News

POST TYPE

ARTICLE

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရား
22-Dec-2018


လုပ်ငန်းခွင်တွင် ကိုယ်ကျင့်တရားဆိုသည်မှာ မရှိမဖြစ် လုပ်ငန်းလမ်းညွှန်တစ်ခုအနေနှင့် ထားရမည့် တရားတစ်ခုဖြစ်ပါသည်။ လူတစ်ဦးချင်းဆိုင်ရာအတွက် သာမက အဖွဲ့အစည်းကြီးတစ်ခုလုံး လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများသည် ရှိရမည်သာဖြစ်သည်။

ကိုယ်ကျင့်တရားဆိုသည်မှာ ပေါင်းစည်းညီညွတ်မှုတစ်ကိုရရှိစေရန် အခြေခံအချက်တစ်ခုဖြစ်သည်။ မိမိကုမ္ပဏီ သို့မဟုတ် လုပ်ငန်းခွင်နှင့် ဖောက်သည်တို့ကြားတွင် ခိုင်မာသောဆက်ဆံရေးများ၊ ယုံကြည်မှုများ တည်ဆောက်ရန်လည်း ကိုယ်ကျင့်တရားက အရေးကြီးသည်။  

ကုမ္ပဏီများသည် သူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်း မည်မျှကောင်းသည်ဆိုခြင်းကို ဈေးကွက်တွင် မည်မျှစွမ်းဆောင်ထားသည်ဆိုသော ထုတ်ဖော်မှုများဖြင့်လည်း ဂုဏ်ယူပြီး ပြသလေ့ရှိသည်။ ဥပမာ- အသားကိုကြော်ငြာသည့် ကြော်ငြာတစ်ခုတွင် သူတို့ အသားထုတ်လုပ်ပုံတွေကို ပြသခြင်းမရှိ။ ထုတ်လုပ် ပြီးသောအသား၏ အာဟာရမည်မျှကြွယ်ဝသည် ဆိုခြင်းကို ဖော်ထုတ်ပြသခြင်းမှာ ကိုယ်ကျင့်တရား ဆိုင်ရာ စံတစ်ခုကို လိုက်နာလိုက်ခြင်း သဘောမျိုးဖြစ်သည်။

ကိုယ်ကျင့်တရားဆိုသည်မှာ လူတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို ထိန်းကျောင်း မောင်းနှင်ပေးသည့် ကိုယ်တိုင်ကျင့်ရမည့်တရားဖြစ်သည်။ လူတိုင်း မိမိတို့ကျင်လည်နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကိုယ်ကျင့်တရားဆိုင်ရာစံများကို လိုက်နာကျင့်ကြံ အားထုတ်နေထိုင်ကြရသည်။ အိမ်ထောင်စုတစ်ခုအတွင်း မိသားစုလည်း ကိုယ့်ကိုယ်ကျင့်တရားကို စောင့်ထိန်းလိုက်နာရသလို၊ လင်မယားချင်းပင် ကိုယ်ကျင့်တရားစံအတိုင်း နေထိုင်ပြုမူ ဆက်ဆံကြရသည်။ 

လုပ်ငန်းခွင်အတွင်း ကိုယ်ကျင့်တရားစံနှုန်းများကို သတ်မှတ်ပေးထားပါသည်။ ထိုသို့သတ်မှတ်ထားရခြင်းမှာ လုပ်ငန်းခွင် အောင်မြင်တိုးတက်စေရေးအတွက်ဖြစ်သည်။ လုပ်ငန်းခွင်တစ်ခုနှင့်တစ်ခု လိုက်နာရမည့် ကိုယ်ကျင့်တရားစံနှုန်းများသည် တူချင်မှ တူနိုင်သော်လည်း အခြေခံအချက်များကတော့ အတူတူပင်ဖြစ်သည်။ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားနှင့် ရဲစခန်းရှိ ရဲဝန်ထမ်းများ လိုက်တာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများသည် တူချင်မှတူမည်။ ဆက်သွယ်ရေးကုမ္ပဏီမှ ဝန်ထမ်းများနှင့် ပညာရေးဌာနမှ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားစံတွေကလည်း တူချင်မှတူမည်။ လုပ်ငန်းခွင်အတွင်း အနေအထားအရ လိုက်နာကျင့်သုံးရမည့် စံနှုန်းများ မတူသော်လည်း လုပ်ငန်းခွင်ပြင်ပတွင် အားလုံးရောက်လာကြသည့်အခါ၌ လူ့ဘောင်၏ ကိုယ်ကျင့်တရားစံများအတိုင်း လိုက်နာစောင့်ထိန်းကြရမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် နေရာတိုင်းတွင် စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားဆိုင်ရာ စံများနှင့် လွတ်ကင်းမည်မဟုတ်ပေ။

ကိုယ်ကျင့်တရားနှင့် စည်းကမ်းများသည် လုပ်ငန်းခွင်သာမက နေရာတိုင်းတွင် အဘယ်ကြောင့် ရှိနေရသနည်း။ အားလုံး နေရာတိုင်းတွင် အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ်နိုင်ရေးအတွက်ဖြစ်သည်။ နေရာတိုင်းတွင် နေချင်သလိုနေမည်၊ လုပ်ချင်သလိုလုပ်မည်၊ ပြောချင်သလိုပြောမည်ဆိုသည့်ပုံစံများဖြင့် နေထိုင်၍မရနိုင်ပေ။ လူ့ဘောင်လောကကြီးတစ်ခုလုံးကို စံနှုန်းများ နှင့်စည်းကမ်းများက ထိန်းချုပ်ထားသည်။ လိုက်နာဆောင်ရွက်ခြင်းသည် ကိုယ်ကျင့်တရားဖြင့် နေထိုင်ဆောက်တည်ခြင်းဖြစ်သည်။

ခေတ်သစ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ စံများကို စိန်ခေါ်လာမည့်အရာများပေါ်လာသည်။ ထိုအရာများမှာ နေရာတိုင်းတွင် စက်ပစ္စည်းများ၊ စက်ရုပ်များကို အစားထိုးလာကြခြင်း ဖြစ်သည်။ စက်ရုပ်တွေက လူသားတွေ၏ ကိုယ်ကျင့်တရားဆိုင်ရာစံများကို စိန်ခေါ်လာလိမ့်မည်။ သူတို့က ခိုင်းစေသည့်အတိုင်း အတိအကျလုပ်ဆောင်ပြခြင်းဖြင့် ခိုင်မာသောစံတစ်ခုကို ထူထောင်ပြလိမ့်မည်။ လူသားတို့အနာဂတ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများကလည်း စိန်ခေါ်စရာဖြစ်လာနိုင်သည်။

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုသည်မှာ ဘာသာရေးဆိုင်ရာ သဘောတရားများတွင် အခြေခံနေကြောင်း တွေ့ရမည်ဖြစ်သည်။ 

“ယုံကြည်မှု၊ တည်ကြည်မှု၊ မျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သစ္စာစောင့်သိမှု၊ ရဲဘော်ရဲဘက်စိတ်ရှိမှု၊ နိုင်ငံသူ နိုင်ငံသားစိတ်ထားရှိမှု၊ ရိုသေလေးစားတတ် မှု၊ ဂရုစိုက်စောင့်ရှောက်တတ်မှု” စသည်တို့သည် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့် ပတ်သက်နေကြောင်း တွေ့ရမည်ဖြစ်သည်။

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားစံနှုန်းများသည် ဘာသာတရားက သတ်မှတ်ထားသည့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့် ဆက်စပ်ပတ်သက်မှုရှိနေကြောင်း တွေ့ရမည်ဖြစ်သည်။ ဘာသာရေးကို အခြေခံထားသည့် အချို့သောကိစ္စများသည် အချို့သောသူများအတွက် ပြဿနာဖြစ်လာနိုင်စရာ ရှိပါသည်။ ဘာသာတရားဆိုင်ရာ ကိုယ်ကျင့်တရားအပေါ်တွင် အခြေခံလွန်းလျှင် ဖြေရှင်းရခက်သည့် ပြဿနာများနှင့်လည်း ရင်ဆိုင်ရတတ်သည်။

အချို့သောလုပ်ငန်းခွင်များတွင် ဘာသာတရားထက် ဥပဒေနှင့် စည်းမျဉ်းများအပေါ် အခြေခံထားသည့် ကိုယ်ကျင့်တရားစံများအတိုင်း လိုက်နာကျင့်သုံးစေကြောင်းလည်း တွေ့ရသည်။ လုပ်ငန်းခွင်တွင် အရေးကြီးသည်မှာ လုံခြုံရေးနှင့် ကျန်းမာရေးဖြစ်သည်။ အခြားအရေးကြီးသည့် အချက်များမှာ (၁) လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အသားအရောင်ခွဲခြားမှုမရှိခြင်း၊ (၂) စိတ်ဒုက္ခရောက်စေရန် မပြုမူခြင်း၊ (၃) အလုပ်ရှင်နှင့် အလုပ်သမား မျှတစွာဖြင့် အပေးအယူမျှစွာ ဆက်ဆံခြင်း၊ (၄) လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း စသည်တို့လည်း လိုအပ်သည်။ 

လုပ်ငန်းခွင် ကိုယ်ကျင့်တရားတွင် အလုပ်သမားတစ်ယောက်သည် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ပိုင်ခွင့်၊ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် အကောင်းဆုံး လုပ်ဆောင်ပိုင်ခွင့်များလည်း လိုအပ်သည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများမရှိရေး၊ ရှိလာခဲ့လျှင်လည်း အမြန်ဆုံးတိုင်ကြားခွင့်၊ အရေးယူပိုင်ခွင့်များရှိရေး၊ မိမိတို့လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာသမျှ အရေးကိစ္စတို့ကို လျစ်လျူရှုခြင်းမရှိ ကူညီဆောင်ရွက်ပေးခြင်းတို့ကလည်း လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားထဲတွင် ပါဝင်ပေသည်။

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားတွင် အခြားအလေးထားစရာကိစ္စများလည်း ရှိပါသေးသည်။ 

- မိမိတို့လုပ်ငန်း၏ လျှို့ဝှက်ချက်များကို စောင့်ထိန်းရမည်။

- မိမိဖောက်သည်ကို ဆင်းရဲ ချမ်းသာ၊ အဖြူ အမည်း မခွဲခြားဘဲ ကုမ္ပဏီမူဝါဒအတိုင်း တစ်ပြေးညီ ဆက်ဆံနိုင်ရမည်။

- ချစ်သူကို အခွင့်ပေး မျက်နှာပေး၊ မုန်းသူကို ဖိနှိပ်ချိုးနှိမ်လိုစိတ်များ မရှိစေရ။

- အချိန်အတိအကျ သတ်မှတ်ထားသည့်အတိုင်း ပြီးစီးအောင်မြင်စေရန် လုပ်ဆောင်ပေးနိုင်ရမည်။

- အချိန်သည် လုပ်ငန်းခွင်တွင်အရေးကြီးသည်။ လာချိန်၊ ပြန်ချိန်ကအစ၊ နားချိန်၊ စားချိန်တို့အထိ သတ်မှတ်ထားသော စည်းကမ်းများကို မဖောက်ဖျက်ရန်လိုသည်။

- ရန်ဖြစ်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ နှုတ်ဖြင့်စော်ကားခြင်းများကို မည်သည့်လုပ်ငန်းခွင်မှ လက်ခံနိုင်မည်မဟုတ်ပါ။

လုပ်ငန်းခွင်တိုင်း မသတ်မှတ်ထားသော်လည်း လိုက်နာစောင့်ထိန်းအပ်သည့် ဘာသာရေးနှင့် လုမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားစံများရှိသည်ကိုလည်း မေ့မထားသင့်ပါ။ သူများဘာသာ၊ သူများထုံးစံတို့အပေါ် စော်ကားခြင်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတစ်ခုကို ချိုးဖောက်ခြင်းဖြစ်ပါသည်။

Y-02

(Ref: Definition of Workplace Ethics by Lindsay Kramer)