News

POST TYPE

ARTICLE

အားကစားနဲ့ နိုင်ငံတည်ဆောက်ရေး
29-Nov-2018
အားကစားနဲ့ နိုင်ငံတည်ဆောက်ရေးဆိုတာ အပေါ်ယံအားဖြင့် ကြည့်မယ်ဆိုရင် ဆက်စပ်မှုနည်းပါတယ်။ မြန်မာနိုင်ငံလို မတူကွဲပြားမှုနဲ့ ယဉ်ကျေးမှုပေါင်းစုံ တည်ရှိနေတဲ့နိုင်ငံမှာ စုစည်းညီညွတ်မှုဆိုတာ နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု အနေနဲ့ ရှိနေပါတယ်။ မတူကွဲပြားမှုတွေကြားမှာ ယုံကြည်မှုပျောက်ဆုံးတာတွေ၊ ပဋိပက္ခတွေနဲ့ အပြန်အလှန်နားလည်မှု နည်းပါးတာတွေရှိနေရင် နိုင်ငံတည်ဆောက်ရေးကိုသွားဖို့ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတည်ဆောက်ရေးလို့ ပြောတဲ့အခါ ပညာရပ်ဆိုင်ရာချဉ်းကပ်မှုတွေအရ တိုင်းပြည်ရဲ့စီးပွားရေးကို တည်ဆောက်တာ၊ စံနှုန်းတွေနဲ့ နိုင်ငံရေးစနစ်ကိုတည်ဆောက်တာ စသည်ဖြင့် ချဉ်းကပ်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးလို့ ပြောတဲ့အခါ နိုင်ငံရေး၊ စီးပွားရေးသာမကဘဲ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းက ငြိမ်းချမ်းရေးကို တည်ဆောက်ရတာ၊ မတူကွဲပြားမှုကြားက ဘုံရည်မှန်းချက်နဲ့ တူညီတဲ့တန်ဖိုး စံနှုန်းတွေကို တည်ဆောက်ရတာ စသည်ဖြင့်ရှိကြပါတယ်။ လက်ရှိ နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ NLD ပါတီရဲ့ ဦးစားပေးရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဖြစ်တယ်လို့ ပြောဆိုဖူးပါတယ်။ ဆိုရရင်တော့ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ကျန်တဲ့ကဏ္ဍတွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွေကို တစ်ပါတည်းလုပ်ဆောင်သွားဖို့ဆိုတာ နားလည်နိုင်ပါတယ်။

ငြိမ်းချမ်းရေးလို့ပြောတဲ့အခါ လက်နက်ကိုင်ထားကြတဲ့ အဖွဲ့အစည်းတွေကြားထဲက ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုတာရှိသလိုပဲ လက်နက်မကိုင်ထားတဲ့ပြည်သူတွေရဲ့ အခန်းကဏ္ဍ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအတွင်းက သဟဇာတဖြစ်မှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေဟာ နှစ်ဖက်အဖွဲ့အစည်းကြား စားပွဲဝိုင်းပေါ်မှာ စေ့စပ်ဆွေးနွေး အဖြေရှာခြင်းနည်းလမ်းနဲ့ ဖြေရှင်းလို့ရနိုင်ပေမယ့် လူ့အဖွဲ့အစည်းအတွင်းက ပြဿနာတွေ ယုံကြည်နားလည်လက်ခံထားတဲ့ အယူအဆတွေကတော့ ဖြေရှင်းဖို့ သိမ်မွေ့နက်နဲပါတယ်။ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာ ခံစားခဲ့ရသူတွေရှိသလို တိုင်းရင်းသားတွေကြားထဲမှ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ဘာသာစကားဆိုင်ရာ မတူကွဲပြားမှုတွေပေါ်လိုက်ပြီး အပြန်အလှန်သဘောထားတွေဟာ သဟဇာတဖြစ်ဖို့ ခက်ခဲနေရဆဲပါပဲ။ စစ်အာဏာရှင်လက်ထက် ဝါဒဖြန့်ချိမှုနဲ့ အခွင့်အရေးတွေ ခွဲခြားသတ်မှတ်ခံခဲ့ရခြင်းတွေကလည်း မတူကွဲပြားမှုပေါင်းစုံတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းအတွက်က သဟဇာတဖြစ်ရေး အကျိုးသက်ရောက်မှု များစွာရှိနေနိုင်ပါတယ်။

ဒီကနေ့ အချိန်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုခရီးမှာ လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တာနဲ့အညီ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေနဲ့အတူ နိုင်ငံတည်ဆောက်ရေးဆိုတဲ့အရာတွေကို လုပ်ဆောင်နေရတဲ့ အချိန်တစ်ခုဖြစ်သလို အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေလည်း အများအပြားရှိနေပါတယ်။

နိုင်ငံတည်ဆောက်ရေးလို့ ဆိုလိုက်တဲ့အခါ နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးရဲ့ ဘုံရည်မှန်းချက်တွေနဲ့ တူညီတဲ့ခံယူမှု တန်းတူညီမျှ တဲ့အခွင့်အရေးရရှိမှုတွေကို စုစည်းနိုင်ဖို့ ညီညွတ်အောင် ဖန်တီးပုံဖော်နိုင်မှုက အရေးပါလာပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာအောင် နိုင်ငံရေးအရ ဖန်တီးဖော်ဆောင်တာ၊ စီးပွားရေးအရ တည်ဆောက်တာတွေအပြင် စာပေ၊ အနုပညာ၊ အရပ်ဘက်အဖွဲ့အစည်း၊ အားကစား အဘက်ဘက်ကနေ ကဏ္ဍမျိုးစုံကနေ နိုင်ငံတည်ဆောက်ရေးသွားမှသာ ဖြစ်နိုင်ခြေရှိတဲ့ အခင်းအကျင်းတွေ ရရှိလာနိုင်မယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲလိုက်ဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတွေအားလုံးကြား တူညီတဲ့ရည်မှန်းချက်နဲ့ တူညီတဲ့ခံယူမှုတွေ ဖြစ်လာဖို့ဆိုတာ သိမ်မွေ့တဲ့လုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။ ဆိုလိုချင်တာကတော့ မတူကွဲပြားတဲ့ အမှတ်သရုပ်တွေ၊ ယဉ်ကျေးမှုတွေ ဘာသာစကားနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို အသိအမှတ်ပြု တန်ဖိုးထားပြီးတို့ အားလုံးမြန်မာဆိုတဲ့ စိတ်အတွင်းပိုင်း ခံယူချက်မျိုးဖြစ်တည်လာရေးပါပဲ။

ဒီဆောင်းပါးရဲ့ခေါင်းစဉ်ကို ပြန်ကောက်ရမယ်ဆိုရင်တော့ အားကစားနည်းတွေကလည်း နိုင်ငံရေးတည်ဆောက်ရေး (အထက်မှာဆိုခဲ့တဲ့ နိုင်ငံသားကြားထဲ စုစည်းညီညွတ်တဲ့ ဘုံရည်မှန်းချက်၊ ဘုံခံယူချက်တွေ ဖြစ်တည်လာရေး) အတွက် အသုံးပြုနိုင်တဲ့ အရာတစ်ခုပါပဲ။ အထူးသဖြင့် အားကစားနည်းတွေထဲကမှ မြန်မာနိုင်ငံကလူတွေ အားပေးမှု အများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းက ပိုပြီးတော့မှ ထိရောက်နိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်။

ဘောလုံးအားကစားနည်းနဲ့ စုစည်းညီညွတ်မှုကို ရယူနိုင်ရေးဆိုတာက မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုထားတဲ့ လက်ရွေးစင်အသင်းဟာ မတူကွဲပြားမှုပေါင်းစုံနေတဲ့ မြန်မာနိုင်ငံကို ဘယ်လောက်ထိ ပုံဖော်နိုင်သလဲ၊ ဘယ်လောက်ထိ အရောင်အသွေးစုံကို ကိုယ်စားပြုနေသလဲ ဆိုတာတွေက အရေးကြီးပါတယ်။ အဲ့ဒါအပြင် အရာရာမှာ နောက်ကျ ကျန်နေခဲ့တဲ့ နိုင်ငံတစ်ခုက ပြည်သူတွေအနေနဲ့ အနိုင်ရခြင်းဆိုတဲ့ ခံစားမှုကို လိုချင်ကြမှာ အမှန်ပါပဲ။ အဲ့ဒီပြည်သူတွေရဲ့ မျှော်လင့်ချက်ကို နိုင်ငံ့ခေါင်းဆောင်တွေက ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။

အားကစားနဲ့ တစ်နိုင်ငံလုံး စုစည်းညီညွတ်ရေးနဲ့ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံရဲ့ သမ္မတ နယ်ဆင်မင်ဒဲလား လုပ်ဆောင်ခဲ့တာကို ပြန်လည်ရိုက်ကူးထားတဲ့ Invictus ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲ အကြောင်းအရာကို ဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးလိုပါတယ်။ ဒီဇာတ်ကားကတော့ တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင် နယ်ဆင်မင်ဒဲလား သမ္မတတာဝန် စတင်ထမ်းဆောင်လာတဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ။

နယ်ဆင်မင်ဒဲလားဟာ ထောင်ထဲမှာ ၂၇ နှစ်လောက် အချုပ်အနှောင်ခံခဲ့ရပြီးတဲ့နောက် ၁၉၉၀ ခုနှစ်မှာ လွတ်မြောက်လာခဲ့ပါတယ်။ သူလွတ်မြောက်ပြီး ၄ နှစ်အကြာမှာပဲ သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။ နယ်ဆင်မင်ဒဲလား သမ္မတတာဝန် ထမ်းဆောင်တဲ့အချိန်ဟာ လူမျိုးရေးပဋိပက္ခတွေ၊ နိုင်ငံရေးပြဿနာတွေ ရှုပ်ထွေးနေတဲ့ အပြောင်းအလဲ ကာလတစ်ခုပါ။ အပြန်အလှန် ယုံကြည်မှုတွေ ပျောက်ဆုံးပြီး တစ်ဖက်နဲ့တစ်ဖက် စိုးရိမ်စိတ်တွေ၊ သံသယတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ စုစည်းညီညွတ်ရေး လုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သမ္မတ နယ်ဆင်မင်ဒဲလားက တောင်အာဖရိကနိုင်ငံက နိုင်ငံသားအားလုံး လူဖြူ လူမည်း မခွဲ တစ်သားတည်းဖြစ်ရေးဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်တာမှာ ရပ်ဘီဘောလုံးအားကစားနည်းကိုလည်း အသုံးပြုခဲ့ပါတယ်။ ရပ်ဘီအားကစားနည်းဆိုတာက တောင်အာဖရိကနိုင်ငံမှာ အပေါ်ယံလွှာက လူဖြူ လူတန်းစားတွေ အများဆုံး ကစားကြတဲ့ကစားနည်းပါ။ ဒါ့ကြောင့် တောင်အာဖရိကနိုင်ငံ နိုင်ငံ့လက်ရွေးစင် ရပ်ဘီဘောလုံးအသင်းက လူဖြူတွေချည်းလိုလို ပါဝင်နေတဲ့အသင်း ဖြစ်နေပါတယ်။ ၁၉၉၅ ခုနှစ် ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပါတယ်။ အဲ့ဒီမှာပဲ သမ္မတနယ်ဆင်မင်ဒဲလားဟာ ရပ်ဘီဘောလုံးအသင်းကို အခြေခံပြီး လူဖြူ လူမည်းကြားက ကွဲပြားခြားနားမှုပျောက်ပြီး စုစည်းညီညွတ်မှုရအောင် ကြိုးပမ်းလာပါတယ်။

လူဖြူတွေပါနေတဲ့ တောင်အာဖရိက ရပ်ဘီလက်ရွေးစင်အသင်းကို တောင်အာဖရိကနိုင်ငံသား လူမည်းတွေက အားမပေးကြပါဘူး။ သူတို့နဲ့ ဘာမှမသက်ဆိုင်တဲ့ ဘောလုံးအသင်းတစ်သင်းအဖြစ် သဘောထားရုံသာမကဘဲ အင်္ဂလန်နဲ့ တောင်အာဖရိက ကစားခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်ဘက်ကနေ အားပေးခဲ့ကြပါတယ်။ ဒီအခြေအနေကို သမ္မတနယ်ဆင်မင်ဒဲလားက ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။ သူ့ကို သဘောမကျတဲ့ ရပ်ဘီအသင်း ခေါင်းဆောင်ကို ခေါ်တွေ့တယ်၊ ရပ်ဘီလက်ရွေးစင်အသင်းကို အခြေခံ လူတန်းစားရပ်ကွက်တွေထဲကို လူမည်းကလေးငယ်တွေနဲ့ ထိတွေ့စေပြီး ရပ်ဘီအားကစားကို စိတ်ဝင်စားလာအောင် အတူတကွ ကစားစေတယ်။ ရပ်ဘီလက်ရွေးစင်အသင်းကို သူအကျဉ်းကျခဲ့တဲ့ Robben Island က အကျဉ်းထောင်ကို သွားရောက်လည်ပတ်စေတယ်။ သူကိုယ်တိုင်လည်း တောင်အာဖရိကလက်ရွေးစင် ရပ်ဘီဘောလုံးအသင်းကို နှစ်နှစ်ခြိုက်ခြိုက်အားပေး။ အရာရာမှာ ရှုံးနိမ့်နေရတဲ့ သူ့ပြည်သူတွေကို အောင်မြင်မှုအရသာ ခံစားစေချင်တယ်။ လူဖြူ လူမည်းမခွဲဘဲ နိုင်ငံချစ်စိတ်တွေ တူညီလာစေချင်တယ်ဆိုတဲ့ ဆန္ဒတွေကို အခြေခံခဲ့တယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ တောင်အာဖရိကနိုင်ငံက နယူးဇီလန်ကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တယ်။ အဲ့ဒီပွဲစဉ်ကို တောင်အာဖရိကနိုင်ငံက တစ်နိုင်ငံလုံး လူဖြူ လူမည်းမခွဲဘဲ အားပေးခဲ့ကြသလို တစ်နိုင်ငံလုံးရဲ့ အောင်မြင်မှုအဖြစ် အောင်ပွဲခံခဲ့ကြတယ်။

ဒီဇာတ်လမ်းကို သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ နာမည်ကြီး နိုင်ငံရေးခေါင်းဆောင် သမ္မတတစ်ယောက်က နိုင်ငံရဲ့ ရပ်ဘီဘောလုံးအသင်းကို အားပေးတာပါပဲ။ ဒါပေမဲ့ အဲ့ဒီနောက်ကွယ်မှာရှိနေတဲ့ ရည်ရွယ်ချက်နဲ့ စိတ်စေတနာတွေဟာ သတိပြုစရာ စံပြုစရာပါ။ စကားလုံးတွေအားဖြင့် ကြီးကျယ်ခမ်းနားပြီး ခက်ခဲမယ်ထင်ရတဲ့ နိုင်ငံတည်ဆောက်ရေး (State Building) အမျိုးသားတည်ဆောက်ရေး (Nation Building) ဆိုတာတွေကို ဖော်ဆောင်တဲ့အခါမှာ တချို့နည်းလမ်းတွေက သေးငယ်ကောင်းသေးငယ်နေမယ် ရိုးရှင်းကောင်းရိုးရှင်းနေမယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ အရေးမကြီးလောက်ဘူးထင်တဲ့ နည်းလမ်းတွေက လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တတ်တာမျိုးကို သတိပြုစရာကောင်းပါတယ်။

ဒီနေရာမှာ စိတ်ကူးမျှော်မှန်းကြည့်တာကတော့ နိုင်ငံအတွင်းမှာရှိနေတဲ့ လူမျိုးရေး၊ ဘာသာရေးအစွဲတွေ နိုင်ငံရေး အယူအဆအစွဲတွေကို ကျော်လွန်ပြီး အားလုံးတူညီတဲ့ ခံစားမှုတွေကို ရရှိစေနိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကနေ စတင်ကြည့်ရင် ဖြစ်နိုင်မလားဆိုတာပါ။ မတူကွဲပြားတွေနဲ့အတူရှိနေတဲ့ စုစည်းညီညွတ်မှု (Diversity Within Unity) ဆိုတာကို မြန်မာဘောလုံးအသင်းမှာ ပုံဖော်ပြပြီး တစ်နိုင်ငံလုံးရဲ့ ညီညွတ်မှုကို ရှာဖွေမယ်ဆိုရင် ဖြစ်နိုင်မလားဆိုတာ စိတ်ကူးမျှော်မှန်းမိပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင်တော့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အခုထက်ပိုပြီး အရောင်အသွေးစုံဖို့ လိုအပ်တာတော့ အမှန်ပါပဲ။ အရောင်အသွေးစုံတဲ့ လက်ရွေးစင်ဘောလုံးအသင်းတစ်သင်းကို တည်ဆောက်တဲ့ နေရာမှာလည်း အောင်မြင်မှုတွေကို တက်လှမ်းနိုင်မယ့် အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ ဖြည့်ဆည်းမှုတွေကိုပါ တစ်ပါတည်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ထင်ထားသလောက် အောင်မြင်မှုမရတဲ့ နေရှင်နယ်လိဂ်တစ်ခုတည်းကို အမှီပြုမထားဘဲ တစ်ချိန်က ဒေသချစ်စိတ်နဲ့ အားပေးမှုများခဲ့တဲ့ ကျောင်းသားအဆင့်ကစလို့ အဆင့်ဆင့် တိုင်းနှင့်ပြည်နယ်ပွဲတွေကိုလည်း စိတ်ဝင်စားအသက်ဝင်လာအောင် ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ကစားသမားရွေးချယ်မှုတွေမှာလည်း လူမျိုး၊ ဘာသာ၊ နေရာဒေသ ခွဲခြားမှု ဘက်လိုက်မှုတွေကို အခြေမခံဘဲ ရွေးချယ်ပြဖို့ လိုအပ်ပါတယ်။ လက်ရွေးစင်အသင်းမှာ ဘာလူမျိုး၊ ဘယ်ဘာသာ မပါသင့်ဘူးဆိုတဲ့ စဉ်းစား ချက်မျိုးမထားဘဲ နိုင်ငံသားအခြေခံတန်ဖိုးနဲ့ ရွေးချယ်မှသာ နိုင်ငံသားအားလုံးရဲ့ကိုယ်စားပြုမှုကို ရရှိစေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးဆိုလိုက်တဲ့အခါ တပ်မတော်နဲ့ အာဏာရဒီမိုကရေစီ အင်အားစုတွေကြားက ရင်ကြားစေ့ရေးနဲ့ အခမ်းအနားပွဲတွေထဲက ငြိမ်းချမ်းရေးမှတင် ရပ်တန့်နေဖို့မသင့်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိစေမယ့် တခြားသောနည်းလမ်းတွေနဲ့ ဆန်းသစ်တီထွင်မှုရှိနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုအပ်ချက်တွေမှာ အားကစားနည်းတွေက နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားတည်ဆောက်ရေးအတွက် အခန်းကဏ္ဍတစ်ခုအနေနဲ့ ဖန်တီးဖော်ဆောင်ဖို့က သိမ်မွေ့တဲ့ နည်းလမ်းကောင်းတစ်ခုဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေ သတိပြုမိစေလိုပါတယ်။

မှူးသစ်