News

POST TYPE

ARTICLE

မြန်မာအမျိုးသမီးများ အလိုရှိသည်
10-Jan-2019


မျက်လုံးကို အဝတ်စတစ်ခုနှင့်ပိတ်ကာ ကွမ်ကျိုးမြို့ရှိ ဆေးရုံတစ်ခုသို့ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာသည်။

ပွဲစားအမျိုးသမီးနှင့် တရုတ်မိသားစုတစ်စုက သူမကို ကားဖြင့်ခေါ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။

၂ နာရီအကြာ မောင်းလာခဲ့ပြီးနောက် ဆေးခန်းတစ်ခုအရောက်တွင် အသက် ၄၀ အရွယ် ပွဲစားအမျိုးသမီးက အဝတ်စကို ဖြေချလိုက်သည်။

“အဲဒီနေ့က ကျွန်မကို ပက်လက်လှန်ခိုင်းတယ်။ အဲဒီအချိန် မျက်လုံးစုံမှိတ်ချလိုက်တယ်။ ဘောင်းဘီချွတ်ပြီး ဆေးသွင်းကြတယ်”ဟု မနန်းဘွယ်ကဆိုသည်။

အသက် ၂၀ အရွယ် မနန်းဘွယ်သည် ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် အဒေါ်ဖြစ်သူနှင့် နေထိုင်သူဖြစ်သည်။

ကချင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် တရုတ်ပြည်တွင် စရိတ်ငြိမ်း တစ်လ ၂ သိန်းခွဲနှင့် အလုပ်လုပ်ကိုင်ရန်အတွက် နေအိမ်သို့ ပွဲစားအမျိုးသမီးတစ်ဦးက လာရောက်စည်းရုံးခဲ့ခြင်းဖြစ်သည်။

ပွဲစားစည်းရုံးမှုဖြင့် မွေးရပ်မြေမှစွန့်ခွာရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ၎င်းကဆိုသည်။

“အဲဒီနေ့က တစ်သိန်းပေးတယ်။ အဝတ်စားဝယ်ဖို့၊ လိုအပ်တာဝယ်တယ်”ဟု သူမကရှင်းပြသည်။

ထို့နောက် ပွဲစားအမျိုးသမီးနှင့်အတူ မြစ်ကြီးနားမှတစ်ဆင့် ကားဖြင့် တရုတ်ပြည်ကို လိုက်လာခဲ့သည်။

လမ်းခရီးတွင် ၂ ည အိပ်ခဲ့ရပြီးနောက် တရုတ်ပြည် ရွှေလီကိုရောက်ရှိခဲ့သည်။ ရွှေလီမှတစ်ဆင့် ၅ နာရီအကြာ ကွမ်ကျိုးမြို့ကိုရောက်ရှိခဲ့သည်။

တရုတ်ပြည် ကွမ်ကျိုးမြို့သည် တရုတ်နယ်စပ် မူဆယ်မြို့မှသွားလျှင် ၃ ညအိပ်သွားရပြီး မိုင် ၉၀၀ ဝေးသည့်တောင်ပေါ်မြို့လေး ဖြစ်သည်။

မနန်းဘွယ်မှာ အငှားကိုယ်ဝန်ဆောင်ရန်အတွက် တရုတ်ပြည်ကို ၂၀၁၇ ခုနှစ်က ရောင်းစားခံလိုက်ရခြင်းဖြစ်ပြီး ယခုပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

အငှားကိုယ်ဝန်ဆောင်သော ဝန်ဆောင်မှုပေးနေသည့် စင်တာမျက်နှာစာတွင် တရုတ်ဘာသာဖြင့် ရေးသားထားသည့် ကြော်ငြာဆိုင်းဘုတ်ရှိသည်။

ယင်းစင်တာသည် ၁၅လွှာအမြင့်ရှိပြီး မနန်းဘွယ်နှင့်အတူ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အသက် ၂၀ မှ ၃၀ ကျော် အမျိုးသမီး ၁၀ ဦး အတူနေထိုင်ရသည်ဟု သူမက ရှင်းပြသည်။

“ကျွန်မ အဲဒီရောက်မှ ကိုယ်ဝန်ဆောင်လုပ်ငန်းဆိုတာ သိရတယ်။ တခြား အလုပ်မရှိဘူးလားမေးတယ်။ မရှိဘူး။ ဒီအလုပ်ပဲရှိတယ်”ဟု ပွဲစားအမျိုးသမီးကပြောကြောင်း သူမက ပြန်ရှင်းပြသည်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အငှားကိုယ်ဝန်ဆောင်မှု ၄ မှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်အတွင်း အငှားကိုယ်ဝန်ဆောင်၍ ပြန်လည်ရောက်ရှိလာသူ ၂၀၁၈ အတွင်း ၁၀ ဦးရှိကြောင်း မိုးညှင်းခရိုင်မှ ဒုရဲအုပ်နေမျိုးခန့်က ဆိုသည်။

အငှားကိုယ်ဝန်ဆောင်ပြီး ပြန်လာသူများကို စစ်ဆေးရာတွင် တွေ့ရှိခဲ့ရမှုနှင့်ပတ်သက်၍ ဒုရဲအုပ် နေမျိုးခန့်က “ဆန်းကြယ်လာတဲ့ လူကုန်ကူးမှုပုံစံ ဖြစ်နေတယ်။ တချို့ကောင်မလေးဆို ဗိုက်မှာ ဓားဒဏ်ရာပါလာတယ်”ဟု ရှင်းပြသည်။

တရုတ်ပြည် ကွမ်ကျိုးမြို့ပေါ်ရှိ အငှားကိုယ်ဝန်ဆောင်လုပ်သား ဝန်ဆောင်မှုပေးနေသည့်နေရာတွင် လူပွဲစားများမှတစ်ဆင့် လစဉ် ၁၀ ဦးထက်မနည်း ရောင်းစားခံနေရသည်။

“အဲဒီမှာ ကိုယ်ဝန်ဆောင်ထားသူတွေရော၊ မဆောင်ရသေးဘဲ ဆေးကျွေးထားသူတွေရော ရှိတယ်။ တစ်ပတ် လူသစ် ၃ ယောက်ကနေ ၅ ယောက်လောက်အထိ ပွဲစားတွေက လူသစ်လာပို့တယ်”ဟု မနန်းဘွယ်က ရှင်းပြသည်။

တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်က စတင်ကာ နှစ် ၃၀ နီးပါး တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မွေးဖွားရန် မူဝါဒကို ချမှတ်ခဲ့ကြသည်။

ယင်းမူဝါဒကြောင့် တရုတ်လူမျိုးများက မျိုးရိုး နာမည်၊ ဓလေ့ထိန်းသိမ်းရန်အတွက် ယောက်ျားလေးကိုသာ ဦးစားပေး ရွေးချယ်လာကြသည်။

ယင်းကြောင့် ယခုကာလတွင် တရုတ်အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ၃၄ သန်းလျော့နည်းနေပြီဖြစ်သည်။

ယင်း၏နောက်ဆက်တွဲ အကျိုးဆက်အဖြစ် မြန်မာအမျိုးသမီးများကို သတို့သမီးအဖြစ် တရုတ်နိုင်ငံတွင်ရောင်းစားရန် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လူကုန်ကူးမှုများ လုပ်ဆောင်နေကြပြီး ယခု အငှားကိုယ်ဝန်ဆောင်ရန် စည်းရုံးခေါ်ဆောင်မှုသည် နည်းလမ်းသစ်တစ်ခုဖြစ်လာသည်။

0hns Honpkins Bloomberg တက္ကသိုလ် လူထုကျန်းမာရေးဌာန၏ သုတေသနလေ့လာချက်အရ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ပေးစားခံရသည့် အမျိုးသမီး ခန့်မှန်းခြေ ၇၅၀၀ ခန့်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ဒုတိယအပတ်က မူဆယ်မြို့နှင့် လောက်ကိုင်ဒေသတွင် တရုတ်-မြန်မာ နှစ်ဘာသာဖြင့်ရေးထားသည့် အငှားကိုယ်ဝန်ဆောင် ကြော်ငြာစာရွက်များကို မူဆယ်မြို့တွင် လာရောက်ကြေညာခဲ့သည်။

“မြန်မာမိန်းကလေးတွေကို သိက္ခာကျစေတယ်။ ကျွန်တော်တို့ စာရွက်ကပ်သူကို CCTV က ကြည့်တော့ အမျိုးသားဖြစ်နေတယ်။ ငွေပေးပြီး ကပ်ခိုင်းတဲ့သဘောရှိတယ်။ ဒေသခံတွေနဲ့ စောင့်ကြည့်နေတယ်။ ခုထိမမိသေးဘူး”ဟု စာရွက်များ လိုက်လံသိမ်းဆည်းရာတွင် ပါဝင်ခဲ့သော မူဆယ်မြို့ ကရုဏာနာရေးကူညီမှုအသင်းမှ ဦးသောင်းထွန်းက ပြောဆိုသည်။

ယင်းသို့ လိုက်လံသိမ်းဆည်းနေသော်လည်း ပြည်ထောင်စုလမ်းမတစ်လျှောက် ဓာတ်တိုင်များ၊ လူနေအိမ်နံရံများ၊ ဆိုင်ခန်းများတွင် စုတ်ဖြဲလက်စ ကျန်သည့်စာရွက်များအပြင် အသစ်တိုင်းကပ်ထားသည့် အငှားကိုယ်ဝန်လုပ်သားလိုအပ်ကြောင်း စာရွက်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့မြင်ခဲ့ရသည်။

စာရွက်ထိပ်ပိုင်းမှာ “အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလိုရှိသည်” မျိုးအောင်မြင်ပြီးသား မျိုးစေ့အား ကိုယ်ဝန်ဆောင်မည့်သူ၏ သားအိမ်အတွင်းသို့ထည့်၍ ကိုယ်ဝန်ဆောင်ရမည်၊ မွေးဖွားပြီးသည်အထိ ၁၀ လအတွင်း ၁ လကို ယွမ်ငွေ တစ်သောင်းသုံးထောင်ရမည်။ မိတ်ဆက်ပေးမည့်ကုမ္ပဏီသို့ အကြိုအပို့ အခမဲ့ စီစဉ်ပေးမည်။ အသက် ၃၅ နှစ်၊ ကျန်းမာရေးကောင်း ကူးစက်ရောဂါမရှိသူ၊ ရုပ်ရည်၊ ပညာအရည်အချင်း ကန့်သတ်ချက်မရှိ၊ မင်္ဂလာဆောင်ပြီးသူလည်းရသည်။ ကုမ္ပဏီမှ အခမဲ့ စားသောက်နေစရာ စီစဉ်ပေးမည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

သို့သော် တရုတ်ရဲဘက်ကမူ ယင်းသို့သော ကုမ္ပဏီတရုတ်တွင် ဖွင့်ထားတာမရှိကြောင်း အလွတ် သဘော အကြောင်းပြန်ထားပြီး စာနှင့် တရားဝင် ပြန်ပို့ထားခြင်း မရှိသေးကြောင်း မူဆယ်မြို့ လူကုန်ကူး တားဆီးကာကွယ် နှိမ်နင်းရေး ရဲတပ်ဖွဲ့ (မူဆယ်) မှ ရဲမှူးကျော်ညွှန့်က ပြောသည်။

မြန်မာနိုင်ငံ အလုပ်အကိုင်ရှားပါးမှုကြောင့် လူနှစ်သောင်းခန့်မှာ မူဆယ်မြို့မှ တရုတ်ပြည်ထဲသို့ နေ့ချင်းပြန် သွားရောက်အလုပ်လုပ်ကြရသည်။

မူဆယ်မြို့မှ တရုတ်ပြည် ကြယ်ဂေါင်တွင် ကုန် ထမ်းလျှင် တစ်နေ့ ယွမ် ၆၀ (မြန်မာငွေ ၁၅,၀၀၀ ခန့်) မှ ၁၂၀ (မြန်မာငွေ ၃၀,၀၀၀ ခန့်) ကျော်ထိရရှိ ကြောင်း နေ့စားဝန်ထမ်းအဖြစ် မကွေးတိုင်းမှ လာရောက်လုပ်ကိုင်သူ ကိုကြည်လင်းက ဆိုသည်။

အနိမ့်ဆုံး ကုန်ထမ်းလုပ်သားတစ်ဦး ဝင်ငွေ တစ်လလျှင် ပျမ်းမျှ လေးသိန်း ပတ်ချာလည်သာရသည်။ ပြည်တွင်း အထည်ချုပ်လုပ်သားတစ်ဦး အနည်း ဆုံး တစ်ရက်လုပ်အားခ ၄၈၀၀ နှုန်းဖြင့် တစ်လဝင်ငွေ တစ်သိန်းခွဲထက်စာလျှင် မက်လောက်သည့်ငွေဖြစ် သည်။

အငှားကိုယ်ဝန်ဆောင် အမျိုးသမီး တစ်လဝင်ငွေ ယွမ် ၁၃၀၀၀၊ တရုတ်ငွေ ပေါက်ဈေး တစ်ယွမ်လျှင် ၂၂၀ ကျပ်ခန့်ဖြင့် တွက်ချက်ပါက မြန်မာငွေ ၂၉ သိန်းနီးပါးရှိသည်။

ယင်းမှာ အထည်ချုပ်လုပ်သား ဝင်ငွေထက် တစ်လ အဆ ၂၀ နီးပါးရရှိမည်ဖြစ်၍ မြန်မာအမျိုးသမီးတွေအတွက် မက်လောက်သည်ငွေပမာဏ ဖြစ်နေသည်။

မြန်မာအမျိုးသမီးများကို သတို့သမီးအဖြစ် တရုတ်နိုင်ငံတွင် ရောင်းစားရန် ပုံသဏ္ဌာန်အမျိုးမျိုး ဖြင့် လူကုန်ကူးမှုများ လုပ်ဆောင်နေကြပြီး ယခု အငှားကိုယ်ဝန်ဆောင်ရန် စည်းရုံးခေါ်ဆောင်မှုသည် နည်းလမ်းသစ်တစ်ခု ဖြစ်လာသည်။

အငှားကိုယ်ဝန်ဆောင်အလုပ်သမား ရှာဖွေမှုက အိမ်ထောင်ကျပြီးသူ၊ ကလေးမွေးဖူးသူ ဖြစ်ရန်လိုသည်ဟု အချို့ကလည်း ဆိုကြသည်။ 

“အပျိုမရဘူး။ ကလေးမွေးဖူးတဲ့သူမှ သန္ဓေသား ထည့်လို့ရတယ် ကြားတယ်။ ၁၀ လလောက်ဆို သိန်း ၁၀၀ အနည်းဆုံးရတော့ စိတ်ဝင်စားတဲ့သူလည်း ရှိမှာပေါ့”ဟု ပြည်ထောင်စုလမ်းမပေါ်တွင် ကွမ်းယာ ဆိုင်ဖွင့်လှစ်ထားသူ မထားကဆိုသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက သီပေါမြို့မှ အမျိုးသမီး ၂ ဦးကို အငှားကိုယ်ဝန်ဆောင်ရန် တစ်လ ၁၀ သိန်းနှုန်းဖြင့် ၁၀ လ သိန်း ၁၀၀ ပေးမည်ဟု စည်းရုံးခေါ်ဆောင်လာသူကို မူဆယ်လူကုန်တား ရဲတပ်ဖွဲ့က ရွှေလီတွင် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သေးသည်။

“သုံးလကိုယ်ဝန်ဆောင် ၁၀ သိန်းပေးတယ်၊ ၁၅ သိန်းပေးတယ်၊ သန္ဓေသားရရင် ငွေပိုပေးတယ်။ မွေးပြီး ကလေးမျက်နှာမမြင်ရဘူး ပြန်လွှတ်တယ်”ဟု မူဆယ်မြို့ လူကုန်ကူးတားဆီးကာကွယ် နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွှန့်ကဆိုသည်။ 

တရုတ်လိုအပ်ချက်များ၍ မြန်မာသတို့သမီး လူကုန်ကူးခံရမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း လူကုန်ကူးတားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွန့်က ဆိုသည်။ 

“အငှားကိုယ်ဝန်နဲ့ အရေးယူထားတာ မြစ်ကြီးနားမှာတစ်မှု၊ ဝိုင်းမော်မှာတစ်မှုက အမိန့်မချရသေးဘူး”ဟု ၎င်းကဆိုသည်။

မနန်းဘွယ်ကဲ့သို့ တရုတ်ပြည်၌ရောင်းစားခံရသူများထဲမှ အချို့ထွက်ပြေးကာ တရုတ်ရဲစခန်းကို အကူအညီတောင်းခံရာမှ တရုတ်အမျိုးသားအိမ်ကို ပြန်ပို့ခံရသူများလည်းရှိနေကြောင်း မူဆယ်မြို့ ယာယီ စောင့်ရှောက်ရေးဂေဟာမှ ဦးစီးမှူး ဒေါ်ခင်ဆွေလှိုင်ကဆိုသည်။

“ကျွန်မ ဆေးစစ်ဖို့ ဆေးရုံခေါ်သွားတယ်။ အိမ်သာထဲ ခိုးပြီး တရုတ်ရဲကို ဖုန်းဆက်တော့ ဆေးရုံရှေ့ ရဲကားရောက်လာတယ်။ ပြေးပြီး ရဲကားပေါ်တက်သွားတာ ရဲစခန်းရောက်မှ တရုတ်အမျိုးသားဆီ ပြန်ရောက်ခဲ့တယ်”ဟု မကွေးမှ မမိုးမိုးကဆိုသည်။

မူဆယ် ယာယီစောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားရသည့်စာရင်းအရ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတာကာလအတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ ၂၂၈ ဦးရှိပြီး ၂၀၁၇ ခုနှစ်က ၁၈၄ ဦးရှိကြောင်း သိရသည်။

အမှန်တကယ် လူကုန်ကူးခံရသည့် ပမာဏမှာမူ ယင်းထက်ပိုများနိုင်သည်။

၂၀၁၈ ခုနှစ်အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တရုတ်နိုင်ငံ လူကုန်ကူးမှု ဖြစ်ပွားသည့်အခြေအနေအရ ရန်ကုန်တိုင်းအတွင်း ၅၅ မှု၊ ရှမ်းပြည်နယ် ၅၄ မှု၊ မန္တလေးတိုင်း ၂၇ မှု၊ ကချင်ပြည်နယ် ၂၇ မှုတို့ အများဆုံး ဖြစ်ပွားခဲ့သည်။ 

အငှားကိုယ်ဝန်ဈေးကွက် ဖြစ်ပေါ်လာရခြင်းသည် တရုတ်နိုင်ငံက ၂၀၁၆ မှ စတင်ကာ တစ်အိမ်ထောင် ကလေး ၂ ဦး မူဝါဒ ပြောင်းလဲခဲ့ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုဈေးကြီးခြင်း၊ အိမ်ထောင်ကျမှု နောက်ကျခြင်းတို့ကြောင့် ကလေးမွေးဖွားမှုနှုန်း ၂၀၁၈ ခုနှစ် တွင် ၁၃ ရာခိုင်နှုန်း ကျဆင်းနေခြင်းက အဓိကဖြစ်သည်။

မြန်မာနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ဥပဒေက လုံးဝမရှိသေးသောကြောင့် လုပ်ခွင့်မရှိဟု သားဖွား မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောကြားသည်။

“မျိုးအောင်ထားတဲ့ မျိုးစေ့ကို အငှားကိုယ်ဝန်ဆောင်တဲ့သူ မွေးလမ်းကြောင်းထဲ ရောက်အောင်ထည့် ပေးလိုက်တာ။ သားအိမ်ကိုတော့ သေချာစစ်ဆေးရတယ်။ ရာနှုန်းပြည့်ကောင်းတဲ့သူမှ ကိုယ်ဝန်ဆောင်နိုင်တာ”ဟု ၎င်းကရှင်းပြသည်။

အငှားကိုယ်ဝန်ဆောင်ဆိုသော လူကုန်ကူးမှု ပုံစံသစ်ကို ဖော်ထုတ်အရေးယူရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် အငှားကိုယ်ဝန်ဆောင်အတွက်မူ သီးသန့်ပြဋ္ဌာန်းထားသောဥပဒေ မရှိသည့်အတွက် လူကုန်တားဥပဒေဖြင့် အရေးယူရာတွင် အားနည်းချက်များရှိကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်ကြွယ်က ဆိုသည်။

လက်ရှိ လူကုန်ကူးဥပဒေတွင် အပိုင်း (၃) (က) ခေါင်းပုံဖြတ်ခြင်း ခေါင်းစဉ်တွင် တစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာအဖြစ်ခိုင်းစေခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စများကို ဝန်ဆောင်မှုပေးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်းစားခြင်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဥပဒေအရ အရေးယူလို့ရကြောင်း ၎င်းကဆိုသည်။

လက်ရှိ လူကုန်ကူးမှုဥပဒေကို ပြင်ဆင်မှုပိုင်းတွင် အငှားကိုယ်ဝန်ဆောင်မှုခေါင်းစဉ်တစ်ခုအနေနှင့် ထည့်သွင်းရန်နှင့် လူကုန်ကူးဥပဒေ အားနည်းချက် ဖြစ်နေခြင်းများကို ပြည်ထောင်စုလွှတ်တော် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် သို့ ၂၀၁၇ ခုနှစ်က တင်ပြထားပြီး နိုဝင်ဘာလတွင် ထွက်မည်ဆိုသော်လည်း တစ်နှစ်ကျော်သည်အထိ အတည်မပြုနိုင်သေးချေ။

အငှားကိုယ်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တိကျသည့်ဥပဒေ ပြဋ္ဌာန်းထားခြင်း လုံးဝ မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကဆိုသည်။

“အသစ်ပေါ်ပေါက်လာတဲ့ အခြေအနေဖြစ်နေတယ်။ ဥပဒေ၊ နည်းဥပဒေမပြဋ္ဌာန်းနိုင်ရင် အန္တရာယ်ကြီး ဖြစ်လာနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။

အစိုးရအနေနှင့် အငှားကိုယ်ဝန်ကိစ္စကို အလျင်အမြန် မကိုင်တွယ်နိုင်ပါက မြန်မာအမျိုးသမီး အခွင့်အရေးဆိုင်ရာ ပြဿနာအပြင် နိုင်ငံသားဖြစ်မှုများတွင်ပါ ပြဿနာဖြစ်လာနိုင်ကြောင်း ရှေ့နေများက ထောက်ပြသည်။

မနန်းဘွယ်မှာ သန္ဓေသားထည့်ပြီးနောက်ပိုင်း စစ်ဆေးရာတွင် သန္ဓေသား မအောင်မြင်ခဲ့သည့်အတွက် သားအိမ်အားဆေး ထပ်မံသောက်ခဲ့ရသည်။

“အဲဒီကလေးမလေးက သန္ဓေသား နှစ်ကြိမ်ထည့်တာ မအောင်မြင်လို့ ပြန်ပို့ခံရတယ်”ဟု မနန်းဘွယ် အမှုစစ်ဆေးနေသည့် မြစ်ကြီးနား လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ်အေးသန္တာထွန်းကဆိုသည်။

မနန်းဘွယ်သည် မွေးရပ်မြေကို ပြန်ရန်အတွက် အဒေါ်ဖြစ်သူက ငွေလွှဲပို့ပေးခဲ့ရသည်။

မနန်းဘွယ်သည် မွေးရပ်မြေကို ၂၀၁၈ ခုနှစ် ဇူလိုင်လက ပြန်လည်ရောက်ရှိလာပြီး ပွဲစားဖြစ်သူ မစိုးစိုးခိုင်ကို အမှုဖွင့် တရားစွဲဆိုထားသည်။

သူမ ခံစားခဲ့ရသည်များအတွက် အမှန်တရား ပေါ်ပေါက်စေချင်ကြောင်းသာ မနန်းဘွယ်က ပြောဆိုလိုက်သည်။

ခင်မြတ်မြတ်ဝေ