News

POST TYPE

ARTICLE

အိန္ဒိယ သုံးဘီးနှင့် အမျိုးသမီးများ တော်လှန်ရေး
05-Jan-2019



နိုင်ငံတွင် အမျိုးသမီးများအတွက် သွားလာရေးမှာ ယနေ့တိုင် လုံခြုံစိတ်ချရမှုများ ကင်းမဲ့နေဆဲဖြစ်သည်။ ပို့ဆောင်ရေးယာဉ်များ အလုံအလောက် မရှိခြင်းအပြင် အမျိုးသားများ မောင်းနှင်သည့်ယာဉ်များအား စီးနင်းရခြင်းမှာ လုံခြုံစိတ်ချရမှုများမရှိသဖြင့် သုံးဘီးအငှားယာဉ်များ မောင်းနှင်သည့်နေရာတွင် အမျိုးသမီးများ ဝင်ရောက်နေရာယူလာကြောင်း တွေ့ရသည်။ 

အိန္ဒိယနိုင်ငံတွင် ယနေ့တိုင် အမျိုးသမီးများ၏ အခွင့်အရေးဆိုသည်မှာ လွန်စွာနည်းပါးနေသည့် အနေအထားတွင် ရှိနေသည်။ အမျိုးသမီးများ ပညာရေးအဆင့်အတန်းနှင့် စာတတ်မြောက်မှုနှုန်းမှာ ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဆိုသော်လည်း အမျိုးသမီးအရေအတွက်၏ လေးပုံတစ်ပုံခန့်သာ အလုပ်ထွက်လုပ်နိုင်ကြသည့် အနေအထားတွင် ရှိနေပါသေးသည်။ 

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးလုပ်အားအရေအတွက် ၁၀ ရာခိုင်နှုန်း တိုးမြင့်လာသည်ဆိုလျှင်ပင် အိန္ဒိယ GDP မှာ လာမည့် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ဘီလီယံ ၇၀၀ ခန့် မြင့်တက်သွားလိမ့်မည်ဟုဆိုပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကစတင်ပြီး အမျိုးသမီးများသည် တော်လှန်လှုပ်ရှားကာ ပါဝင်လာနေပြီဖြစ်ကြောင်းတွေ့ရသည်။

အက်စ်သာသည် အသက် ၃၅ နှစ်သာရှိသေးသည့် ကျောင်းဆရာမတစ်ဦးဖြစ်သည်။ ရာဂျာစသန် ပြည်နယ်၊ ဂျွန်ဂျူနူးတွင် ကျောင်းဆရာမလုပ်နေခြင်းဖြစ်သည်။ သူက ကျောင်းအုပ်တစ်ယောက်အဖြစ် ရာထူးတိုးရန် လျှောက်ထားသည်။ ရာထူးတိုးလျှင် ဝေးလံသည့်ဒေသများသို့ သွားရသည့် ထုံးစံအတိုင်း သူ့ကို နေထိုင်သည့် ဒေသနှင့် ဝေးကွာသည့်နေရာကို ပို့လိုက်သည်။ သူက ထိုရာထူးကိုယူလိုက်သော်လည်း နေ့စဉ် တစ်မိုင်ခွဲခန့် လမ်းလျှောက်သွားရမည့်နေရာဖြစ်နေသည်။ ထိုခရီးသည် ယာဉ်လည်းမရှိ၊ လုံခြုံမှုလည်း မရှိဖြစ်နေသည်။ ၂ လခန့် ကျောင်းသစ်တွင် ကျောင်းအုပ်လုပ်လိုက်သေးသည်။ ခရီးလမ်းလုံခြုံမှုမရှိခြင်းကြောင့် ရွာမှာပင် မူလရာထူးကို လုပ်ကိုင်ပြီး ကျောင်းအုပ်ရာထူးကို စွန့်လိုက်လေသည်။ 

အိန္ဒိယနိုင်ငံ National Sample Survey Office အဖွဲ့၏ လေ့လာဆန်းစစ်ချက်တွင် ကျေးလက်နှင့် မြို့ပြနေ ပြည်သူ ၆၀ ရာခိုင်နှုန်းခန့်သည် သွားလာရေးအတွက် အများပိုင်ဘတ်စ်ကားများကို အားကိုးနေကြရသည်ဟုဆိုသည်။ သုံးဘီး၊ တက္ကစီ၊ ရထားနှင့် ဆိုက်ကားများကိုလည်း အားကိုးအားထားပြုကာ သွားလာနေကြရမှုများလည်း နေ့စဉ်လိုရှိနေသည်။ သို့သော် ရထားမပေါက်၊ ကားမပေါက်သည့်ဒေသများတွင် သွားလာရေးကလည်း အခက်အခဲတွေရှိနေဆဲ ဖြစ်သည်။ ပို့ဆောင်ရေးဝန်ဆောင်မှု အခက်အခဲများအတွက် ဒုက္ခအရောက်ဆုံးမှာ အမျိုးသမီးများ ဖြစ်သည်။

အမျိုးသမီးများဘဝမှာ အများပိုင်ဘတ်စ်ကားနှင့် ရထားများစီးလျှင် လုံခြုံစိတ်ချရမှုများ ယနေ့တိုင် ကင်းမဲ့နေသည်။ ထို့ကြောင့် အိမ်နှင့်နီးသော နေရာများတွင် လုပ်ခနည်းနည်းနှင့် လုပ်ကိုင်နေရပြီး အိမ်ဝေးပြီး လုပ်ခကောင်းသော နေရာများသို့ ဆရာမအက်စ်သာလို သွားရောက်မလုပ်နိုင်သည်က များနေသည်။ ဝေးကွာသည့် နေရာများကို ဘတ်စ်ကားနှင့် ရထားသွားစီးရမည့် အနေအထားမှာ အမျိုးသမီးများအတွက် ပိုပြီး မလုံခြုံသလို ဖြစ်နေခဲ့ရသည်။ အမျိုးသမီးများကို အိမ်တွင်းပုန်းဘဝက လွတ်မြောက်စေပြီး လုပ်ငန်းခွင်သို့ များများရောက်စေလိုလျှင် သယ်ယူပို့ဆောင်ရေးကိစ္စကိုလည်း အထူးအလေးထားပြီး ဖြေရှင်းကြရမည် ဖြစ်သည်။ 

အိန္ဒိယနိုင်ငံ၏ လတ်တလော သယ်ယူပို့ဆောင်ရေး ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်သည့် နည်းတစ်နည်းမှာ သုံးဘီးဆိုင်ကယ်များကို နေရာဒေသအနှံ့ တိုးမြှင့်ပြေးဆွဲပေးနိုင်ရေးဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် သုံးဘီးအရေအတွက်သည့် အခြားနိုင်ငံများထက် သုံးစွဲမှု အများဆုံးဖြစ်သည်။ ပိတ်ကျပ်ပြီး ကျဉ်းမြောင်းသောလမ်းများသို့ သုံးဘီးများဖြင့်သာ သွားလာနေကြသည်က များသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် ကတည်းက အိန္ဒိယသည် သုံးဘီးများဖြင့် ပို့ဆောင်ရေး ပြဿနာကို ဖြေရှင်းခဲ့ကြသူများဖြစ်သည်။ 

အက်စ်သာသည် မြို့ပြနှင့် ကျေးလက်များတွင် ရင်ဆိုင်နေရသည့် ပြဿနာကို သူ့နည်း သူ့ဟန်ဖြင့် ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့သူဖြစ်သည်။ အမျိုးသမီးများ အတွက် အမျိုးသမီး ယာဉ်မောင်းများအဘယ်ကြောင့် မရှိရမည်နည်းဆိုသည့်သဘောဖြင့် လှုပ်ရှားနေခြင်း ကပင် တော်လှန်သောအတွေးအမြင်တစ်ခုကို စတင် ခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယနိုင်ငံဒေလီတွင် အမျိုးသမီးများသည် နေ့စဉ်ခရီးသွားစဉ် ယောကျာ်းသားများ၏ စော်ကား နှောင့်ယှက်မှု များကို ၅၁ ရာခိုင်နှုန်းခန့် ခံနေကြရသည်။ အမျိုးသမီး ၄၁ ရာခိုင်နှုန်းများ ဘတ်စ်ကားနှင့် ရထား စောင့်ရင်း စော်ကားမှုများကို ခံစားနေကြရသည်။ ထို့ကြောင့် အမျိုးသမီးများအတွက် အမျိုးသမီးများ မောင်းသည့် ယာဉ်များ ဖော်ထုတ်ပေးရန် စိတ်ကူးကို မောင်းနှင်ရအလွယ်ကူဆုံး သုံးဘီးများဖြင့် အစပြုပေးသင့်ကြောင်း အဖွဲ့အစည်းများကလည်း စိတ်ကူးဖြင့် လှုပ်ရှားလာကြသည်။ 

သုံးဘီးယာဉ်မောင်းများဖြင့် မြို့ပြများတွင် ရာဇဝတ်မှုကျူးလွန်ခြင်းကလည်း အလွန်များသည်။ သုံးဘီးများတွင် GPS စနစ်များတပ်ဆင်ပေးထား ရန်နှင့် အရေးပေါ်အချက်ပြ SOS စနစ်များတပ်ဆင်ပေးရန် စီစဉ်နေကြသည်။ ထို့ပြင် အကူအညီလိုလျှင် မိုဘိုင်းလ်ဖုန်းများကတစ်ဆင့် အကူအညီတောင်းခံရမည့် စနစ်များကိုလည်း ဆော့ဖ်ဝဲများ ထည့်သွင်းပေးထားရန် စီစဉ်နေကြပြီဖြစ်သည်။

ကျေးလက်နေပြည်သူတို့အတွက် တစ်နေရာမှာ တစ်နေရာသို့ သွားလာရေးမှာ အခက်အခဲများ ရှိနေဆဲဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ လူထု ဆက်သွယ်ရေးကိစ္စများအတွက် သယ်ယူပို့ဆောင်ရေးမှာ အရေးကြီးသော ကိစ္စများဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီစွမ်းအင်သုံး သုံးဘီးများကို ကျေးရွာအရောက် ခရီးပေါက်ရေးနှင့် လမ်းများဖောက်လုပ်ရေးတို့ကို ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယူဆရာပါသည်။

ဆရာမအက်စ်သာသည် အမျိုးသမီးများဘဝ လုံခြုံရေးနှင့် နေထိုင်မှုဘဝတိုးတက်ရေးကို သူ့နည်းသူ့ဟန်ဖြင့် အထောက်အကူပြုကာတော်လှန်ခဲ့သည်။ အမျိုးသမီးများ အလုပ်လုပ်လျှင် မကြိုက်သည့် လူ့ဘောင်၌ ကျောင်းဆရာမဘဝကို ဂုဏ်ယူစွာတည်ဆောက်ခဲ့သည့်အပြင် သုံးဘီးကိုပါမောင်းနှင်ရန် အားထုတ်ပြီး ဘဝတစ်ခု ထူထောင်ပြရန် ကြိုးစားနေခြင်းက အမျိုးသမီးထုကို လမ်းပြနေခြင်းဖြစ်ပါသည်။

E-01

(Ref: India's Rickshaw Revolution)