News

POST TYPE

ARTICLE

ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံရ
26-Nov-2018
ဓာတ်ပုံ - တေဇာ
ပုသိမ်၊ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဆိပ်ကြီးရွာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ ချောင်းသာ သစ်တောကြိုးဝိုင်းအကွက် အမှတ် ၄ ရှိ အောင်ဂေါင်းချောင်းဖျား၌ တောဆင်ရိုင်း အထီးတစ်ကောင် သတ်ဖြတ်ခံရပြီး သေဆုံးနေသည်ကို နိုဝင်ဘာ ၂၅ ရက်က တွေ့ခဲ့ရကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

တောဆင်ရိုင်း၏ လက်ယာဘက်လက်ပြင်တွင် အနက် ၃ လက်မရှိ မြားဒဏ်ရာတစ်ချက် တွေ့ရပြီး ဆင်၏အရေခွံ ၄ ပုံ ၃ ပုံကို ခွာထားကြောင်း၊ အသက် ၁၅ နှစ်၊ အမြင့် ၈ ပေ၊ လုံးပတ် ၁၀ ပေ၊ ရှေ့ခွာ ၅ ခု၊ နောက်ခွာ ၄ ခု၊ နှာမောင်းအရှည် ၄ ပေ၊ အမြီး အရှည် ၄ ပေ ၆ လက်မရှိ အစွယ်မပါသော ဟိုင်းဆင် အမျိုးအစားဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။ 

တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက “ဆင်သတ်တဲ့သူတွေကို ဖမ်းဆီးနိုင်မှာပါ။ နေပြည်တော်က တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့တွေ လာရောက်မှတ်တမ်းတင်ပြီးတာနဲ့ သစ်တောဦးစီးဌာနက အမှုဖွင့်ဆောင်ရွက်သွားမှာ”ဟု ပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်က ၅ လက်မ ပတ်လည်ခန့်ရှိ ဆင်သားရေ ၂၉၀ ချပ် သယ်ဆောင်လာသူ ၄ ဦးကို ပုသိမ်ကြိုးတံတားအနီး ဖမ်းမိ၍ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁ (က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း၊ ပုသိမ်ခရိုင်အတွင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၂၆ ရက်အတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု ၇ ကောင်ရှိနေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်မှူးရုံးမှ သိရသည်။

R-12