News

POST TYPE

ARTICLE

အနာဂတ်အတွက် လူငယ်တွေကို မည်သို့ပြင်ဆင်ပေးမည်နည်း
05-Jan-2019



ကမ္ဘာကြီးသည် အမြန်ဆုံးပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်။ ပျက်စီးမှုတွေကလည်း များသည်။ နည်းပညာက နေရာတကာကို လွှမ်းမိုးဝင်ရောက်လာသည်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည့် သဘောတရားက ကမ္ဘာကြီးကို နယ်စည်းခြားထားမှုများအား ဖြုတ်ပစ်နေသည်။ လူငယ်တွေ အတွေးသစ်၊ အမြင်သစ်များဖြင့် ကမ္ဘာကြီးပေါ် ခြေချလာသည်။ အလုပ်အကိုင်အခွင့်အလမ်းများကို ဖွေရှာပြီး အနာဂတ်ကို ခြေလှမ်းပြင်နေကြသည်။ အလုပ်တွေက အများကြီး ရှိနေပါသည်။ သို့သော် လူငယ်တို့အတွက် အလုပ်နေရာတွေ ရှိနေပါသလား။ လုပ်ချင်သည့်အလုပ်များကို လုပ်ခွင့်ရကြပါသလား၊ ရသောအလုပ်တိုင်းကို ပျော်ရွှင်ငြိမ်းချမ်းစွာ လုပ်ကိုင်နိုင်ကြပါသလား။

ဘွဲ့ရပြီး အလုပ်ရှာရမည်ဆိုသည့် ရှေးရိုးစွဲ အယူအဆများသည် ယနေ့တိုင်ရှိနေဆဲဖြစ်သည်။ ကျောင်းပြီးလျှင် အလုပ်ရှာရခြင်းသည် ကျောင်းတွေက အလုပ်နှင့်မဆိုင်သည်များကို သင်ကြားပို့ချပေးထားသယောင် ဖြစ်နေသည်။ လုပ်ငန်းခွင် လိုအပ်ချက်အရ၊ အလုပ်ခွင်နှင့် အဆင်ပြေစေမည့် ပညာရေးကို အဘယ်ကြောင့် ပြဋ္ဌာန်းမသင်ပေးနိုင်ကြသနည်း။

လူငယ်တွေကို အောင်မြင်ရေးတရားများပြောနေကြသည်။ မည်သို့လေ့ကျင့်ပေးရကောင်းမှန်းမသိလျှင် အချည်းနှီးသာဖြစ်မည်။ လူငယ်တွေကို ဘာတွေ လေ့ကျင့်သင်ကြားပေးမည်နည်း။

တိုးတက်ကြီးပွား အောင်မြင်လိုစိတ်ရှိစေရန်သင်ကြားပေးရမည်

စိတ်ပျက်အားငယ်နေသူကို စိတ်ဓာတ်တက်ကြွလာစေရန် ဟောပြောညွှန်ပြခြင်းကလည်း ပညာဖြစ်သည်။ သူတို့၏ လုပ်ချင်ကိုင်ချင်စိတ်နှင့် အခွင့်အလမ်းတွေကလည်း သူတို့၏ဦးတည်ချက်ကို ပြောင်းလဲသွားစေနိုင်ပါသည်။ သူ ဘာဝါသနာပါသနည်း။ ဘာလုပ်ချင်သနည်း ဆိုသည်တို့ကို သင်ကြားပေးနိုင်ရန်လည်း အရေးကြီးသည်။

သူသိချင်၊ တတ်ချင်သည့်ပညာကို တတ်မြောက်ထားလျှင် ကျွမ်းကျင်နေပေလိမ့်မည်။ လုပ်ငန်းရှင်တွေကလည်း ကျွမ်းကျင်သူတွေကို ရှာနေကြသည်။ ကျွမ်းကျင် အောင်သင်ခြင်းသည် အနာဂတ်အတွက် ခြေလှမ်းကို ပထမဆုံးပြင်ဆင်ခြင်းဖြစ်သည်။ စူးစမ်းရှာဖွေ ဖော်ထုတ်လိုစိတ်၊ စိတ်ဝင်စားစွာ လုပ်ဆောင်လိုစိတ်၊ အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ကိုင်လိုစိတ်များသည် အခြေခံပြုစုလေ့ကျင့်ပေးလိုက်ရမည့် သဘောတရားများ ဖြစ်သည်။ ကျွမ်းကျင်သော၊ စိတ်ဓာတ်ကောင်းသော၊ ကြိုးစားချင်သောသူများအတွက် အနာဂတ်က ရှိပြီးသားဖြစ်သည်။ မည်သည့်အလုပ်ရှင်မဆို ထိုကဲ့သို့ စိတ်ဓာတ်ရော ကျွမ်းကျင်မှုကို ပျိုးထောင်ပေးထားသူများကိုသာ လိုချင်တောင့်တမည်ကို သိထားစေချင်သည်။

တန်ဖိုးထားတတ်အောင် သင်ကြားပေးရမည်

တစ်နေ့တွင် လုပ်ငန်းခွင် ဝင်ရောက်ကြရမည့် လူငယ်များကို “တန်ဖိုး” အကြောင်း သင်ကို သင်ပေးလိုက်ရမည်ဖြစ်သည်။ အလုပ်ဆိုသည်မှာ အခွင့်အလမ်းဖြစ်သည်။ အခွင့်အရေးနှင့် မရောသင့်ပေ။ ကျောင်းပြီး ဘွဲ့ရပြီးလျှင် အလုပ်ရကိုရမှဖြစ်မည်ဆိုသည်မှာ အခွင့်အရေးတစ်ခုအနေနှင့် သတ်မှတ်နေခြင်းဖြစ်သည်။ ကျောင်းပြီးလျှင် အလုပ်ရခြင်းမှာ အခွင့်အလမ်းသာ ဖြစ်သည်။ အခွင့်အလမ်းတစ်ခုကို ရရန်အတွက် ကိုယ်က ဘာတွေပြင်ဆင်ထားပြီးပြီနည်းဆိုသည်က ပိုပြီးအရေးကြီးသည်။ ကျောင်းပြီးလျှင် အလုပ်ရမည်ဆိုပြီး မည်သူကမှ အာမခံချက်ပေးနိုင်မည်မထင်ပါ။ 

မည်သည့်အလုပ် သို့မဟုတ် ကုမ္ပဏီမဆို ကိုယ့်လိုအပ်ချက်အရ ခေါ်ကြမည်သာဖြစ်သည်။ ထို့ကြောင့် ကိုယ်က ဘာကို ရွေးချယ်မည်နည်း၊ အကောင်းဆုံး ဘာတွေကို ပြင်ဆင်ထားကြမည်နည်းဆိုသည့် ကိုယ့်တန်ဖိုးကို မြှင့်တင်နိုင်မည့် ကိုယ့်တန်ဖိုးကို ကိုယ်ပြင်ဆင်ထားရမည်။ ကိုယ်လုပ်ချင်သည့်အလုပ်အတွက် တန်ဖိုးတစ်ခုအနေဖြင့် သတ်မှတ်ကာ လုပ်ဆောင်တတ်စေရန် လေ့ကျင့်သင်ကြားပေးထားသင့်သည်။ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှ အလုပ်အတွက် ကိုယ်က တန်ဖိုးတစ်ခုဖြစ်နေပါလိမ့်မည်။ ကိုယ့်တန်ဖိုးတက်စေရန် ကိုယ်တိုင်ပျိုးထောင်ထားကြရမည်။

ထုတ်ဖော်တတ်အောင် သင်ကြားပေးရမည်

လူငယ်အတော်များများတွင် ဖြစ်နေသည်မှာ မိမိတို့ ဘာဖြစ်ချင်သည်၊ ဘာလုပ်ချင်သည် ဆိုခြင်းတို့ကို မပြောနိုင်ကြခြင်းဖြစ်သည်။ သူတို့ ဘာကိုစိတ်ဝင်စားမှန်းမသိ၊ ကျောင်းကိုရောက်လာလျှင် တစ်မျိုးတည်း တစ်တန်းစားတည်း သတ်မှတ်ကာ သင်ကြားနေခြင်း၏ အကျိုးဆက်များဖြစ်သည်။ ထို့ကြောင့် ဘာသင်သင်၊ စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ လိုက်သင်နေမည်သာဖြစ်ပြီး အနာဂတ်ပျောက်နေကြရသည်။

လူငယ်တစ်ဦးချင်းစီတွင် စိတ်ဝင်စားမှု၊ ကျွမ်းကျင်မှု၊ ဖြစ်ချင်သောဆန္ဒ တစ်ခုစီရှိကြပါလိမ့်မည်။ ဖော်ထုတ်သင်ကြားနိုင်ရန် အရေးကြီးသည်။ ထို့ကြောင့် ကျောင်းများတွင်လည်း သူတို့နှင့် ရင်းနှီးကျွမ်းဝင်စွာ ပြောဆို ဆွေးနွေး၊ တိုင်ပင်နိုင်မည့် ဆရာ၊ ဆရာမများ သို့မဟုတ် အတိုင်ပင်ခံများရှိရန်လိုသည်။ 

ကျောင်းမပြီးမီကတည်းက ဘာလုပ်ချင်သနည်း၊ ဘာဖြစ်ချင်သနည်းဆိုသည့် အခြေခံအချက်လေးများကိုမသိဘဲ သူတို့အနာဂတ်ကို အကွက်ချနိုင်မည်မထင်ပါ။ အလုပ်အတွက် ပညာဌာနများကို ရောက်လာပြီး လူစုဆောင်းမည့်သူများသည် လူငယ်များအတွက် အကြံပေးအတိုင်ပင်ခံများ မဟုတ်ကြပါ။ သူတို့ရှာဖွေနေသည့်သူမျိုးကို ရလိုရငြားဖြင့် ဈေးထဲ၌ လိုချင်သည့်ပစ္စည်းကို လာရှာနေသူမျိုးများ ဖြစ်ကြပါသည်။ 

လူငယ်များကို သူတို့ဘာလုပ်ချင်သည်၊ ဘာဖြစ်ချင်သည်ဆိုခြင်းကို ဖော်ထုတ်ပြီး သူတို့ဖြစ်ချင်သည့်အတိုင်း လေ့ကျင့်သင်ကြားပေးခြင်းမှာ အနာဂတ်အတွက် ပြင်ဆင်ခြင်းဖြစ်သည်။ အလုပ်ရှင်များက ဤသို့ ကျွမ်းကျင်သူများ လိုအပ်နေပါသည်ဆိုသော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်သော ကျောင်းများဖြစ်ရန်လိုပါသည်။

ကျွမ်းကျင်မှုရှိအောင် သင်ကြားပေးရမည်

လူငယ်တိုင်းကို အလုပ်အကိုင်အခွင့်အလမ်းပေးချင်လျှင် ကျောင်းတွေက ကျွမ်းကျင်အောင် သင်ကြားပေးထားရန်ဖြစ်သည်။ စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး အနာဂတ်ကို ပြင်ဆင်ပေးထားသည့် ပညာရပ်များကို သင်ပေးထားနိုင်လျှင် ပိုကောင်းပါသည်။ လူငယ်များကို Skill ဖြစ်အောင် သင်ကြားသည်ဆိုရာတွင် Soft Skill ဆိုသည့် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်ဆံရေး၊ စကားပြောဆိုခြင်းအတတ် ပညာ၊ မှန်ကန်စွာရေးတတ်စေရန်နှင့် ကိုယ့်စိတ်ထဲတွင် သိသည့်အတိုင်း၊ ရှိသည့်အတိုင်း ပွင့်လင်းမြင်သာ ရှင်းလင်းစွာ ပြောဆိုတတ်ရန်တို့ကိုပါ သင်ကြားပေးထားရန်လိုသည်။ ယနေ့ လုပ်ငန်းခွင်တွင် ထိုသို့သော လူငယ်များအတွက်သာ အခွင့်အလမ်းများက စောင့်ကြိုနေပါလိမ့်မည်။

ယနေ့ခေတ်တွင် စမတ်ကျစွာ ဝတ်စားနေထိုင်ရေးကလည်း အရေးကြီးသည်။ စုတ်ပြတ်စွာဝတ်ဆင်ပြီး အလုပ်ရှင်နှင့် အလုပ်အပေါ် တန်ဖိုးမထား၊ မလေးစားစွာ ပြုမူတတ်သူများအား မည်သည့် အလုပ်ရှင်ကမှ အထင်ကြီးလေးစားမည်မဟုတ်ပါ။ အရေးကြီးသည်မှာ Communication ဖြစ်သည်။ ဖုန်းသုံးတတ်ရန် မဟုတ်ပါ။ လူထဲနေပြီး လူလိုပေါင်းသင်းဆက်ဆံတတ်စေရန် ကျောင်းတွေက အခြေခံအဖြစ် သင်ကြားပေးလိုက်သင့်ပါသည်။

လူတော်လူကောင်းဖြစ်အောင် ပျိုးထောင်ရမည်

လူငယ်တိုင်းကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနေရုံနှင့် မပြီးပါ။ တော်လည်းတော်၊ တတ်လည်းတတ်၊ ကောင်းလည်းကောင်းနေစေရန် လေ့ကျင့်သင်ကြားပေးဖို့ လိုပါသည်။ ဈေးကွက်တွင် အစွန်းထွက်တန်ဖိုးလေးတွေ လိုပါသည်။ ဉာဏ်ကောင်းရုံဖြင့် မပြီးပါ။ လုပ်ငန်းလည်းလုပ်တတ်၊ ပေါင်းသင်းဆက်ဆံရေးလည်း တတ်ကျွမ်းပြီး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် ကြံ့ကြံ့ခံကာ ရင်ဆိုင်ရဲသူလေးတွေဖြစ်စေရန် ပြုစုပျိုးထောင်ပေးလိုက်ဖို့ လိုပါသည်။ စာတတ်အောင် သင်ရလွယ်ပါသည်။ သို့သော် ဘဝတစ်သက်တာ လေ့လာသင်ယူနိုင်စွမ်းရှိသူများ၊ အများအကျိုးဆောင်လိုစွမ်း၊ လက်တွေ့ကျကျ အကောင်းမြင်စိတ်ထားဖြင့် ဘဝကို ရင်ဆိုင်နိုင်စွမ်းများရှိစေရန် လေ့ကျင့်သင်ကြားပေးရန်လည်းလိုအပ်ကြောင်း သတိပြုသင့်ပါသည်။

လုပ်ငန်းခွင်ဆိုင်ရာ အသုံးအနှုန်းများကို သင်ကြားပေးလိုက်ရမည်

မည်သည့်ဌာန သို့မဟုတ် လုပ်ငန်းခွင်မဆို သူ့ဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများနှင့် အခေါ်အဝေါ်များ ရှိတတ်ပါသည်။ ထိုဝေါဟာရ အဓိပ္ပာယ်များကို ကျောင်းများမှာကတည်းက သင်ကြားပေးထားသင့်ပါသည်။ ရုံးပိုင်းဆိုင်ရာဝေါဟာရ၊ စက်ရုံအလုပ်ရုံပိုင်းဆိုင်ရာ ဝေါဟာရအခေါ်များ ဗဟုသုတများကို ကျောင်းများတွင် အခြေခံပြီး သင်ကြားလိုက်လျှင် အချိန်ကုန် သက်သာစေနိုင်ပါလိမ့်မည်။ လက်တွေ့နှင့် ဆက်စပ်နေသည့် ကျောင်းသင်ခန်းစာများ၊ သင်ရိုးပြဋ္ဌာန်းချက်များ လိုအပ်ပါသည်။

စူးစမ်းလေ့လာလိုစိတ်ရှိစေရန် လေ့ကျင့်ပေးရမည်

ကျောင်းသားအရွယ် လူငယ်များကို ပါတာဖတ်၊ အတိအကျရေး၊ ဆွေးနွေးပြောဆိုခွင့်မပေးလျှင် ဘာမှ သိချင်၊ တတ်ချင်၊ စူးစမ်းချင်စိတ်ရှိလာမည် မဟုတ်ပါ။ စူးစမ်းလိုစိတ်၊ စပ်စုလိုစိတ်က ပိုပြီး သိလွယ်၊ တတ်လွယ် ပညာနယ်ပယ်ကို ရောက်စေနိုင်ပါသည်။ ထိုအလေ့ အကျင့်မျိုးကို ကျောင်းများတွင် လေ့ကျင့်ပျိုးထောင် ပေးလိုက်နိုင်ပါသည်။ 

တီထွင်ဖန်တီးလိုစိတ်ဆိုသည်မှာ စူးစမ်း လေ့လာလိုစိတ်ပေါ်တွင် အခြေခံသည်။ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနှင့် လုပ်ပိုင်ခွင့်မပေးလျှင် လက်ထိတ်ခတ်ပြီး စာသင်သလို ဖြစ်နေပါလိမ့်မည်။ စိတ်ကူးနှင့်လက်တွေ့ ပေါင်းစပ်စေရန် လုပ်ပိုင်ခွင့်ပေးရန်လိုသည်။ ကျောင်းများတွင်သင်ကြားနေသည့် သင်ရိုးများတွင် လက်တွေ့ သဘောတရားမပါ၊ စာတွေ့နှင့် စစ်ဆေးဆုံးဖြတ်နေခြင်းကလည်း တီထွင်ဖန်တီးစိတ်များကို ချိုးနှိမ်ထားသလို ဖြစ်စေနိုင်ပါသည်။ ဂီတကို တူရိယာပစ္စည်းတစ်မျိုးမျိုး လက်တွေ့တီးခတ်ခိုင်းပြီး သင်နိုင်ပါသည်။ တယောထိုးနည်းကို စာတွေ့မသင်နိုင်ပါ။ လက်တွေ့ သင်မှတတ်ပါသည်။

ဆက်စပ်စဉ်းစား ဉာဏ်တိုးပွားအောင် သင်ရမည်

လူငယ်များကို ဆက်စပ်တွေးခေါ်နိုင်စွမ်းရှိစေရန် သင်ကြားဖို့လိုသည်။ လုပ်ငန်းခွင်ဆိုသည်မှာ အိမ်နှင့်ကျောင်းတို့နှင့်မတူပါ။ လူငယ်များကို လက်တွေ့ဘဝတွင် ရင်ဆိုင်ရမည့် ပြဿနာများကိုလည်း သင်ကြားပေးသင့်ပါသည်။ စာသင်ခန်းသည် ဘဝမဟုတ်ပါ။ ဘဝဆိုသည်မှာ လေ့လာစရာမကုန်သည့် ခရီးရှည်ကြီးတစ်ခုဖြစ်ကြောင်း လေ့ကျင့်ပျိုးထောင်ပေးလိုက်ရန် လိုပါသည်။

လုပ်ငန်းခွင်ဆိုသည်မှာ အနေအထားများ တစ်ခုနှင့်တစ်ခု မတူပါ။ ဝတ်စားပုံ၊ အလုပ်ချိန်၊ ဆက်ဆံ ရေး၊ စည်းကမ်း စသည်တို့ ကွဲပြားနိုင်ပါသည်။ လုပ်ငန်းခွင်တွင် ပေါင်းသင်းဆက်ဆံရေးနှင့် လုပ်ငန်းဆိုင်ရာ အခြေခံသဘောတရား၊ ကိုယ်ကျင့်တရားများကို ကျောင်းများတွင် ပျိုးထောင်ပေးနိုင်ပါသည်။ ထို့ကြောင့် အုပ်စုဖွဲ့ လုပ်ဆောင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး သဘောတရားများကို ကျောင်းကတည်းက အခြေခံပေးလိုက်ရန် ပြောနေခြင်းဖြစ်ပါသည်။

ဘွဲ့ရတိုင်း လုပ်ငန်းခွင်ဆိုင်ရာ အခြေခံသဘောတရားများကို တတ်သိလာပြီးဟု မဆိုနိုင်ပါ။ စာတွေ့နှင့်လက်တွေ့ ကွဲပြားခြားနားချက်ပေါင်း များစွာရှိနေသည်ကို သဘောပေါက်ထားရန်လိုပါသည်။ အရေးကြီးသည်မှာ တစ်ကိုယ်ကောင်းစိတ်ထား မရှိစေရန်ဖြစ်သည်။ ကမ္ဘာကြီးမှာ အားလုံးနှင့်ဆက်ဆံနိုင်ရန် လိုအပ်သည်ဆိုသော ဂလိုဘယ်လိုက်ဇေးရှင်းစိတ်ဓာတ်မျိုး ဖြစ်လာစေရန် လေ့ကျင့်ပေးမှ လုံလောက်ပါလိမ့်မည်။

အတွေ့အကြုံရှိစေရန် သင်ကြားပေးရမည်

လူငယ်တွေ အဘယ်ကြောင့် အလုပ်မုန်းသနည်း။ အဘယ်ကြောင့် အလုပ် မလုပ်ချင်ကြသနည်း။ အဖြေရှိပါသည်။ ကိုယ်လုပ်သည့်အလုပ်ကို မကျွမ်းကျင်ခြင်း၊ သူတို့လုပ်နေသည့်အလုပ်က အခွင့်အလမ်းနည်းပါးခြင်းတို့နှင့်လည်း ဆက်စပ်နေမည်ထင်ပါသည်။ သူတို့ကို စာတွေ့ချည်း သင်ကြားပေးလိုက်လျှင် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေက ပါလာမည်မဟုတ်ပါ။ ထိုအခါတွင် လက်တွေ့ဘဝ၌ အခက်အခဲများ ဖြစ်လာနိုင်သည်။ သူတို့ကို အကောင်းဆုံး၊ အတော်ဆုံးဖြစ်စေချင်လျှင် ကျောင်းတွေက မည်သို့ပြင်ဆင်ပေးလိုက်သနည်းဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန်လိုပါလိမ့်မည်။ အခြေခံသည် အခြေခိုင်ရန်လိုပါသည်။ 

မှီငြမ်းကိုးကား လေ့လာစရာများ ပြည့်ဝနေစေရမည်

ခေတ်ကာလက တောင်းဆိုနေသည်မှာ ဘဝ တစ်သက်တာ ပညာရှာနိုင်ရေးဖြစ်သည်။ လုပ်ငန်းခွင်ဝင်လိုက်သည်နှင့် ပညာသင်ကြားခြင်းသည် ပြီးဆုံးသွားပြီဟု မှတ်ယူရန် မသင့်ပါ။ လုပ်ငန်းခွင်တိုင်းတွင် ဆက်လက်လေ့လာစရာ ပညာရှာစရာ ရင်းမြစ်များကို ပြည့်စုံစွာ ထားပေးနိုင်ရပါလိမ့်မည်။ စာကြည့်တိုက်တွေ ရှိရမည်။ လုပ်ငန်းခွင်ဆိုင်ရာ စာအုပ်စာတမ်းတွေ ရှိရမည်။ လုပ်ငန်းခွင်အတွက် အထောက်အကူဖြစ်စေမည့် သင်တန်းတွေကို ဆက်တက်ခွင့်ပေးရမည်။ တတ်မြောက်လေ့လာမှုနှင့် စွမ်းဆောင်နိုင်မှုအလိုက် အသိအမှတ်ပြုကာ ရာထူး၊ လစာတိုးပေးမှုများ လုပ်ဆောင်ပေးရမည်။

E-01 

(Ref: How to Prepare Young People for Jobs of the Future, Huffpost)