News

POST TYPE

ARTICLE

ကယား၊ ကရင်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများကို ထောက်ပံ့ကြေးပေးမည်
28-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၈

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက လုပ်ဆောင်နေသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အရွယ်ကလေးများအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်ကို ကယားနှင့် ကရင်ပြည်နယ်များတွင်ပါ တိုးချဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ငွေကြေးထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer- MCCT Program)မှ မိခင်နှင့် ကလေးငယ်များ အာဟာရပြည့်ဝသည့် အစားအသောက်များ ဝယ်ယူနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်။

“ဒီအစီအစဉ်က အလွန် အရေးကြီးတယ်။ ငွေမရှိလို့မစားရ၊ အာဟာရချို့တဲ့တာတွေမဖြစ်အောင် ငွေကြေးလက်ထဲ ထည့်ပေးတာဖြစ်ပါတယ်။ ကလေးအသက် ရက်ပေါင်းတစ်ထောင်အတွင်း မိခင်နဲ့ ကလေးအာဟာရဖြစ်ဖို့အတွက် ငွေပေးရုံတင်မကဘူး၊ ကျန်းမာရေးအတွက် ပညာပေးတဲ့လုပ်ငန်းတွေရောပေါ့”ဟု ဒေါက်တာဝင်းမြတ်အေးက ရှင်းပြသည်။

အဆိုပါ MCCT အစီအစဉ်ကို ချင်း၊ ရခိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်ပေးနေရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကယားနှင့် ကရင်ပြည်နယ်များကို ဆက်လက်ထောက်ပံ့ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ယင်းအစီအစဉ်ထံမှ သိရသည်။

ကလေး ပုညှက်မှုနှုန်းအပေါ်တွင်မူတည်၍ ဆောင်ရွက်သည့် MCCT အစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် လွှမ်းခြုံနိုင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး မကြာခင်ကာလများတွင် ရှမ်း၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ကိုပါ တိုးချဲ့ထောက်ပံ့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ကြားကာလ ၆ လဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်ရှိ လူဦးရေ ၂၃,၁၅၃ ဦးအတွက် ကျပ် ၁ ဒသမ ၉ ဘီလီယံ၊ ရခိုင်ရှိ လူဦးရေ ၆၇၉,၃၂ ဦးအတွက် ကျပ် ၅ ဒသမ ၆ဘီလီယံနှင့် နာဂဒေသရှိ လူဦးရေ ၅၂၈၂ ဦးအတွက် ကျပ် ဝ ဒသမ ၆ ဘီလီယံကို ထောက်ပံ့ခဲ့ပြီး ၂၀၁၈ ခုနှစ်ဇန်နဝါရီမှ အောက်တိုဘာလအထိ ပညာပေးဟောပြောမှုပေါင်း နှစ်ထောင်ကျော်ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

J-12