News

POST TYPE

ARTICLE

အလှမ်းဝေးသွားသည့် မြန်မာ့ပညာရေး
03-Jan-2019

ကျော်ဗလ

၂၀၁၄ ခုနှစ်က ပညာရေးစနစ်ပြုပြင်ပြောင်းလဲရန် ကျောင်းသားများ ဆန္ဒပြတောင်းဆိုခဲ့ကြသည်

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် စစ်အစိုးရ ခေတ်တစ်လျှောက်လုံး နိမ့်ကျဆိုးရွားခဲ့သည်မှာ အထူးပြောစရာပင် လိုမည်မထင်ပေ။ မြန်မာနိုင်ငံ၏ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (ရန်ကုန်) နှင့် ဆေးတက္ကသိုလ်တို့သည် အရှေ့တောင်အာရှတွင် တစ်ချိန်က ဂုဏ်သတင်းကြီးခဲ့သည်ကို ပြန်ပြောင်းအမှတ်ရမိသည်။ ၁၉၅၀ ဝန်းကျင်ခန့်က အမေရိကန်နှင့် ဥရောပတိုက်ရှိ ပညာရှင်များသည် မြန်မာပညာရှင်များနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံ တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်ခွင့်ရခဲ့ကြသဖြင့် အရှေ့တောင်အာရှနိုင်ငံများထဲတွင် မြန်မာသည် ဂုဏ်ယူဝင့်ကြွားနိုင်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့ဖူးပါသည်။

မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ခေတ်ကို စစ်အစိုးရက ဦးဆောင်ထူထောင်ပြီးချိန်ကစတင်ကာ ဆိုရှယ်လစ် စီ်းပွားရေး၊ ဆိုရှယ်လစ်နိုင်ငံတော်ကို အထောက်အကူ ဖြစ်စေမည့် ပညာရေးအား ထူထောင်မည်ဟု ဆိုလိုက်ချိန်ကတည်းက မြန်မာ့ပညာရေး ဦးစိုက်ထိုးဆင်းပြီး နွံတွင်းနစ်ခဲ့ရတော့သည်။ ၁၉၆၂ ခုနှစ်မှသည် ၁၉၈၈ ခုနှစ်ကာလအတွင်း ပထမစစ်အစိုးရစိုးမိုးထားချိန်၌ ဆိုရှယ်လစ်ပညာရေးကြောင့် မြန်မာ့ပညာရေးသည် ကမ္ဘာ့ပညာရေးနှင့်အလှမ်းဝေးကာ မျက်ခြည်ပြတ်သွားခဲ့ရတော့သည်။

ဆိုရှယ်လစ် စစ်အစိုးရခေတ်က တက္ကသိုလ်များတွင် အရည်အချင်းပြည့်ဝသည့် ပညာရှင်များ ကျန်သေးသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ၁၉၅၀ ဝန်းကျင်က အရည်အချင်း ပြည့်ဝသူများကို မွေးထုတ်ပေးနိုင်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအချိန်က ဆရာအများစုမှာ အနောက်နိုင်ငံ တက္ကသိုလ်ကြီးများက မွေးထုတ်ပေးခဲ့သည့် ပညာရှင်များဖြစ်ပြီး၊ ထိုခေတ် ပညာရှင်များက ပြန်လည်ပြီးဆရာလုပ်နေသောကြောင့်ဖြစ်သည်။ ထို့ပြင် ဆိုရှယ်လစ်အစိုးရသည် အနောက်တိုင်း အစိုးရများထံမှ ခေါ်ယူသော ပညာသင်ဆုများကိုလက်ခံပြီး ပညာရှင်များကို လွှတ်ပေးနေသောကြောင့် ပညာရေးတွင် ပညာရှင် ခါးကြောပြတ်ခြင်းမှာ သိပ်မသိသာလှဟု ဆိုရမည်ဖြစ်သည်။ ထိုလက်ကျန်ပညာရှင်အများစုနှင့်ပင် တက္ကသိုလ်များကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်ဆိုသော်လည်း အားလုံးသည် စစ်အစိုးရ၏ ပုံစံခွက်ထဲရောက်သွားသောဆရာများ ဖြစ်သွားခဲ့ရရှာသည်။

၁၉၈၈ ခုနှစ်တွင် ဒုတိယစစ်အာဏာရှင်မျိုးဆက်က ခေတ်တစ်ခေတ်ကို ဆက်လက်ထူထောင်ခဲ့ပါသည်။ ထိုအချိန်တွင် ဆိုရှယ်လစ်စစ်အစိုးရလက် ထက်တစ်လျှောက်လုံး အမှုတော်ထမ်းခဲ့သည့် ပညာရှင် ဆရာကြီး ဆရာမကြီးများ အငြိမ်းစား ယူကုန်ကြပြီ ဖြစ်သည်။ ထို့ပြင် အချို့သော အရည်အချင်းရှိသည့် ဆရာများမှာ ဝန်ကြီးဌာန ပြောင်းသွားကြကြောင်းလည်း တွေ့ရသည်။ ဆရာ ဆရာမများကို ၃၃ ချက် ဖြည့်စွက်လက်မှတ် ရေးထိုးခိုင်းခြင်း၊ ဖိနှိပ်ခြင်းများကြောင့် အရည်အချင်း ပြည့်သော ဆရာများ ထွက်သွားခဲ့ရခြင်းများလည်း ရှိခဲ့သည်။ ဒုတိယစစ်အစိုးရသည် နိုင်ငံအနှံ့ တက္ကသိုလ်ကျောင်းများကို မြို့ကြီးများနှင့် အလှမ်းဝေးသော နေရာများတွင်တည်ဆောက်ကာ ကျောင်းသားများကိုဖြိုခွဲမှုများ စတင်ခဲ့တော့သည်။

အရည်အချင်းပြည့်မီသော ဆရာဆိုသည်မှာ နှစ်ရှည်လများ စီမံချက်ဖြင့် မွေးထုတ်မှသာ ရနိုင်ပေသည်။ အရည်အချင်းရှိသော ပညာရေး၊ အရည်အချင်း ပြည့်ဝသော ဆရာများနှင့်သာ အရည်အချင်းပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်သည်။ ဆရာတွေ စိတ်ဓာတ်ကျပြီး ထွက်သူထွက်၊ ပညာရှင်တွေ ပင်စင်ယူ၊ ကျောင်းများထဲတွင် သင်မည့်သူမရှိဘဲ တက္ကသိုလ်ခွဲများကို အရေအတွက်အရ ထူထောင်ခဲ့ခြင်းကြောင့် မပြည့်စုံသည့်ဘဝများကို ပညာသင်ကြားသူရော၊ သင်ယူသူတို့ပါ စိတ်ပျက် သွားစေအောင် ပြုလုပ်သလိုလည်းဖြစ်ခဲ့ရသည်။

၁၉၉၀ ပြည့်နှစ်ခန့်တွင် ဆရာပြတ်လပ်ခြင်းကို ကုစားရန်အတွက် တက္ကသိုလ်ဆရာများကို ပေါများစွာ ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ပြန်သည်။ သို့သော် အရေအတွက်အရ ဖြည့်ဆည်းရန်သာဖြစ်ပြီး အရည်အချင်းအရ ပြည့်မီသောသူများဟုမဆိုနိုင်ကြောင်း အငြိမ်းစားဆရာများကဆိုကြသည်။ ထိုအရည်အချင်းပြည့်မီခြင်း မရှိသော ဆရာများကိုပင် တည်ဆောက် ဖွင့်လှစ်ထားသော တက္ကသိုလ်ကောလိပ်များသို့စေလွှတ်ပြီး ကျောင်းသားထိန်းခိုင်းသလို လုပ်ဆောင်ခဲ့ခြင်းကြောင့် မလိုလားအပ်သော အကျင့်ပျက်လုပ်ရပ်များ၊ ကျူရှင်သင်ကြားခြင်း များကိုဖြစ်စေကာ တက္ကသိုလ် ပညာရေးလောက ဂုဏ်သိက္ခာ စတင်ကျဆင်းလာခဲ့ရတော့သည်။

တက္ကသိုလ်များတွင် အရည်အချင်းမရှိသော ဆရာများသည် ကျောင်းသားများကို ပြင်ပသို့ခေါ်ထုတ်ပြီး မေးခွန်းပေးခြင်း၊ မေးခွန်းအတိုင်းသင်ခြင်း၊ ကျူရှင်တက်မှ အအောင်ပေးခြင်းတို့ကို ပြုလုပ်လာကြခြင်းမှာ ရည်ရွယ်ချက်ရှိရှိ တက္ကသိုလ်ပညာရေးလောကကို ဖျက်ဆီးခြင်း၏ ပထမခြေလှမ်းနှင့် စစ်အစိုးရတို့၏ အောင်ပွဲဟုသာ ဆိုရပေလိမ့်မည်။

ကျောင်းသား ကျောင်းသူများဘက်ကကြည့်လျှင်လည်း တက္ကသိုလ်လာတက်ခြင်းဆိုသည်မှာ ဘွဲ့ရရန်ဖြစ်ပြီး၊ တစ်နှစ် တစ်တန်း အောင်မြင်ရေးအတွက် ပိုက်ဆံပေးလိုက်လျှင် ပြီးပြီဟု သဘောထားလာကြသည်။ ပိုဆိုးသည်က အစိုးရကိုယ်တိုင် ပညာရေး ဝေးသည်မရှိရအောင်ဆိုကာ အဝေးသင်ပညာရေးစနစ်ကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ ကျောင်းများတွင် ကျောင်းလာတက်လျှင် ဆူပူလှုပ်ရှားတတ်သောကြောင့် ကျောင်းကို တစ်လလောက်လာတက်ပြီး ဘွဲ့ရစေရန် စီစဉ်ပေးသည့် ပညာရေးစနစ်ကလည်း ကျူရှင်သင်ကြားရေးကို ပိုပြီး အားပေးအားမြှောက်ပြုလိုက်သလို ဖြစ်စေခဲ့ပြန်သည်။ အဝေးသင်များကို ကျောင်းများတွင် အနီးကပ်သင်တန်း ဖွင့်လိုက်မှ တိုက်ဆောက် ကားစီးသွားနိုင်ကြသော ဆရာအရေအတွက် ပိုများလာခြင်းမှာ ခေတ်နှင့်စနစ်ကြောင့်လား လူကြောင့်လားဟု ပြန်လည်သုံးသပ်စရာဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ တွင် ဒေါက်တာ (PhD) ဘွဲ့ပေးရန် ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက စတင်ခဲ့သည်။ သို့သော် ထိုတက္ကသိုလ်ကြီးများတွင် ဒေါက်တာဘွဲ့ယူမည့်သူများကို ကြီးကြပ် (Supervisor) မည့်သူများ မည်မျှရှိနေသနည်း၊ သုတေသနပြုလုပ်ရန်အတွက် Resource များ မည်မျှရှိနေသနည်းဆိုသည့် မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။ အငြိမ်းစားယူသွားသည့် တက္ကသိုလ်ဆရာများကို တွေ့ဆုံမေးမြန်းရာ၌ ၁၉၉၀ ပြည့်နှောင်းပိုင်းတွင် တင်သွင်းသည့် ဒေါက်တာဘွဲ့အတွက် စာတမ်းများ၏ ၉၀ ရာခိုင်နှုန်းမှာ ၁၉၈၈ ခုနှစ်မတိုင်မီ တင်သွင်းခဲ့သည့် မာစတာဘွဲ့အတွက်ပြုစုသော ကျမ်းများလောက်ပင် အဆင့်အတန်းမရှိဟုဆိုသည်။

တက္ကသိုလ်တွင် တက်နေသော ကျောင်းသား အများစုသည် ပေးသလောက်ယူရသည့် ပညာရေးတွင်သာ သာယာပျော်မွေ့နေကြပြီး စောစောဘွဲ့ရကာ ကျေနပ်နေကြသူများဖြစ်ကြသည်။ သို့သော် ခေတ်ကိုမြင်တတ်သည့် မိဘများဖြစ်ပြီး ငွေကြေးချမ်းသာသူများက မိမိတို့သားသမီးများကို ကွန်ပျူတာပညာ၊ အင်္ဂလိပ်စာအပြင် အခြားကမ္ဘာ့အဆင့်မီ စာမေးပွဲများအတွက် ကြိုတင်ပြင်ဆင်သည့်အတန်းများကို အပိုတက်ခိုင်းထားကြသည်။ သို့သော် အများစုမှာ ဘွဲ့ရအမည်ခံ ဟန်တစ်လုံးဖြင့်သာ စက်ဖြင့် လှည့်ထုတ်ထားသည့် ဘွဲ့ရပညာမတတ်စာရင်းဝင်များ ဖြစ်သွားခဲ့ကြရသည်။

မြန်မာ့ပညာရေးသည် ရှေ့မတိုး နောက်ဆုတ် ပညာရေးဖြစ်သည်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မည်ဟု ဒုတိယစစ်အစိုးရသည် ကြွေးကြော်ဂုဏ်ယူနေသော်လည်း ပညာရေးအဆင့်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ရသည်။ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ၂၀၀၆ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပညာဆုံးခန်းမတိုင်ပဲ ကျောင်းထွက်သွားရသည့် ဦးရေမှာ ၅၀ ရာခိုင်နှုန်း ခန့်ရှိနေသည်။ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ကျောင်းထွက်သွားသည့် ကျောင်းသားဦးရေမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိနေသည်။

အခြေခံပညာအဆင့်တွင်လည်း ဆရာဦးရေနှင့် ကျောင်းသားအချိုးမှာ ပြဿနာရှိနေဆဲဖြစ်သည်။ ညံ့ဖျင်းလှသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ ကင်းမဲ့စွာဖြင့် သင်ကြားနေရခြင်းများ၊ ကျောင်းဆရာမရှိသည့် ဒေသများတွင် ရသည့်ဆရာများကို ဆွဲခန့်သင်ကြားနေရခြင်းများက အခြေခံတွင်စတင်ပြီး အခြေမခိုင်ခဲ့သည့် ပညာရေးကို အကောင်အထည် ဖော်ပေးနေသလို ဖြစ်ခဲ့သည်။ ကျောင်းစာသင်ခန်းများ မလုံလောက်ခြင်း၊ ကျောင်းသုံး ပရိဘောဂများ မပြည့်စုံခြင်း၊ ဖြစ်သလို သင်နေရခြင်းများအပြင် ကျောင်းရှိပြီး ဆရာမရှိသောကြောင့် ကျောင်းမဖွင့်နိုင်သော ကျေးလက်တောရွာများ ရှိနေချိန်၌ ကြီးကျယ်ခမ်းနားလှသော ပုဂ္ဂလိကကျောင်းတွေကလည်း မြို့ကြီးများတွင် အသီးသီး ပေါ်ထွက်လာခဲ့သည်။ ပုဂ္ဂလိကကျောင်းများသည် ကြီးကျယ်ခမ်းနားပြီး ဈေးကြီးလှသောကြောင့် ၂ ရာခိုင်နှုန်းခန့်သာ ပုဂ္ဂလိကကျောင်းများသို့ ပို့နိုင်ကြသေးကြောင်း တွေ့ရသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WEF) တို့ကကြီးမှူးပြီး ပညာရေးအတွက် အစားအစာများ ကျွေးမွေးရေးကို ကျေးလက်တောရွာအချို့တွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ဖူးသည်။ ပညာရေးဌာန ကျောင်းများတွင် အစားအသောက်များ ကျွေးမွေးရန် အစီအစဉ်အရ ကျောင်းသို့ ကလေးပို့လျှင် မိသားစုများ အစားအစာများရရှိစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံကို အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့မှုများ ပြုလိုက်သောကြောင့် UNDP နှင့် WEF တို့၏ အစီအစဉ်လည်း ပျောက်သွားခဲ့ရပြန်သည်။ သို့ဖြစ်ရာ ကျောင်းလာလျှင် အစားအစာပေးမည့်အစား၊ ကျောင်းထုတ်ပြီး အစားအစာ ရှာဖွေခိုင်းသည့် ဘဝနှင့်ပင် ဝေးသီခေါင်သောဒေသများနှင့် ဆင်းရဲသည့် ဒေသများမှ ကလေးများပညာရေးဝေးခဲ့ကြရပြန်သည်။

မြန်မာနိုင်ငံ တက္ကသိုလ်နှင့် အထက်တန်းကျောင်းထွက်များ ကျောင်းကထွက်လာပြီးနောက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးနှင့် ဆိုင်သောနေရာများတွင် အလုပ်အကိုင် မရကြသည်မှာလည်း အဆန်းမဟုတ်။ လုပ်ငန်းရှင်တစ်ဦးကမူ သူ့လုပ်ငန်းခွင်တွင် ဘွဲ့ရပညာတတ်များထက်၊ ဆယ်တန်းအောင်လောက်ကိုသာခန့်ထားရန် ဆန္ဒရှိကြောင်း ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် နှစ်မျိုးစလုံးကို လုပ်ငန်းခွင်တွင် လက်တွေ့ လုပ်ဆောင်တတ်စေရန် ပြန်သင်ပေးရသည်သာဖြစ်သည်။ သို့သော် ဘွဲ့ရထက် ဆယ်တန်းအောင်လောက်ကို ခေါ်ယူသုံးစွဲခြင်းက လစာနည်းနည်းပေးပြီး ခိုင်းကောင်းသည်ဟု ပြောကြားခဲ့သည်။

ပညာရေး၏အခန်းကဏ္ဍ စုတ်ပြတ်နိမ့်ကျနေရခြင်းမှာ အစိုးရတွင် တာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် အစိုးရကသာ ပညာရေးအခန်းကဏ္ဍအားလုံးကို တာဝန်ယူထားသောကြောင့် ဖြစ်သည်။ အနောက်တိုင်းတက္ကသိုလ်များကလည်း မြန်မာနိုင်ငံတက္ကသိုလ်များအား ပညာသင်ဆုပေးခြင်းများကိုလည်း တစ်ခုပြီးတစ်ခု ရပ်ဆိုင်းကုန်ကြပြန်သဖြင့် ပညာတတ် မွေးထုတ်ရေးအစီအစဉ်များမှာလည်း တစ်ခုပြီးတစ်ခု ဆုံးရှုံးကုန်ရပြန်သည်။ ယခုဆိုလျှင် ဂျပန်နှင့် ဂျာမနီအစိုးရတို့က ခေါ်သည့် ပညာသင်ဆုများသာ ကျန်တော့သည်။ ဂျပန်နှင့် ဂျာမန်ပြန် ပညာတတ်များကို ကျောင်းသားများကို ပိုပြီး သဘောကျကြောင်း သိရသော်လည်း လူမှန်နေရာမှန် ရောက်ရှိရေးဆိုသည်မှာ စစ်အစိုးရလက်ထက်တွင် အလွန်ရတောင့်ရခဲသော အခွင့်အရေး တစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံရှိ စစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီကြီးများ၏ မိသားစုများသည် သူတို့သားသမီးများကို စင်ကာပူနှင့် ဘန်ကောက်သို့ပို့ပြီး ပညာသင်ကြားခိုင်းကြသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပညာရေးနိမ့်ကျသည်ဆိုခြင်းမှာ ယင်းလူတန်းစားများနှင့် လားလားမှ မသက်ဆိုင်သော ကိစ္စတစ်ရပ်ဖြစ်နေသည်။ ဆင်းရဲသည့် ပြည်သူ အများစုမှာ ရသလောက်ပညာရေးကိုသာ ဘာနဲ့ပေးပေး ဘွဲ့ရရင်ပြီးရောသဘောဖြင့် သင်ကြားနေကြရသည်။ အငြိမ်းစားတက္ကသိုလ် ပါမောက္ခတစ်ဦးက -

“တက္ကသိုလ်မှာ အရည်အချင်းပြည့်ဝတဲ့ ဆရာတွေမရှိတာ ဆင်းရဲတဲ့ ကလေးတွေကိုပဲ ထိခိုက်စေတယ်။ သူတို့မှာ အခြားရွေးချယ်စရာမှ မရှိတာ။ ဆရာတွေကို သင်တန်းတွေ အများကြီးပေးဖို့လိုတယ်။ တက္ကသိုလ်က ဆရာတွေကို နိုင်ငံခြားပညာတော်သင်ခွင့်တွေ များများရအောင် လုပ်ပေးရမယ်။ ကျောင်း ကောင်းကောင်း မတက်နိုင်ခဲ့တဲ့သူတွေက ပညာကောင်းကောင်းမတတ်ဘူး။ သူတို့ ပညာကောင်းကောင်း မသင်ခဲ့ရတော့ ဘယ်လိုလုပ်ပြီး အရည်အသွေးပြည့်မီတဲ့ပညာကို ပြန်ပြီး မျှဝေနိုင်တော့မှာလဲ။ ခေတ်ကြောင့် စနစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဆရာတွေကို အရေးယူတာတွေ အပြစ်ပေးတာတွေ လုပ်နေမယ့်အစား ဘယ်လိုမြှင့်တင်ပေးပြီး ဘယ်လို ပြန်အသုံးချသင့်သလဲဆိုတာကိုပဲ စဉ်းစားလုပ်ဆောင်သင့်တယ်” ဟုပြောကြားသွားခြင်းကား စဉ်းစားစရာဖြစ်တော့သည်။

(Ref : Reassessing the economic sanctions imposed by western governments on Myanbmar, Kyaw Yin Hlaing)