News

POST TYPE

ARTICLE

ဧရာဝတီမတ်ပဲဈေးကွက်၌ တစ်တင်းလျှင်ကျပ်ငါးထောင်ခန့်ကျ
14-Nov-2018
ဟင်္သာတ၊ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၏ အရေးပါဆုံး ကုန်စည်ဒိုင်ဖြစ်သည့် ဟင်္သာတမတ်ပဲကုန်စည်ဒိုင်၌ နိုဝင်ဘာလ ၆ ရက်မှ ၁၃ ရက်အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်ငါးထောင်ခန့် ဈေးကျဆင်းခဲ့ကြောင်း ယင်းကုန်စည်ဒိုင်မှ သိရသည်။

နိုဝင်ဘာလ ၅ ရက်မှ နိုဝင်ဘာလ ၆ ရက် နံနက်အထိ နှစ်ရက်အတွင်း မတ်ပဲတစ်တင်းလျှင် သုံးသောင်းကျပ်မှ သုံးသောင်းခွဲကျပ်အထိ ဈေးတက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်အတွင်း မတ်ပဲတစ်တင်းလျှင် သုံးသောင်းကျပ်အောက် ဈေးကွက်ကျဆင်းခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

“ဒီနေ့(နိုဝင်ဘာ ၁၄) ကတော့ ဈေးပြန်တက်လာတယ်။ တစ်တင်းကို သုံးသောင်းနှစ်ထောင်ကျပ်ဈေးဖြစ်လာတယ်။ ပြန်တက်ဦးမယ် ထင်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပြောဆိုသည်။

မြင့်တက်လာသည့် မတ်ပဲဈေးကွက်မှာ ကုန်သည်လှောင်လက်များအတွက်သာ အကျိုးရှိမည်ဖြစ်ပြီး တောင်သူများအတွက် ဈေးကွက်လိုအပ်သည်မှာ မတ်ပဲပေါ်ချိန်သာဖြစ်၍ ဧရာဝတီတိုင်းရှိ မိုးစပါးသိမ်းပြီးသော တောင်သူများက မတ်ပဲစိုက်ပျိုးကြပြီဖြစ်ရာ မိုးစပါးရိတ်သိမ်းချိန် နောက်ကျနေသည့် တောင်သူများသာ ကျန်ရှိတော့ကြောင်း၊ လက်ရှိဈေးကွက်အရ မျှော်လင့်ချက်များစွာဖြင့် စိုက်ပျိုးနေကြသည့် တောင်သူများအတွက် မတ်ပဲပေါ်ချိန် ဈေးကွက်မြင့်ရန်မှာ အရေးကြီးကြောင်း ဟင်္သာတမြို့ခံတောင်သူ ဦးကျော်လွင်က ပြောသည်။

R-13