃ဆိုင် ခွင့်ပြုထားကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။