News

POST TYPE

ARTICLE

အိန္ဒိယသမ္မတခရီးစဉ် မြန်မာနိုင်ငံနှင့် သဘောတူညီချက်အချို့ လက်မှတ်ထိုးရန်ရှိ
05-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၅

အိန္ဒိယနိုင်ငံသမ္မတဖြစ်သူ မစ္စတာ ရမ်နတ်သ်ကိုဗင်၏ လာမည့်ရက်ပိုင်းအတွင်း လာရောက်မည့် မြန်မာနိုင်ငံခရီးစဉ်၌ ရခိုင်ပြည်နယ် ပြန်လည်နေရာချထားရေး အပါအဝင် သဘောတူညီချက်အချို့ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

အိန္ဒိယသမ္မတသည် မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်မည်ဖြစ်ပြီး လေးရက်ကြာ လာရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက တရားဝင် ကြေညာခဲ့သည်။

ထို့ပြင် အိန္ဒိယသမ္မတသည် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားရန်လည်း ရှိနေကြောင်း သိရသည်။

မြန်မာသမ္မတနှင့် အိန္ဒိယသမ္မတတို့အကြား သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးရန် ရှိနေပြီး အိန္ဒိယဘက်က မြန်မာနိုင်ငံကို ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းပို့ချပေးမယ့် ကိစ္စရပ်တစ်ခု လက်မှတ်ရေးထိုးသွားရန်နှင့် အိန္ဒိယဘက်က ရခိုင်ပြည်နယ်ဘက်မှာ ပြန်လည်နေရာချထားရေးအတွက် အသင့်နေထိုင်နိုင်သောအိမ်များ လွှဲပြောင်းပေးရန် ကမ်းလှမ်းထားသည့်ကိစ္စရပ်များ သဘောတူထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောကြားသည်။

အခြားဆွေးနွေးရမည့်ကိစ္စရပ်များနှင့် သဘောတူစာချုပ် ချုပ်မည့် ကိစ္စရပ်များ ရှိနေသေးသော်လည်း အသေးစိတ် ညှိနှိုင်းရမည့်ကိစ္စရပ်များ ကျန်နေသည့်အတွက် ယခုခရီးစဉ်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိန္ဒိယသမ္မတ၏ အဆိုပါခရီးစဉ်၌ ဝန်ကြီးချုပ် မိုဒီ၏ ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၈ ဇန်နဝါရီက အိန္ဒိယနိုင်ငံသို့ ခရီးစဉ်များ၌  ဆွေးနွေးခဲ့သည်များကို အရှိန်မြှင့်ကာ အတည်ပြုနိုင်ရန် ရည်ရွယ်ထားကြောင်း အိန္ဒိယနိုင်ငံ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည်။

ထို့ပြင် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် အများအပြား ချုပ်ဆိုမည်ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း  အိန္ဒိယက ကြေညာထားသည်။

J-08