News

POST TYPE

ARTICLE

သူခိုးလည်းမဟုတ်၊ ဓားပြလည်းမဟုတ်၊ လူကြမ်းလည်းမဟုတ်သူ
08-Nov-2018


ယခုတစ်လော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဒါတွတ်ဆီရီနာဂျစ်တွန် ရာဇတ်အကြောင်းတွေက နိုင်ငံတကာ သတင်းလောကတွင် ပြန်ပြီ ရေပန်းစားလာပြန်သည်။ ဆိုရှယ်ကွန်ရက်ဖြစ်သည့် Facebook ပေါ်က တစ်ဆင့် သူ့ကိုတိုက်ခိုက်သူတွေကလည်း နာဂျစ်သည် ဆော်ဒီဘုရင် အဗ္ဗဒူလာ အဗ္ဗဒူလာဇစ် အယ်လ်ဆာ့ဒ်ထံမှ မလေးရှား ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံခန့် ယူထားကြောင်း ဖော်ကောင်တွေ လုပ်နေကြသည်။ နိုဝင်ဘာ ၆ ရက်နေ့က Facebook ပေါ်တွင် နာဂျစ်က မိန့်ခွန်းတစ်ခုပြောသည်ကို လွှင့်တင်လိုက်သည်။ သူက သူ့အပေါ် စွပ်စွဲပြီး မဟုတ်မမှန် ပြောဆိုနေကြခြင်း၏ အဓိကအကြောင်းတရားမှာ ပြီးခဲ့သော ရွေးကောက်ပွဲတွင် သူရှုံးနိမ့်ခဲ့သောကြောင့် ဖြစ်သည်ဟု ပြောကြားသည်။

Facebook ပေါ်တွင် သူ၏ရှင်းလင်းချက် ဗီဒီယိုထဲ၌ သူ့အနေနှင့် ဆော်ဒီဘုရင်ထံက ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံ ယူဆောင်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ထည့်သွင်းရှင်းလင်းသွားခဲ့သည်။ နာဂျစ်သည် ဆော်ဒီဘုရင်နှင့် ၂၀၀၉ ခုနှစ်ခန့်ကတည်းက အဆက်အသွယ်ရှိခဲ့ပြီး အဖိုးတန်လက်ဆောင်များကို ရယူဖူးသူဖြစ်သည်။ ဆော်ဒီဘုရင်ကလည်း နာဂျစ်ကိုမှမဟုတ် အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ပူတင်တို့ကိုပါ အဖိုးတန်ပစ္စည်းများ လက်ဆောင်ပေးတတ်သူဖြစ်သည်။

နာဂျစ်က ဆော်ဒီဘုရင်သည် သူ့အခက်အခဲများကို ကူညီချင်သူဖြစ်ရုံမက သူ့ပါတီဆက်လက် အာဏာရရေးအတွက် ထောက်ခံနေသူဖြစ်ကြောင်း၊ ဆော်ဒီဘုရင်သည် သူ့ထံကို ငွေတွေကိုပို့ပေးသည် မှန်သော်လည်း သူကအားလုံးကို ပို့ပေးသူနှင့်အတူ ပြန်လည် ပေးအပ်လိုက်ကြောင်းလည်း ရှင်းလင်းခဲ့သည်။ ထိုငွေများသည် ပုဂ္ဂိုလ်ရေးအရ ထောက်ပံ့ခြင်းဖြစ်ပြီး မိမိအနေနှင့် ရွေးကောက်ပွဲအတွက်လည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း တစ်ပြားမှမသုံးခဲ့ဟု အခိုင်အမာပြောဆိုခဲ့သည်။ ထို့ပြင် သူက

“ကျွန်တော်ပြန်ပေးလိုက်တဲ့ ငွေတွေထဲက တစ်ပြားမှမခိုးဘူး။ ကျွန်တော် အစိုးရအဖွဲ့ထဲမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်ရတဲ့ ရန်ပုံငွေတွေကို စာရင်းနဲ့ဖော်ထုတ်ပြနိုင်တယ်။ ကျွန်တော် သူခိုးလည်းမဟုတ်ဘူး၊ ဓားပြလည်း မဟုတ်ဘူး။ လူကြမ်းတစ်ယောက်လည်း မဟုတ်ဘူး”ဟု သူက ရှင်းလင်းခဲ့သည်။ သူက သူ့အပေါ် အမြင်ရှင်းစေလိုသောကြောင့် ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံအပေါ် ရှင်းလင်းခဲ့သည်ဆိုသော်လည်း သူ့အပေါ် ပြည်သူတွေက အမှန်တကယ် အမြင်ရှင်းသလား လေ့လာဆန်းစစ်ရန် လိုမည်ထင်ပါသည်။

နာဂျစ်၏ ဇနီးဖြစ်သူ ရို့စ်မာမင်ဆာသည် နာဂျစ်ဝန်ကြီးချုပ်ဘဝ အာဏာရစဉ်ကတည်းက နာမည်ကျော်နေသူတစ်ဦးဖြစ်သည်။ သူသည် ဇိမ်ခံပစ္စည်းများ ဝယ်သုံးရာတွင် ပြည်သူများ မျက်စိ စပါးမွေးအစူးခံနေရသူတစ်ဦးလည်းဖြစ်သည်။ သူ့ကိုလည်း ငွေကြေး ခဝါချမှု၊ နိုင်ငံရေး အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်သည်ဆိုကာ ဖမ်းဆီး အရေးယူထားခြင်း ခံနေရသူဖြစ်သည်။

ရို့စ်မာကို ဖမ်းဆီးထားသည့်ကိစ္စတွင် နာဂျစ်၏ 1MDB ဆိုသော ငွေကြေးကိစ္စများအပေါ် မလျော်သုံးထားမှုများနှင့်လည်း ပတ်သက်နေသည်။ 1MDB ဆိုသည့် အစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် မြှုပ်နှံထားသော ငွေကြေးဒေါ်လာ ဘီလီယံနှင့်ချီပြီး ပျောက်ဆုံးနေသည်။ ထိုကိစ္စသည် နာဂျစ်အုပ်ချုပ်သည့်ကာလတွင် အပုပ်နံ့ထွက်နေသော်လည်း ယနေ့တိုင် မဖြေရှင်းနိုင်သည့်ကိစ္စတစ်ခုဖြစ်နေသည်။

ကမ္ဘာ့ကြေးအကြီးဆုံး အရှုပ်တော်ပုံဟုဆိုရမည့် 1MDB အမှုမှ ရန်ပုံငွေများသည် ဝန်ကြီးချုပ်ဘဝကာလ နာဂျစ်တစ်ယောက် ကိုယ်ပိုင် အပျော်စီးရွက်လှေ ဝယ်ခြင်း၊ ပါတီပွဲများ ပေးခြင်း၊ နာမည်ကျော် ပန်းချီဆရာကြီးများ၏ တန်ဖိုးကြီး ပန်းချီကားချပ်များကို ပိုင်ဆိုင်လာခြင်း၊ ရုပ်ရှင်ထုတ်လုပ်သည့် လုပ်ငန်းခုကို ထူထောင်လာနိုင်သည့် ဘဝရောက်လာစေရန် ပိုက်ဆံများ မည်သည့်နေရာက ရလာသနည်းဟုလည်း မေးခွန်းထုတ်ခြင်း ခံနေရသည်။

သေချာသည်ကတော့ 1MDB မှ ရန်ပုံငွေများသည် ယခင်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘဏ် ငွေစာရင်းထဲသို့ ဒေါ်လာ ၆၈၁ သန်းခန့် ရောက်သွားပြီဖြစ်သည်။ ထိုငွေများဖြင့် သူ့ဇနီး ရိုစ်မာသည် ဘီလီယံကြွယ် သူဌေးမကြီး တစ်ယောက်ကဲ့သို့ သုံးဖြုန်းနိုင်သည် ဆိုသောအချက်ကလည်း မငြင်းနိုင်အောင်ဖြစ်သည်။

နာဂျစ်အရာကျပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် သူတို့လင်မယားပိုင်ဆိုင်သည့် အိမ်များ တိုက်ခန်းများကို ဝင်စီးရာတွင်ပင် လည်ဆွဲပေါင်း ၁၄၀၀၊ လက်ကိုင် အိတ်ပေါင်း ၅၆၇ လုံး၊ နာရီပေါင်း ၄၂၃ လုံး၊ လက်စွပ်ပေါင်း ၂၂၀၀ ကွင်း၊ ရင်ထိုးပေါင်း ၁၆၀၀ နှင့် သရဖူလို ခေါင်းဆောင်းမျိုး ၁၄ ခုကို သိမ်းဆည်းရမိခဲ့သည်။ ထိုပစ္စည်းအားလုံးကို တန်ကြေးသင့်ကြည့်လျှင်ပင် ဒေါ်လာ ၂၇၃ သန်းခန့်ရှိမည်ထင်သည်။

နာဂျစ်ကို ဝန်ကြီးချုပ်ရာထူး ပြုတ်သွားပြီးကတည်းက နှစ်ကြိမ်ပြန်ပြီး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ငွေကြေးခဝါချမှု ပေါင်း ၃၀ ကျော်ကို ရင်ဆိုင်ရဖွယ်လည်းရှိသည်။ ငွေကြေးခဝါချမှု၊ လာဘ်ပေး လာဘ်ယူ လုပ်မှုတို့ဖြင့် တရားစွဲထားပြီး ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျဖွယ်ရာရှိသည်။ တရားရုံးကလည်း စွဲဆိုထားသော ပြစ်မှုများနှင့်ပတ်သက်ပြီး နာဂျစ်တို့လင်မယားနှစ်ဦးအပေါ် အပြစ်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၂၄ ရက်နေ့က နာဂျစ်အပေါ် ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တရားမဝင် ရယူထားသည်ဆိုကာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်သည်။ မလေးရှားနိုင်ငံတွင် အကြီးမားဆုံး အကျင့်ပျက်ခြစားပြီး ပြည်သူ့ဘဏ္ဍာကို ခိုးယူခဲ့ မှုကြီးအဖြစ် သမိုင်းတွင်သွားသည်။ နာဂျစ်သည် အာဏာကိုလက်လွှတ်လိုက်ရပြီး စွဲဆိုခြင်းခံထားရသည့် အမှုပေါင်းမှာ တိတိကျကျဆိုရလျှင် ၃၈ မှုရှိသည်။ အားလုံးသည် 1MDB လုပ်ငန်းနှင့် ပတ်သက်နေသည်။

1MDB လုပ်ငန်းစုကြီးကို နာဂျစ်သည် ၂၀၀၉ ခုနှစ်က စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းကြီးလည်းဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ထိုလုပ်ငန်းကြီးကတစ်ဆင့် အကျိုးအမြတ်များ ရရှိခံစားနေခဲ့ကြရသည်ဟုလည်းဆိုသည်။ သို့သော် နာဂျစ်က 1MDB လုပ်ငန်းနှင့်ပတ်သက်ပြီး မိမိဘာမှ အမှားမလုပ်ခဲ့ဟု နောက်ဆုံးအထိ ငြင်းဆိုနေသည်။

၂၀၁၄ ခုနှစ်ကတည်းက 1MDB လုပ်ငန်းတွင် ဒေါ်လာ ၁၁ ဘီလီယံခန့် ယိုပေါက်ကြီးတစ်ခုရှိနေကြောင်း၊ ပြည်သူ့ဘဏ္ဍာများ အလွဲသုံးစားလုပ်ခြင်း ခံနေရကြောင်း သတင်းတွေထွက်လာသည်။ ထိုသတင်းက ၂၀၁၅ ခုနှစ်တွင် ပိုကြီးလာသည်။ Wall Street Journal က နာဂျစ်သည် 1MDB မှ အနည်းဆုံး ဒေါ်လာ ၆၈၁ သန်းခန့် သူ့ကိုယ်ပိုင်ဘဏ်ငွေစာရင်းထဲသို့ လွှဲပြောင်းထည့်ပြီးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

1MDB ဆိုသည်မှာ 1 Malaysia Development  Berhad ၏ အတိုကောက်ဖြစ်သည်။ မလေးရှားနိုင်ငံ အစိုးရ၏ ဖွံ့ဖြိုးရေးအတွက် ထူထောင်ထားသော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ထိုကုမ္ပဏီကို မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာနပိုင်အဖြစ် ထားရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့နိုင်ငံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေထူထောင်ထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ 1MDB အနေနှင့် စွမ်းအင်၊ အိုးအိမ်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန်ဆိုကာ ထူထောင်ထားသည့် အစိုးရပိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်ကတည်းက ထိုအဖွဲ့ကြီးတွင် ငွေကြေးခဝါချမှုများကို လုပ်ဆောင်ချက်များ တွေ့ရှိရကြောင်း အမေရိကန်ပြည်ထောင်စု United States Depart ment of Justice (DOJ) အဖွဲ့က စတင်ဖော်ထုတ်ခဲ့သည်။ 1MDB ကုမ္ပဏီထံမှ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ အခိုးခံနေရပြီဖြစ်ကြောင်း DOJ ကစတင် သတိပေးခဲ့သည်။ 1MDB အမှုနှင့်ပတ်သက်ပြီး ဆက်စပ်စစ်ဆေးနေသော နိုင်ငံ ၆ နိုင်ငံခန့်ရှိသည်။ ယင်းတို့အထဲတွင် ဆွစ်ဇာလန်နှင့် စင်ကာပူနိုင်ငံတို့လည်း ပါဝင်ခဲ့သည်။ ထိုအမှုနှင့် ပတ်သက်သည်ဆိုကာ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူပြသည့်အထဲတွင် စင်ကာပူနိုင်ငံက ပထမဆုံးဖြစ်သည်။

နာဂျစ်၏ ဇနီးဖြစ်သူ ရို့စ်မာသည် 1MDB အမှုတွင် အဓိကကျသူတစ်ဦးဖြစ်လာသည်။ သူ့ကိုဖမ်းဆီးလိုက်ပြီးကတည်းက ဖိလစ်ပိုင်သမ္မတဟောင်း မားကို့စ်၏ ဇနီးဖြစ်သူ အီမယ်ဒါနှင့် နှိုင်းယှဉ်ဖော်ပြ လာကြသည်။ ရို့စ်မာနှင့် အီမယ်ဒါတို့ နှစ်ယောက်စလုံး ပစ္စည်းအကောင်းကြိုက်ပုံ၊ စုဆောင်းပုံ၊ သုံးဖြုန်းပုံများ တူညီနေကြသောကြောင့်ဖြစ်သည်။ မလေးရှားနိုင်ငံ၏ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရို့စ်မာကို ဖမ်းဆီးလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ငွေမည်းခဝါချမှုအပြင် တရားမဝင် လုပ်ငန်းများ လုပ်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။ သူ့ခင်ပွန်းဖြစ်သူ နာဂျစ် အရာကျခဲ့ရခြင်းမှာ ဇနီးသည်၏ အကျင့်ပျက် လာဘ်စားမှုများနှင့် ပတ်သက်နေကြောင်းလည်း ထောက်ပြဝေဖန်မှုများ ပြုလုပ်လာကြသည်။ ဒေါ်လာ တစ်သိန်းတန် လက်ကိုင်အိတ်လောက်ကိုမှ ကိုင်ချင်သော အမျိုးသမီးတစ်ယောက်သည် မည်သည့်နည်းနှင့်မှ မရိုးသားကြောင်းအပြင် သူတို့အိမ်ကို ဝင်ရောက်စီးနင်းစဉ်က လက်ကိုင်အိတ်ပေါင်း ၅၆၇ လုံးကို သိမ်းဆည်းရမိသည်ဆိုခြင်းကပင် နာဂျစ်အပေါ် သိက္ခာကျစေသည့် ပြောတိုင်း မယုံစရာ ခေါင်းဆောင်ဟောင်း တစ်ယောက်ဘဝ ရောက်သွားစေခဲ့သည်။

နာဂျစ်က အရှက်ပြေအဖြစ် မိမိတို့အိမ်တွင် သိမ်းဆည်းရမိသည့် အချို့ဘူးပင် မဖွင့်ရသေးသော ပစ္စည်းများမှာ ဇနီးနှင့် သမီးဖြစ်သူကို လက်ဆောင်ပေးထားခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် Wall Street Journal ကပင် နာဂျစ် ဘဏ်ငွေစာရင်းထဲ လွှဲပြောင်းရောက်ရှိသည့် ငွေများအကြောင်း ဖော်ပြလာသဖြင့် ပြည်သူတွေမှာ အယုံအကြည် လုံးဝ ကင်းမဲ့သွားကြသည်။

နာဂျစ်အမှုကို တရားသူကြီးချုပ် တော်မီ သောမတ်စ်က ကိုင်တွယ်ပြီး စစ်ဆေးအရေးယူလျက်ရှိသည်။ သောမတ်စ်နှင့် လက်ရှိဝန်ကြီးချုပ် မဟာသီယာတို့က အမှုကိုကိုင်တွယ်စစ်ဆေးရာတွင် သတိထားနေရကြောင်း၊ အဘယ်ကြောင့်ဆိုသော် နာဂျစ်သည် ၂၀၀၉ ခုနှစ်ကတည်းက 1MDB မှ ငွေများကို ဆွစ်ဇာလန်၊ စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုများသို့ တတိတိဖြင့် ပညာသားပါပါ လွှဲပြောင်းပေးပို့ခဲ့သောကြောင့်ဖြစ်ကြောင်း ရှင်းပြကြသည်။

ရို့စ်မာကလည်း ၂၀၁၃ ခုနှစ်ကတည်းက နိုင်ငံတော် ဝန်ကြီးချုပ်၏ ဇနီးတစ်ဦးအနေနှင့် လက်ဆောင်ပစ္စည်းများကို လက်ခံရရှိခဲ့ကြောင်း ဝန်ခံပြီးဖြစ်သည်။ သူ့ထံက သိမ်းဆည်းရမိသည့် ရွှေငွေ၊ ကျောက်နှင့် နာရီ၊ လက်ကိုင်အိတ်တို့သည် လက်ဆောင်ရခြင်းဖြစ်သည်။ သူ့ထံမှ ငွေများကလည်း သီချင်းအခွေ ထုတ်ထားခြင်းကြောင့် ရသည့်ငွေဖြစ်ကြောင်း ငြင်းချက်ထုတ်သည်။ သီချင်းအခွေထုတ်ပြီး မည်သူ့ဩဇာဖြင့် ရောင်းတမ်းဝင် စာရင်းဖြစ်အောင် လုပ်ခဲ့သည်ကိုတော့ သူကဖုံးကွယ်ထားခဲ့သည်။ နာဂျစ်၏ ဇနီးဖြစ်သူကို စွဲဆိုထားသည့် အမှုပေါင်းက ၁၇ မှုဖြစ်ပြီး အားလုံး ကျူးလွန်အပြစ်ရှိကြောင်း တရားရုံးက ကြေညာပြီးဖြစ်သလို လာမည့် ဖေဖော်ဝါရီလတွင် နာဂျစ်အမှုများကို အပြီးသတ်စစ်ဆေးရန် အမိန့်ထုတ်ထားသည်။

နာဂျစ်အရာမကျမီ သုံးပတ်လောက်အလိုမှ ပန်းရောင်စိန်ကြီးတစ်လုံးကို ဒေါ်လာ ၂၇ ဒသမ ၃ သန်းဖြင့်ဝယ်ပြီး ရို့စ်မာကိုပေးခဲ့သည်။ ထိုလည်ဆွဲကြီးကို ဝယ်သည့်နေရာကို စစ်ဆေးသည့်အခါ ရေနံကုမ္ပဏီက တစ်ဆင့်ငွေများ ထုတ်သုံးထားသည်ကို တွေ့ရသည်။ ရေနံကုမ္ပဏီကို ပိုင်ဆိုင်သူမှာ မလေးရှားနိုင်ငံမှ ထိပ်တန်း အရာရှိကြီးတစ်ဦးဟုသာ တွေ့ရသည်။ ထိုရေနံကုမ္ပဏီက တာဝန်ယူပြီး ငွေများလွှဲပြောင်းနေသည့်ကိစ္စကလည်း ၂၀၁၂ ခုနှစ်အတွင်း ဒေါ်လာ သန်း ၆၀ ခန့်ရှိနေသည်။ ထိုငွေများလွှဲပြောင်းမှုတွင် US Motion Picture Company နှင့်လည်း ပတ်သက်နေသည်။ ထိုရုပ်ရှင်ကုမ္ပဏီနောက်ကို ခြေရာခံလိုက်သည့်အခါ ပိုင်ဆိုင်သူမှ နာဂျစ်၏ မယားပါသား ရီဇာ အဇစ်ဖြစ်နေကြောင်းတွေ့ရသည်။

“မလေးရှားပြည်သူများအနေနှင့် နာဂျစ်၏ ရိုးသားပါသည် အပြစ်မရှိဆိုသည့်စကားကို စဉ်းစားဆင်ခြင်သင့်ပါသည်။ သူ့ဇနီးအပါအဝင် သားသမီးများအားလုံး ကောင်းစားရေးအတွက် နာဂျစ် လုပ်ဆောင်ခဲ့သမျှသည် ပေါ်နေပါပြီ။ ထို့ကြောင့် သူ့အပေါ် အပြစ်မရှိဘဲ ရွေးကောက်ပွဲရှုံးခြင်းကြောင့် အပြစ်ဖို့သလို ဖြစ်နေပါသည်။ မိမိတွင် အပြစ်မရှိပါ”ဟု တွင်တွင်အော်နေသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အမှန်တကယ် ရိုးသားသော ဝန်ကြီးချုပ်ဟောင်းဖြစ်ပါသည်ဟု လက်ခံလိုက်ရမည်လောဟု မေးခွန်းထုတ်နေကြပါသည်။

(Ref: Malaysia Kini, South China Morning Post, The Straits Times, The Japan Times, The Guardian, The Star Online)